အောင်မြင်မှုကို ရွေးချယ်ယူလို့ ရပါသလား

ပို့စ်တင်ချိန် - 2/16/2014 08:28:00 PM




ကျွန်တော်ဟာ အောင်မြင်တဲ့ လူတစ်ယောက် ဖြစ်ချင် ပါတယ်။ သင်လဲ အောင်မြင်ချင် မှာပါပဲ။ တကယ်တော့ ဒီလောကကြီး မှာ မအောင်မြင် ချင်တဲ့သူ မရှိပါဘူး။ ခက်တာက လူတိုင်းဟာ အောင်မြင်မှု မရရှိ ကြတာကို တွေ့ရ ပါတယ်။ ဒီလို အချိန်မှာ ကံကိုပဲ ယိုးမယ်ဖွဲ့လို့ နေကြသူတွေ ရှိသလို လမ်းကြောင်း ပြောင်းပြီး ကြိုးစား ကြလို့ အောင်မြင်မှု ရဲ့ အရသာကို တ၀ကြီး ခံစား နေရသူတွေလည်း ရှိနေပါတယ်။

အောင်မြင်မှု ကို ရွေးယူလို့ မရပါဘူး။ သင့် မိသားစု အသိုင်းအ၀ိုင်း ၊ ပညာ အရည်အချင်း ၊ ငွေကြေး အင်အား ၊ လုံ့လ အားစိုက်ထုတ်မှု ၊ ဖြတ်ထိုးဉာဏ် ကောင်းမွန်မှု ဆုံးဖြတ်နိုင်မှု စတဲ့ မြောက်မြား လှစွာသော အရာတွေပေါ် မူတည် နေပါတယ်။ ဒါတွေကို လွှမ်းခြုံ ဆောင်ကြဉ်း ပေးနိုင်တာ ကတော့ တန်ဖိုးပါပဲ။ သင်ဟာ တန်ဖိုးရှိတဲ့ လူတစ်ယောက် ဟုတ်ပါသလား။

အောင်မြင်မှုကို ရွေးချယ်ယူလို့ မရပေမယ့် သင့် တန်ဖိုးကိုတော့ ရွေးချယ် တည်ဆောက်လို့ ရပါတယ်။ မိသားစု အသိုင်းအဝိုင်း ကြီးပေမယ့် စိတ်ဓာတ် အောက်တန်းကျ နေမယ် ဆိုရင် တန်ဖိုးကင်းမဲ့ သွားပါ လိမ့်မယ်။ အသိုင်းအဝိုင်း အင်အား မတောင့်တင်း ပေမယ့် ကောင်းမွန်စွာ ကျင့်ကြံ နေထိုင်တဲ့ သူဟာ တန်ဖိုး တက်လာ ပါလိမ့်မယ်။

တန်ဖိုး တက်လာတာနဲ့ အတူ သင့် အသိုင်းအဝိုင်း လည်း တဖြည်းဖြည်း ပြောင်းလဲ လာမှာပါ။ ဒီတန်ဖိုး တက်ဖို့က သင့် တိုးတက် လိုစိတ်ပေါ်မှာ လုံးလုံးလျားလျား မူတည်နေ ပါတယ်။ သုံးဘီး အငှားယာဉ် မောင်းတစ်ဦးဟာ တိုးတက် လိုစိတ် မရှိဘူးဆိုရင် သုံးဘီးသမား ဘဝနဲ့ပဲ အဆုံးသတ် သွားနိုင် ပါတယ်။ သုံးဘီး အငှားမောင်းရင်း ယင်းသုံးဘီး ပိုင်လာ သူတွေ၊ သုံးဘီး တစ်စီးကနေ နှစ်စီး ဖြစ်လာသူတွေ၊ အဲဒီကနေ သုံးဘီး အမြောက်အမြား ပိုင်ဆိုင်လာပြီး အခြား စီးပွားများကို တွဲဖက် လုပ်ကိုင် ရာကနေ လူချမ်းသာကြီး ဖြစ်လာသူ တွေလည်း ရှိနေပါတယ်။ သင့်တန်ဖိုး ကို ထိန်းသိမ်းပါ။ တိုးတက် ကြီးပွား လိုစိတ်နဲ့ လုံ့လ အားစိုက် ထုတ်ပြီး အလုပ်လုပ်ပါ။

