ကျေးငှက်နှင့် တောရိုင်းတိရစ္ဆာန် ဖမ်းဆီးရောင်းဝယ်မှု ထိရောက်စွာ ကြပ်မတ်မည်

ပို့စ်တင်ချိန် - 2/15/2014 06:45:00 PM


နေပြည်တော်၊ ဖေဖော်ဝါရီ ၁၄

မြန်မာနိုင်ငံအတွင်း နေထိုင် ကျက်စားနေသော ကျေးငှက်နှင့် တောရိုင်း တိရစ္ဆာန်များကို တရားမဝင် ဖမ်းဆီး ရောင်းဝယ်နေမှုများကို ယခင်ထက်ပိုမို ထိရောက်စွာ ကြပ်မတ်သွားမည် ဖြစ်ကြောင်း သစ်တောရေးရာ ဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဦးအေးမြင့်မောင်က ပြောကြားသည်။

တန်ခိုးကြီး ဘုရားများတွင် ငှက်လွှတ်ခြင်းများအပြင် ဖမ်းဆီး ရောင်းချနေကြသော ငှက်မျိုးစိတ်များ ထိန်းသိမ်းရေးအတွက် လင်းခေး မဲဆန္ဒနယ်မှ ဦးစိုင်းလှကျော်က ဖေဖော်ဝါရီလ ၁၄ ရက်နေ့တွင် ကျင်းပသော ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် မေးမြန်းမှုအပေါ် ၎င်းကယင်းသို့ ပြန်လည် ဖြေကြားခြင်း ဖြစ်သည်။

မြန်မာနိုင်ငံတွင် လုံးဝ ကာကွယ်ထားသည့် ငှက်မျိုးစိတ် ၅၀ မျိုး၊ သာမန် ကာကွယ်ထားသည့် မျိုးစိတ် ၄၃ မျိုးနှင့် ရာသီအလိုက် ကာကွယ်ထားသည့် မျိုးစိတ် ၁၃ မျိုးရှိပြီး တန်ခိုးကြီး ဘုရားများတွင် ကုသိုလ်ဖြစ် လွှတ်နေသော ငှက်မျိုးစိတ် များသည် မျိုးတုံး ပျောက်ကွယ်မည့် အခြေအနေ မရှိသောကြောင့် ခွင့်ပြုပေးထားခြင်း ဖြစ်ကြောင်း ၎င်းကပြောသည်။

ကန့်သတ်ထားသည့် တိရစ္ဆာန်များ ဖမ်းဆီး ရောင်းချနေသည့် လုပ်ငန်း လုပ်ကိုင်သူများကို အရေးယူမည့် အခြေအနေကိုမူ ထုတ်ဖော် ပြောကြားခြင်း မရှိပေ။

မြန်မာ့သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးအတွက် ၂၀၁၃ ခုနှစ်အတွင်း ဇီဝမျိုးစုံ၊ မျိုးကွဲ ထိန်းသိမ်းရေးကို တစ်နိုင်ငံလုံး အနေဖြင့် ၂၂၃၉ ကြိမ် ပညာပေး ဟောပြောပွဲများ ပြုလုပ်ခဲ့ကြောင်း ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

The Voice Weekly