မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ) ၏သဘောထား ထုတ်ပြန်ချက် ၁/၂၀၁၄

ပို့စ်တင်ချိန် - 2/06/2014 01:34:00 PM




၂၀၁၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၄ ရက်၊ အင်္ဂါနေ့

၁။ ၂၀၁၄ ခုနှစ် ဇန်နဝါရီလ ၂၅ ရက်ထုတ် ယူနတီဂျာနယ်၊ စာမျက်နှာ ၂၃ နှင့် ၂၄ ပါ “ဗိုလ်ချုပ်မှူးကြီးဟောင်း၊ လက်ရှိ ကာ/ချုပ်နှင့် တရုတ်ပညာရှင်တို့၏ ပေါက်မြို့နယ်ရှိ လျှို့ဝှက် ဓာတုလက်နက်စက်ရုံ” ခေါင်းစဉ်ဖြင့် သတင်းဆောင်းပါး ရေးသားဖော်ပြမှုသည် နိုင်ငံတော် လျှို့ဝှက်ချက် အက်ဥပဒေကို ချိုးဖောက်သည်ဟု မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က ယူဆသဖြင့် ၎င်းဂျာနယ်မှ သတင်းထောက်လေးဦးနှင့် အမှုဆောင်အရာရှိချုပ် တစ်ဦးကို ဇန်နဝါရီ ၃၁ ရက်နှင့် ဖေဖော်ဝါရီ ၁ ရက်နေ့မှစ၍ ဖမ်းဆီး စစ်ဆေးနေကြောင်း သိရပါသည်။

၂။ မြန်မာနိုင်ငံ သတင်းမီဒီယာ လောကအတွင်း ဖော်ပြ၊ ရေးသား၊ ထုတ်လွှင့်ခဲ့သော အကြောင်းအရာများနှင့် ပတ်သက်၍ ကျင့်ဝတ်အပါအဝင် အခြားအကြောင်း ကိစ္စများဖြင့် မပြေလည်မှု၊ အငြင်းပွားမှုနှင့် ပြဿနာများ ဖြစ်ပွားလာပါက နှစ်ဖက်ကာယကံရှင် လူပုဂ္ဂိုလ် အဖွဲ့အစည်းများ အနေနှင့် မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ) ထံသို့ ဦးစွာ အသိပေး အကြောင်းကြားကာ ကောင်စီ၏ ကြားဝင် စေ့စပ်ညှိနှိုင်း ဖြေရှင်းပေးမှုကို ရယူကြရန် မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ) က မေတ္တာရပ်ခံ အသိပေး ထုတ်ပြန်ထားပြီး ဖြစ်ပါသည်။

၃။ မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ) က ထိုကဲ့သို့ မေတ္တာရပ်ခံ အသိပေး ထုတ်ပြန်ထားသော်လည်း ပြည်ထဲရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က ယူနတီဂျာနယ်မှ သတင်းထောက်များနှင့် အမှုဆောင် အရာရှိချုပ်တို့ကို သက်ဆိုင်ရာ ဂျာနယ်တိုက်သို့ သွားရောက်၍ တိုက်ရိုက် ဖမ်းဆီး ခေါ်ဆောင်သွားခြင်း ဖြစ်ပါသည်။

၎။ မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ) အနေနှင့်မူ မည်သည့်ဘက်က မှားသည်၊ မှန်သည်ဟူ၍ မှတ်ချက်ပေးခြင်းထက် ယင်းအခြေအနေကို အသွင်ကူးပြောင်း ကာလတွင် ဖြစ်တတ်သော ပြဿနာ တစ်ရပ်ဟု ရှုမြင်ကာ ထိုပြဿနာကို ကောင်စီက မည်သို့ ပြေလည်အောင် စေ့စပ် ညှိနှိုင်း ဖြေရှင်း ပေးနိုင်သနည်းဟူသော ရှုထောင့်မှ စဉ်းစားသုံးသပ်ပါသည်။