တန်ဖိုးရှိတဲ့ သင်ဟာ တိုးတက် ကြီးပွား လိုစိတ်နဲ့ လုံ့လ အားစိုက် ထုတ်ပြီး နေ့မအား ညမအား ကြိုးစား နေပေမယ့်လည်း တိုးတက်သင့် သလောက် မတိုးတက်ဘူး။ အောင်မြင်သင့် သလောက် မအောင်မြင် ဘူးဆိုရင် သင့်ကို သင် ပြန်လည် ဆန်းစစ် ရပါမယ်။ သင့် ရွေးချယ် လိုက်တဲ့ လုပ်ငန်း အမျိုးအစား မှားယွင်း နေတာ ဖြစ်နိုင် ပါတယ်။

သို့သော် လူတွေမှာ ကိုယ်စီ ကိုယ်င အစွဲလေးတွေ ရှိပါတယ်။ မှားနေမှန်း သိသိနဲ့ ပြန်မပြင်ချင် တော့တာတွေ ရှိနေတတ် ပါတယ်။ မိဘ လက်ငုတ် လက်ရင်း ဖြစ်နေလို့ ဖြစ်စေ၊ ဝါသနာပါရာ လုပ်ငန်းဖြစ် နေလို့ ဖြစ်စေ၊ သူငယ်ချင်း မိတ်ဆွေ တွေကို မစွန့်ခွာ နိုင်လို့ ဖြစ်စေ၊ တိုးတက် ကြီးပွားမှု နှေးကွေးနေတဲ့ အလုပ် တစ်ခုကို ကိုယ်ရော စိတ်ပါ နစ်မြှုပ်ပြီး လုပ်ကိုင် နေတတ်ကြ တာဟာ ကိုယ့်အတွက် တော့ကောင်း ပါတယ်။ ဘဝအတွက် ဆိုရင်တော့ ပြုပြင်ရ ပါလိမ့်မယ်။

ပြုပြင်ရမှာက သိပ် များများစားစား မရှိပါဘူး။ သင် လိုချင်တဲ့ အောင်မြင်မှု အတွက် ပေးဆပ်မှု ပြုလုပ်ရတယ် ဆိုတာကို လက်ခံဖို့ပါပဲ။ အဆိုတော် သိပ်ဖြစ်ချင် ခဲ့တဲ့ လူငယ် တစ်ဦးဟာ အောင်မြင်တဲ့ ပညာရေး လုပ်ငန်းရှင် တစ်ဦး ဖြစ်သွား နိုင်ပါတယ်။ ဘောလုံးသမား သိပ်ဖြစ်ချင် ခဲ့တဲ့ လူငယ် တစ်ဦးဟာ ထိပ်တန်း စီးပွားရေး သမားတစ်ဦး ဖြစ်သွားနိုင် ပါတယ်။ စာရေးဆရာ သိပ်ဖြစ်ချင် ခဲ့တဲ့ လူငယ် တစ်ဦးဟာ အစိုးရအဖွဲ့ မှာ ထိပ်တန်း အရာရှိ တစ်ဦးဖြစ် သွားနိုင် ပါတယ်။

အဓိက ကတော့ မိမိရဲ့ အစွဲကို ချွတ်နိုင်ဖို့ ပါပဲ။ ဖော်ပြခဲ့ ပြီးတဲ့ အတိုင်း အောင်မြင်မှုကို ရွေးချယ် ယူလို့ မရပါဘူး။ မိမိနဲ့ ကိုက်ညီတဲ့ လုပ်ငန်းခွင်မှာ အောင်မြင်ရ စမြဲပါ။ ဒီ အောင်မြင်မှုနဲ့ အတူ တွဲပါလာ တတ်တာ ကတော့ အခွင့်အရေး နဲ့ တန်ဖိုးပါပဲ။ အခွင့်အရေး နောက်ကို လိုက်မိ ရင်တော့ အမှားများ တတ်ပါတယ်။ တန်ဖိုးကို ထိန်းသိမ်းမယ့် အမြင်ရှိ သူတွေက ဆတက် ထမ်းပိုး တိုးတက် ကြီးပွားလေ့ ရှိပါတယ်။

အောင်မြင်မှုကို ထိန်းသိမ်း ထားနိုင်ဖို့ သင်ဟာ ချစ်ခင် နှစ်သက်ဖွယ် ကောင်းသူ ဖြစ်ဖို့ လိုအပ် ပါတယ်။ ခင်မင်ဖွယ် ပြောဆိုပြုမူ တွေးခေါ်ရ ပါတယ်။ လေးစား လောက်တဲ့ အပြုအမူ၊ အပြောအဆို၊ အကျင့်အကြံ တွေနဲ့၊ သင့်အောင်မြင် မှုနဲ့ ကိုက်ညီ တဲ့ ဘဝ အဆင့်အတန်း တစ်ခုကို တည်ဆောက် ရပါမယ်။

