ဆေးဘက်ဆိုင်ရာ တက္ကသိုလ်ကျောင်းသူ သေဆုံးမှု အမှုမှန်ပေါ်ပေါက်အောင် ဆောင်ရွက်မည်ဟုဆို

ပို့စ်တင်ချိန် - 2/05/2014 08:35:00 PM


ဇွန်သီတာ၊ ရန်ကုန်၊ ဖေဖော်ဝါရီ-၎

ဆေးဘက်ဆိုင်ရာ တက္ကသိုလ်ကျောင်းသူ မနော်မေသူသူဇော်
သေဆုံးမှုနှင့်ပတ်သက်ပြီး အမှုမှန်ပေါ်ပေါက်စေရန် ဆက်လက်
ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၈၈ မျိုးဆက် (ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း) မှ ဒေါ်မီးမီးက ပြောဆိုသည်။

သင်္ဃန်းကျွန်းမြို့နယ် သုမင်္ဂလာလမ်းရှိ ၈၈ မျိုးဆက် (ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း)ရုံး၌ ဖေဖော်ဝါရီ ၄ ရက် နံနက် ၁၀ နာရီက
ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ၎င်းက အထက်ပါအတိုင်း
ပြောဆိုခဲ့ခြင်းဖြစ်သည်။

' ဒီအမှုမှာ ရဲတပ်ဖွဲ့ရဲ့လုပ်ဆောင်ချက်က အရမ်းအားနည်းတယ်။
မြန်မာနိုင်ငံမှာ ထုတ်ပြန်ထားတဲ့ ဥပဒေတွေဟာ အမျိုးသမီးတွေအတွက် အကာအကွယ်မဲ့နေတယ်။ လူပျောက်လည်း တိုင်ထားတယ်။ အမျိုးသမီး အလောင်းလည်းတွေ့ထားတယ်။အထုပ်တွေထဲမှာလည်း ကျောင်းသား ကတ်တွေ၊ မှတ်ပုံတင်တွေ၊ အိမ်လိပ်စာတွေပါနေတယ်။ အဲဒါကို ရဲ တပ်ဖွဲ့က ကျောင်းကိုလည်း အကြောင်းမကြားဘူး၊ အိမ်ကိုလည်း အကြောင်းမကြားဘူး။ အဲဒါ ရဲတပ်ဖွဲ့တွေရဲ့ အားနည်းချက်တွေပဲ။
ဒီအမှုကို အမှုမှန်ပေါ်ပေါက်ဆောင်ဆက်ပြီးလုပ်ဆောင်သွားမှာပါ ' ဟု ၎င်းက ပြောဆိုသည်။

မနော်မေသူသူဇော် မသေဆုံးမီ ၂၀၁၃ ခုနှစ် ဧပြီ ၁၈ ရက်က ၁၉ ရက်တွင်
မှော်ဘီသို့ပြန်လာမည်ဟု မိဘများထံ ဆက်သွယ်အကြောင်းကြားခဲ့ပြီး ၁၉ ရက် ညနေပိုင်း၌ ရဲမင်းဦးဆိုသူက မေသူ၏ သူငယ်ချင်းဟုဆိုကာ အိမ်ပြန်ရန် ကား ပေါ်သို့ တင်ပေးလိုက်ပြီ ရွာထိပ်မှာသွား ကြိုပေးလိုက်ပါဟု ဖုန်းဖြင့်ဆက်သွယ်ခဲ့သည့်အတွက် သွားကြိုခဲ့ရာ လုံးဝ ရောက်မလာဘဲ
ပျောက်ဆုံးနေခဲ့ကြောင်း၊ ၂၀ ရက်နေ့ ရန်ကုန်သို့ရောက်ရှိခဲ့ပြီး စုံစမ်းခဲ့ ရာတွင် ၁၉ ရက်နေ့ နံနက် ၁၁ နာရီက မမေသူ၏ ရည်းစားဆိုသူက လာရောက် ခေါ်သွားခဲ့သည်ဟု သိရသဖြင့် ကောင်လေးအိမ်သို့ သွားရောက်ခဲ့ရာ၌ ကားပေါ်တင်ပေးလိုက်ကြောင်း။ မသွားခင်မှာ
လျှောက်လည်ခဲ့သည်ဟုသာ သိရှိခဲ့ရကြောင်း မနော်မေသူသူဇော်၏
မိခင်ဖြစ်သူ ဒေါ်နော်မယ်စေးက ပြောဆိုသည်။

