မန္တလေး ကင်ဆာရောဂါကုဌာန တစ်နှစ်လူနာဦးရေ လေးရာခန့်မြင့်တက်

ပို့စ်တင်ချိန် - 2/16/2014 01:11:00 PM


မန္တလေး၊ ဖေဖော်ဝါရီ ၁၄

မန္တလေး အထွေထွေရောဂါကု ဆေးရုံကြီး ကင်ဆာရောဂါကုဌာနသို့ တက်ရောက် ကုသနေကြသည့် ကင်ဆာဝေဒနာရှင်များ လျော့နည်း ကျဆင်းသွားခြင်း မရှိဘဲ တစ်နှစ်လျှင် လေးရာထက်မနည်း မြင့်တက်လာကြောင်း အဆိုပါ ကင်ဆာရောဂါကုဌာန အထူးကု တာဝန်ခံ ဒေါက်တာ ဒေါ်ခင်ချိုဝင်းက The Voice သို့ အတည် ပြုပြောကြားသည်။
“ကင်ဆာလူနာတွေ တစ်နှစ်ထက်တစ်နှစ် ပိုများလာလို့ ဓာတ်ရောင်ခြည် အသုံးလုံး တပ်ဆင်ပြီး ကုသပေးနေရတယ်။ ဆေးရုံရဲ့ မှတ်တမ်းတွေအရ ၂၀၁၁ ကနေ ၂၀၁၃ အထိ တစ်နှစ်ကို လူနာ လေးရာဝန်းကျင်လောက် မြင့်တက်လာတာကို တွေ့ရတယ်” ဟု ၎င်းကဆိုသည်။

မန္တလေး အထွေထွေရောဂါကု ဆေးရုံကြီး ကင်ဆာရောဂါကု ဌာနသို့ တစ်နှစ်လျှင် အနယ်နယ်အရပ်ရပ်မှ ရောက်ရှိလာသည့် ရောဂါဝေဒနာရှင် ဦးရေ သုံးထောင်မှ လေးထောင်ဦးကျော်ထိ ရှိနေပြီး အဆိုပါ ဝေဒနာရှင်များတွင် အမျိုးသားများမှာ လည်ချောင်း၊ အာခံတွင်းစသည့် မျက်နှာပြင် အစိတ်အပိုင်းများတွင် ကင်ဆာဖြစ်ပွားမှု အများဆုံး ဖြစ်ပြီး အမျိုးသမီးများတွင် ရင်သားနှင့် သားအိမ်ခေါင်း ကင်ဆာဖြစ်ပွားမှု အများဆုံး ဖြစ်ကြောင်း ကင်ဆာရောဂါကုဌာန လူနာမှတ်တမ်းများအရ သိရသည်။

“ကင်ဆာဝေဒနာ ဖြစ်ပွားသူတိုင်းကို ကုသမှု အဆင့်အလိုက် ဓာတ်ကင်ပေးရပါတယ်။ ဓာတ်ရောင်ခြည် သုံးပြီး ကင်ဆာဆဲလ်တွေကို ဖျက်ဆီးပစ်ရတဲ့ သဘောပါ။ တချို့က ဓာတ်ကင်ရပြီဆို အခြေအနေ မကောင်းတော့ဘူးလို့ ထင်တတ်ကြပါတယ်။ တကယ်တော့ ဓာတ်ကင်တယ်ဆိုတာ မီးကင်သလို မဟုတ်သလို နောက်ဆုံးအဆင့် ကုသမှုမျိုးလည်း မဟုတ်ပါဘူး” ဟု ဒေါက်တာခင်ချိုဝင်းက ရှင်းပြသည်။

မန္တလေး ကင်ဆာရောဂါကု ဌာနတွင် တက်ရောက် ကုသသူများမှာ ၂၀၀၂ ခုနှစ်တွင် ၁၄၄၀ ဦး ရှိသော်လည်း ၂၀၁၂ ခုနှစ်တွင် ၃၄၆၄ ဦးအထိ ရှိလာကြောင်း၊ ၂၀၁၃ ခုနှစ်တွင် ၄၀၇၄ ဦး ရှိသည်။ သို့သော် သေဆုံးသူ စာရင်းကိုမူ ထုတ်ပြန်ထားခြင်း မရှိပေ။

၂၀၁၃ ခုနှစ်တွင် ကမ္ဘာ့ ကျန်းမာရေးအဖွဲ့၏ သတ်မှတ်ချက်အရ ကမ္ဘာပေါ်တွင် ကင်ဆာရောဂါ ဖြစ်ပွားသူ နှစ်စဉ် ၁၀ သန်းကျော် ရှိနေပြီး ခြောက်သန်းကျော်မှာ သေဆုံးနေကြောင်း၊ ယင်း ၁၀ သန်းကျော်ထဲတွင် ဖွံ့ဖြိုးပြီး နိုင်ငံများတွင် ၄ ဒသမ ၇ သန်း ခန့်ရှိ၍ မဖွံ့ဖြိုးသေးသော နိုင်ငံတွင် ၅ ဒသမ ၅ သန်းခန့် ရှိသည်။

The Voice Weekly