တည်ငြိမ်တဲ့ ဘဝ အဆင့်အတန်း တစ်ခုကို ရရှိ သွားပြီဆိုရင် သင်ငယ်ငယ်က ဖြစ်ချင်ခဲ့ တာတွေကို တစ်ကျော့ပြန် ကြိုးပမ်းယူလို့ ရပါပြီ။ ဒါပေမဲ့ ဒီအချိန်မှာ သင့်အမြင်ဟာ ပြောင်းလဲ သွားပါပြီ။ သင် တစ်ယောက် တည်း အဆိုတော် မဖြစ်ချင် တော့ပါဘူး။ အဆိုတော် ဖြစ်ချင်သူ တွေကို သင် မြေတောင် မြှောက်ပေး ချင်ပါပြီ။ သင် တစ်ယောက်တည်း ဘောလုံးသမား မဖြစ်ချင် တော့ပါဘူး။ မျိုးဆက်သစ် ဘောလုံးသမား တွေကို သင် ထောက်ပံ့ အားပေး ချင်လာပါပြီ။ သင် တစ်ယောက်တည်း စာရေးဆရာ မဖြစ်ချင် တော့ပါဘူး။ စာပေ ဝါသနာရှင် များအသင်း တည်ထောင်ဖို့ သင့်မှာ အကြံရှိ နေမှာပါ။

ဒီလို အဆင့်အတန်း မြင့်မားတဲ့ အောင်မြင်သူ တစ်ဦးဖြစ်ဖို့ သင်လုပ် ရမှာ (၃)ခု နဲ့ နှလုံးသွင်း ရမှာ (၁)ခု ပဲရှိပါတယ်။ ပေးဆပ် ရပါမယ်။ တန်ဖိုးကို ထိန်းသိမ်း ရပါမယ်။ ရှေ့ဆက် တက်လှမ်း ရပါမယ်။ အောင်မြင်မှုကို ရွေးယူလို့ မရပါဘူး။ သင့် တွေဝေနေတဲ့ စိတ်တွေကို ပေးဆပ်လိုက်ပါ။ အပျော်နောက် လိုက်နေ တာတွေကို ပေးဆပ် လိုက်ပါ။ အချိန်မတန် သေးဘူးလို့ ပြောနေတာတွေ ကို ပေးဆပ်လိုက်ပါ။

သင့်ခန္ဓာ ကိုယ်တန်ဖိုးကို ထိန်းသိမ်းပါ။ ကျန်းမာရေး နဲ့ ညီညွတ် မျှတတာ ကိုပဲ သင့် ခန္ဓာကိုယ်ထဲ ဝင်ခွင့်ပြုပါ။ သင့် စိတ်တန်ဖိုးကို ထိန်းသိမ်းပါ။ အပြုသဘော ဆောင်တဲ့ ဘက်ကပဲ တွေးပါ။ သင့် ဉာဏ် တန်ဖိုးကို ထိန်းသိမ်းပါ။ အသိဉာဏ် မြင့်မားအောင် အစဉ် လေ့လာပါ။ သင့် မွေးနေ့ ရောက်တိုင်း ပြီးခဲ့တဲ့ တစ်နှစ်မှာ သင် ဘာတွေတိုးတက် ပြောင်းလဲခဲ့ သလဲဆိုတာကို ပြန်တွေးပါ။ ညအိပ်ရာ ဝင်တိုင်း သင့် တစ်နေ့တာ တိုးတက် ပြောင်းလဲမှုကို ဆင်ခြင်ပါ။ မနက်အိပ်ရာ နိုးတိုင်း ဒီနေ့အဖို့ ဘယ်ကဏ္ဍတွေ ကို တိုးတက်အောင် လုပ်မလဲဆိုတာ ကို အစီအစဉ် ရေးဆွဲ အကောင် အထည်ဖော်ပါ။ ရပ်မနေပါနဲ့။ နောက်ပြန် မဆုတ်ပါနဲ့။ ရှေ့ဆက် တက်လှမ်းပါ။

နိဂုံးချုပ် အားဖြင့် အောင်မြင်မှုကို ရွေးချယ်ယူလို့ မရဘူး ဆိုတာ ကို နှလုံးသွင်းပြီး ကိုယ်လုပ်ချင် တာတွေကို ပေးဆပ် လိုက်ပြီး ကိုယ်လုပ်သင့် တာကို အခုပဲ စပြီးလုပ် လိုက်ပါ။

စာဖတ်သူများ အားလုံး အောင်မြင်မှု အပေါင်းနှင့် ခညောင်း နိုင်ပါစေ။

မြ၀တီ