ရခိုင်ခေါင်းဆောင်များကို လုပ်ကြံရန်ကြိုးပမ်းမူ ရခိုင်အမျိုးသမီးများအစည်းအရုံးရှုတ်ချ

ပို့စ်တင်ချိန် - 2/09/2014 06:07:00 PM


( နိရဉ္စရာ- ၉ ဖေဖေါ်ဝါရီလ ၂၀၁၄) / မောင်အေး

လွန်ခဲ့သည့် ဗုဒ္ဓဟူးနေ့ညနေက မလေးရှားနိုင်ငံ ကွာလာလာမ်ပူရ်မြို့တွင် ရခိုင်ခေါင်းဆောင် နှစ်ဦးဖြစ်သည့် ရခိုင် ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဦးအေးသာအောင်နှင့် ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ ဥက္ကဌ ဒေါက်တာ အေးမောင်တို့ကို သေနတ်သမားတစုမှ လုပ်ကြံရန် ကြိုးစားပမ်းခဲ့မူ အပေါ် ရခိုင်အမျိုးသမီးများ အစည်းရုံး (RWU) မှ ရှုတ်ချ ကန့်ကွက်လိုက်သည်။

ရန်ကုန်မြို့ ဗဟန်းမြို့နယ် ရွှေဂုံတိုင်ရှိ ရွှေရသာ စားသောက်ဆိုင်တွင် ယနေ့ နံနက် ၉ နာရီမှ ၁၀ နာရီခွဲအထိ ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ရခိုင်အမျိုးသမီးများအစည်းအရုံးမှ ထိုသို့ ကန့်ကွက် ရှုတ်ချခဲ့ခြင်း ဖြစ်သည်။

“အခုလို ကျမတို့ရခိုင်ခေါင်းဆောင်တွေကို လုပ်ကြံတာကို ပြန်းထန်စွာ ရှုတ်ချပါတယ်။ ဒီလို ယုတ်မာမှုတွေကို ကျမတို့ အနေနဲ့ ရှုတ်ချတယ်ဆိုတဲ့အကြောင်းနဲ့ ရခိုင်ခေါင်းဆောင်တွေနဲ့ ရခိုင်ပြည်သူတွေ အားလုံး တစ်ညီတညွတ်တည်းရှိနေတယ်ဆိုတာကို ပြလိုတဲ့အတွက် အခုလို သတင်းစာရှင်းလင်းပွဲလုပ်ပြီး ရှုတ်ချရတာ ဖြစ်ပါတယ်”  တက်ရောက်လာသူ သတင်းသမားများအား အဖွဲ့၏ ဥက္ကဌ ဖြစ်သူ ဒေါ် စောမြရာဇာလင်းမှ ပြောဆိုသည်။

ယင်းပြင် ယခု သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ရခြင်းမှာ ရခိုင်ခေါင်းဆောင်များ အပါအ၀င် ရခိုင်ပြည်သူ တစ်ရပ်လုံးအနေဖြင့် လုံခြုံရေးမူ မရှိဘဲ ဖြစ်နေသည်ကို မြန်မာပြည်သူများ သတိထားမိအောင် မီးမောင်းထိုးပြလိုသည့် ရည်ရွယ်ချက်လည်း ပါဝင်သည်ဟု သူမက ဆိုသည်။

“ ကျွန်မတို့ဟာ မိမိတို့ပြည်နယ်မှာ အေးဆေးဆေးဆေး နေထိုင်ပါလျှက် လုံခြုံမူမဲ့နေပါတယ်။ အခု ပြည်ပမှာ ကျွန်မတို့ ခေါင်းဆောင်တွေကို  လုပ်ကြံဖို့ ကြိုးပမ်းတာကို ကြည့်ခြင်းအားဖြင့် ပြည်တွင်းမှာ ကျွန်မတို့ကို တိုက်ခိုက်နေတာကို အားမရသေးတဲ့ အတွက်  ပြည်ပမှာပါ ကျွန်မတို့ကို အကြမ်းဖက်တိုက်ခိုက်ဖို့ ကြိုးစားတာဖြစ်တယ်လို့ ပြောလိုပါတယ်။ ဒါကို မြန်မာပြည်သူ တစ်ရပ်လုံး သတိထားမိစေလိုပါတယ်” ဟု ဆိုသည်။