ဧပြီ ၁၉ ရက်က မရမ်းကုန်းရဲစခန်းသို့ လူပျောက်တိုင် ထားခဲ့ရာ အခြားရဲစခန်းများကိုပါ ချိတ်ဆက်ထားမည်ဟု ဖြေကြားခဲ့သော်လည်း ၂၀ ရက်နေ့တွင် အင်းစိန်ရဲစခန်းမှ အမျိုးသမီးအလောင်းရရှိထားပြီး လှိုင်သာယာရဲစခန်း၌ မေသူ၏ အထုပ်များ၊ ကျောင်းသားကတ်နှင့် မှတ်ပုံတင်ပါ ပိုက်ဆံအိတ် တို့ကိုရရှိထားခဲ့သော်လည်း ရဲတပ်ဖွဲ့ဝင်များက အကြောင်းကြားခြင်းမရှိဘဲ ငါးရက်မြောက်နေ့မှ သိရှိခဲ့ရကြောင်း၊ ၂၁ ရက်နေ့တွင် မေသူ၏ ရည်းစားအိမ်မှ မေသူဝယ်ထားသည့်
မုန့်လက်ဆောင်ပစ္စည်းများရရှိခဲ့ကြောင်း၊ မေသူ၏ ရုပ်အလောင်းကို အင်းစိန်ဆေးရုံ၌ တွေ့ရှိခဲ့ရပြီး ဆရာဝန်က အဆုတ်ထဲရေ၀င်နေတယ်။
ရေနစ်သေဆုံးတယ်ဟု ပြောဆိုခဲ့ကြောင်း၊ စက်တင်ဘာ ၂၆ ရက်တွင် အင်းစိန်မြို့နယ်တရားရုံး မှ မနော်မေသူသူဇော်အား အမှုအမှတ် ၁၁၂၊ သေမှုသေခင်း ပုဒ်မဖြင့် အမိန့်ချခဲ့ရာ အမှုဆုံးဖြတ်ချက်မမှန်ဟု သုံးသပ်ပြီး ၂၀၁၄ ခုနှစ် ဇန်န၀ါရီ ၂၀ ရက်တွင် ခရိုင်ရုံးသို့ ပြင်ဆင်မှု အယူခံတက်ခဲ့သော်လည်း စစ်ဆေးမေးမြန်းခြင်းမရှိဘဲ ခရိုင်တရားရုံး မှ သေမှုသေခင်းပုဒ်မဖြင့် အမိန့်ချခဲ့ကြောင်း ၎င်းက ဆက် လက်ပြောဆိုသည်။

' အလောင်းတွေ့စဉ် ရပ်ကွက်က လူတွေက ဓာတ်ပုံရိုက် ထားတာတွေကို တစ်ဆင့်တစ်ဆင့်ရတော့ မေသူမှာ ဒဏ်ရာတွေ့ရတော့ တရားရုံးကို
ပြန်သွားခဲ့တယ်။ ဒါပေမဲ့ နောက်ကျလို့တဲ့ အမှုကို လက်မခံဘူး။
ကောင်လေးက အင်းစိန်ရွာမမှာ နေတယ်။ ဒါတွေက ရဲတပ်ဖွဲ့ရဲ့ လုပ်ဆောင်မှု အားနည်းလို့ပဲ။ အမှုမှန်ပေါ်ဖို့ ဆက်ပြီးလုပ်ဆောင်သွားမှာပါ ' ဟု ၎င်းက ပြောဆိုသည်။

မနော်မေသူသူဇော် သေဆုံးမှုနှင့် ပတ်သက်ပြီး သက်ဆိုင်ရာတရားရုံးက လျစ်လျူရှုထားမှုများရှိနေပြီးအမှုမှန် ပေါ်ပေါက်စေရန်အတွက် ကျောင်းသားသမဂ္ဂများက ကျေနပ်သည့်အဖြေထွက်သည်အထိ မဏ္ဍိုင်ဥပဒေအဖွဲ့နှင့် ပူးပေါင်းကာ ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း၊ အမှုနှင့် ပတ်သက်၍ ပြည်သူလူထုနှင့် ကျောင်းသား၊ ကျောင်းသူများ အားလုံးသိရှိစေရန် ပွင့်လင်းစွာ အမှုမှန်ကို ချပြစေချင်ကြောင်း
နိုင်ငံခြားဘာသာ တက္ကသိုလ်ကျောင်းသားသမဂ္ဂမှ မငြိမ်းချမ်းဝေက
ပြောဆိုသည်။

စံတော်ချိန် နေ့စဉ်သတင်းစာ