၅။ မြန်မာနိုင်ငံသည် နှစ်ပေါင်း ၅၀ ခန့် စနစ်တစ်ခုအောက်တွင် နေသား ကျလာခဲ့သောကြောင့် စနစ်သစ်တစ်ခုသို့ ကူးပြောင်းရာတွင် ထိုစနစ်သစ်နှင့် အံမဝင် အသားမကျသည်များ၊ စနစ်သစ်ကို စနစ်ဟောင်းမှ အမြင်ဟောင်းဖြင့် ကြည့်မြင် ဖြေရှင်းမှုများ၊ နယ်ပယ်တိုင်းတွင် စနစ်သစ်နှင့် လိုက်လျောညီထွေ မဖြစ်သည့် အရည်အချင်း လိုအပ်ချက်များ ရှိနေသေးရာ ထိုလိုအပ်ချက် များကြောင့် ဖြစ်ပေါ်လာသည့် ပြဿနာ အရပ်ရပ်ကို အချင်းချင်း အပြန်အလှန် နားလည်မှုရှိရှိ ဖေးမကူညီမှု၊ ပူးပေါင်း ဆောင်ရွက်မှုတို့ဖြင့် ငြိမ်းချမ်းစွာ ဖြေရှင်းကြရန် အရေးကြီးကြောင်း ကောင်စီက ယူဆပါသည်။

၆။ ယနေ့ ဖြစ်ပေါ်နေသော ပြဿနာများကို ရှုမြင်၊ သုံးသပ်၊ ဖြေရှင်းရာတွင် ပြဿနာ ဖြစ်ပေါ်သည့် ဘက်နှစ်ဖက်အကြား သည်းခံခွင့်လွှတ်မှု၊ နားလည်မှုတို့ဖြင့် မဖြေရှင်းဘဲ အပြစ်တင်လိုမှု၊ အရေးယူ အပြစ်ပေးလိုမှု စသည့်သဘောထားဖြင့် ဖြေရှင်းပါက နှစ်ဖက်အကြား ယုံကြည်မှု ပျက်ယွင်းကာ အပြန်အလှန် ပဋိပက္ခအသွင်မျိုး ဆောင်သွားနိုင်သည့်အပြင် ယနေ့ ပြည်သူလူထု အပါအဝင် အာဏာသုံးရပ်၊ မီဒီယာ၊ အရပ်ဘက် လူ့အဖွဲ့အစည်းများနှင့် တပ်မတော်တို့ တည်ဆောက် အကောင်အထည် ဖော်နေသော ဒီမိုကရေစီ အသွင်ကူးပြောင်းရေး လုပ်ငန်းစဉ်ကြီး တစ်ခုလုံးကိုပါ ထိခိုက်သွားနိုင်ပါသည်။

၇။ ယခုကဲ့သို့သော ကိစ္စရပ်များသည် သတင်းလွတ်လပ်ခွင့်ကို ကာကွယ်ပြီး စာနယ်ဇင်း ကျင့်ဝတ်ကို ထိန်းသိမ်းမြှင့်တင် ပေးနိုင်မည့် သတင်းမီဒီယာ ဥပဒေတစ်ရပ် မတည်ရှိသေးသည့်အတွက် ပေါ်ပေါက်နေရခြင်း ဖြစ်သည် ဟု ကောင်စီက အလေးအနက် ယုံကြည်ပါသဖြင့် အဆိုပါ ဥပဒေမျိုး အမြန်ဆုံး ပေါ်ပေါက်လာရေးအတွက် ပြည်ထောင်စု လွှတ်တော်က ဆောင်ရွက် ပေးပါရန်နှင့် ပြဿနာတိုင်းကို သေချာစွာ စဉ်းစား သုံးသပ်ပြီး ငြိမ်းချမ်းသော နည်းဖြင့် ဖြေရှင်းပါရန် မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ) က အကြံပြုအပ်ပါသည်။

၈။ ထို့အပြင် လွတ်လပ်သော သတင်းမီဒီယာ အဖွဲ့အစည်း များကလည်း မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ) အား ကြားဝင် ညှိနှိုင်း ဆောင်ရွက်ပေးပါရန် အကြောင်းကြားစာ ပေးပို့ လာပါသဖြင့် ကောင်စီက သက်ဆိုင်ရာ အာဏာပိုင် အဖွဲ့အစည်းများနှင့် တွေ့ဆုံညှိနှိုင်း ဆောင်ရွက် ပေးလိုပါသည်။

၉။ ယခုဖော်ပြပါ အမှုကိစ္စနှင့် ပတ်သက်၍ ဖွဲ့စည်းပုံ အခြေခံဥပဒေပါ နိုင်ငံသားတိုင်း၏ လွတ်လပ်မျှတစွာ တရားစီရင် ခံပိုင်ခွင့်အတိုင်း ကျင့်သုံး ဆောင်ရွက် ပေးပါရန်နှင့် အပြစ်မရှိပါက အမြန်ဆုံး ပြန်လွှတ်ပေးရန် အထူးမေတ္တာရပ်ခံ အပ်ပါသည်။

မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ)
The Voice Weekly