ယခုလက်ရှိအချိန်တွင်လည်း ရခိုင်ပြည်နယ် တည်ငြိမ်ရေး၊အေးချမ်းရေးနှင့် တိုးတက်ရေး လုပ်ငန်းများကို လုပ်ဆောင်နေ သည့် ရခိုင်ခေါင်းဆောင်များအတွက် လုံခြုံရေး စိုးရိမ်စရာ ရှိနေကြောင်းကိုလည်း သူမက ပြောဆိုသည်။

ယင်းပြင်သူမက  “ ကျမတို့ ရခိုင်ခေါင်းဆောင်တွေကို ပြည်ပမှာ လုပ်ကြံဖို့ကြိုးစားသလို ပြည်တွင်းမှာလည်း ရခိုင်အမျိုးသား၊ အမျိုးသမီးတွေ မကြာခဏ သတ်ဖြတ်ခံနေရတာတွေ ရှိတယ်။ ဒါတွေကို ကြည့်ခြင်းအားဖြင့် ကျမတို့ရခိုင်ပြည်မှာ အကြမ်းဖက်သမားတွေ ခိုးဝင်နေတယ်။ အကြမ်းဖက်လုပ်ရပ်တွေ တနေ့ထက်တနေ့များ လာတယ်ဆို တာကိုလည်း ကျမတို့ သတိထားလာမိတယ်။ ဒါကြောင့် ရခိုင်ပြည်နယ် တည်ငြိမ်းအေးချမ်းမှုကို မလုပ်နိုင်ဆိုရင် ရခိုင်ပြည်သာမက မြန်မာတစ်နိုင်ငံလုံးအတွက် တည်ငြိမ်ရေးကိုလည်း ထိခိုက်နိုင်တယ်လို့ကျမတို့ သုံးသပ် ထားပါတယ်” ဟု ဆိုသည်။

မလေးရှားနိုင်ငံတွင် ရခိုင်ခေါင်းဆောင်များကို လုပ်ကြံရန်ကြိုး စားမှုနှင့်ပတ်သတ်ပြီး ရခိုင်အမျိုးသမီးများအစည်းအရုံး RWU မှ ကြေငြာချက်တစ်စောင် ယနေ့ ထုတ်ပြန်သည်။

ကြေငြာချက်ထဲတွင် အချက် ၇ ချက်ဖော်ပြထားပြီး ရခိုင်ပါတီခေါင်းဆောင်များ မလေးရှားတွင် ပစ်ခတ် လုပ်ကြံခံရမှုဖြစ်စဉ်သည်လည်း ရခိုင်ပြည်ပဋိပက္ခများနှင့် ဆက်နွယ်မှုရှိနိုင်ကြောင်းနှင့် ပြည်တွင်း ပြည်ပ အစွန်းရောက် အကြမ်းဖက်သမားများနှင့်ချိတ်ဆက် ကြံစည်မှုရှိနိုင်ကြောင်း သုံးသပ်ဖော်ပြထားသည်။

ယခုကဲ့သို့ ရခိုင်လူမျိုးများ အပေါ် အကြမ်းဖက်မူများ ကျူးလွန်နေသော်လည်း နိုင်ငံတကာမှ ပြောင်းပြန်မြင်နေကြသဖြင့် လက်တွေ့ဖြစ်စဉ်များကို အမှန်အတိုင်းသိမြင်ရန် လိုအပ်ကြောင်း၊  မြန်မာအစိုးရအပါအ၀င် မြန်မာပြည်သူများနှင့် နိုင်ငံတကာမှလည်း ရခိုင်ပြည်နယ်တွင် ကျူးလွန်နေသော အကြမ်းဖက်လုပ်ရပ်များ အမြန်ဆုံး လုံးဝရှုတ်ငြိမ်းသွားအောင် ပူးပေါင်း လုပ်ဆောင်သင့်ကြောင့် ဒေါ်စောမြရာဇာလင်းက တိုက်တွန်း ပြောဆိုသွားသည်။

Narinjara နိရဉ္စရာ