ယူကရိန်း အဓိကရုဏ်း အနည်းဆုံး ၁၈ ဦး သေဆုံး

ပို့စ်တင်ချိန် - 2/20/2014 03:19:00 PM


ဓာတ်ပုံ – ရိုက်တာ

ယူကရိန်းနိုင်ငံ မြို့တော်မှာ အစိုးရဆန့်ကျင်တဲ့ ဆန္ဒပြသမားတွေနဲ့ အဓိကရုဏ်း နှိမ်နင်းရေး ရဲတပ်ဖွဲတွေ ထိပ်တိုက်တွေ့ပြီး ရဲ ၇ ယောက် အပါအ၀င် အနည်းဆုံး ၁၈ ဦး သေဆုံးသွားပါတယ်။

သမ္မတ ဗစ်တာ ယာနူကိုဗစ်ကို ဆန့်ကျင်တဲ့ ဆန္ဒပြသမားတွေနဲ့ ရဲတွေကြား နာရီနဲ့ ချီကြာတဲ့ အဓိကရုဏ်းဖြစ်ခဲ့ပြီး သွေးထွက်သံယို အများဆုံးနေ့အဖြစ် မှတ်တမ်းဝင်သွားပါတယ်။ သေနတ်ထိမှန်ပြီး သေဆုံးသူတွေ ရှိခဲ့သလို ဒဏ်ရာရထားတဲ့ တော်တော်များများလည်း စိုးရိမ်စရာအခြေအနေမှာ ရှိနေတုန်းပဲလို့ ရဲအဖွဲ့နဲ့ အတိုက်အခံတွေက ပြောပါတယ်။

ကီယက်မြို့ လွတ်လပ်ရေးရင်ပြင်ကနေ ဆန္ဒပြသမားတွေကို ဖယ်ပေးဖို့ ရာဇာသံ ပေးထားတဲ့အချိန် ကျော်လွန်သွားတဲ့ ဖေဖော်ဝါရီ ၁၈ ရက်နေ့ ညနေပိုင်းမှာ ရဲတွေက အတင်း ၀င်ရှင်းခဲ့တာ ဖြစ်ပါတယ်။

ဆန္ဒပြသမားတွေကလည်း ရေနံဆီပုံးတွေ၊ ဗျောက်အိုးတွေ၊ ကျောက်တုံးတွေနဲ့ ပစ်ပေါက်ခဲ့ကြပါတယ်။ ယူကရိန်းသမ္မတဟာ ရုရှဖိအားကို အလျှော့ပေးပြီး အီးယူနဲ့ ကုန်သွယ်ရေး စာချုပ် ချုပ်ဆိုမယ့် အစီအစဉ်ကို ကျောခိုင်းခဲ့တဲ့အချိန်ကစလို့ ယူကရိန်းနိုင်ငံတ၀ှမ်းမှာ ဆန္ဒပြပွဲတွေ ပေါ်ပေါက်နေတာ ၃ လ ရှိသွားပါပြီ။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၈ ရက်နေ့ ညပိုင်းကစခဲ့တဲ့ အဓိကရုဏ်းဟာ ဖေဖော်ဝါရီ ၁၉ ရက် ဒီနေ့မနက်ပိုင်းအထိ ဆက်ဖြစ်နေခဲ့ပြီး လွတ်လပ်ရေးရင်ပြင်အနီးက ဆန္ဒပြသမားတွေ စခန်း ချထားတဲ့ အလုပ်သမားသမဂ္ဂ အဆောက်အဦလည်း မီးလောင်ခဲ့ပါတယ်။ ဒီနေ့မှာတော့ ရဲအဖွဲ့က သပိတ်စခန်းရဲ့ ၃ ပုံ ၁ ပုံကို စီးထားလိုက်ပြီး ဆန္ဒပြသမားတွေက လည်း နောက်မဆုတ်ဘဲ ဆက်ရှိနေပါတယ်။

DVB Burmese