သမီးကလေးရွာမှ ကျောင်းသားမရှိသော မိသားစုများ တစ်ပတ်အတွင်း ဖယ်ပေးရန် ဒုတိယအကြိမ် အကြောင်းကြား

ပို့စ်တင်ချိန် - 2/12/2014 05:59:00 PM


ရန်ကုန်၊ ဖေဖော်ဝါရီ ၁၁

ပဲခူးတိုင်းဒေသကြီး၊ အလိုင်နီဆည်အနီး အောင်သိဒ္ဓိဘုန်းတော်ကြီး ပညာသင်ကျောင်းတွင် ယာယီနေထိုင်သော သမီးကလေးကျေးရွာ နေထိုင်သူ မိသားစုများအနက် အခြေခံပညာ သင်ကြားမည့် ကျောင်းသားကျောင်းသူ မရှိသော အိမ်ထောင်စုပေါင်း ၅၆ စု၊ လူဦးရေ ၂၀၀ ကျော်ကို ဖေဖော်ဝါရီလ ၉ ရက်နေ့မှ စတင်ကာ တစ်ပတ်အတွင်း ဖယ်ရှားပေးရန် ပဲခူးမြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူးရုံးက ဒုတိယအကြိမ်မြောက် အကြောင်းကြားစာ ပေးပို့ထားကြောင်း အောင်သိဒ္ဓိ ကျောင်းတိုက် ဆရာတော် ဦးအဂ္ဂဓမ္မက မိန့်ကြားသည်။

ဖေဖော်ဝါရီလ ၄ ရက်နေ့ နံနက်ပိုင်းက သက်ဆိုင်ရာက အင်အားသုံးပြီး ဖယ်ရှားခဲ့သော လှည်းကူးမြို့နယ်ရှိ သမီးကလေး ကျေးရွာနေသည့် အိမ်ထောင်စုပေါင်း ၁၅၀ ခန့်၊ လူဦးရေ ၅၀၀ ကျော်မှာ ဖယ်ရှားခံရသောနေ့မှ စတင်ကာ အောင်သိဒ္ဓိ ဘုန်းတော်ကြီးကျောင်းတွင် ယာယီ ခိုလှုံ နေကြောင်း၊ ဖေဖော်ဝါရီ ၆ ရက်နေ့ မွန်းလွဲပိုင်းက သက်ဆိုင်ရာက ခိုလှုံနေထိုင်သူများကို ပဲခူးတိုင်းဒေသကြီးတွင်းမှ ထွက်ခွာပေးရန် အကြောင်းကြားခဲ့ပြီးနောက် ဖေဖော်ဝါရီလ ၉ ရက်နေ့က ဖယ်ရှားပေးရန် ဒုတိယအကြိမ်မြောက် အကြောင်းကြားစာ ပေးပို့ ခဲ့ကြောင်း အောင်သိဒ္ဓိကျောင်းတိုက် ဆရာတော်က ဆက်လက်မိန့်ကြားသည်။

“မြို့နယ် အုပ်ချုပ်ရေးအဖွဲ့က ကျောင်းလာပြီး ယာယီစခန်းမှာ နေသူတွေရဲ့ အိမ်ထောင်စု စာရင်းကောက်သွားတယ်။ သွားစရာ နေစရာမရှိလို့ ကျောင်းမှာလာပြီး ခိုကပ်နေတဲ့ တကယ်ဒုက္ခရောက်တဲ့ သူတွေမို့ နေစရာမရှိခင် သူတို့တွေကို မောင်းထုတ်မခံရအောင် မြို့နယ်အုပ်ချုပ်ရေးရုံးကို အသနားခံစာတင်ဖို့ ဒီရက်ပိုင်းတွင်း စီစဉ်နေတယ်” ဟု ၎င်းကမိန့်သည်။
၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေ၊ အခန်း(၈) ပုဒ်မ ၃၅၅ တွင် နိုင်ငံသူ နိုင်ငံသားများ၏ မူလအခွင့်အရေးနှင့် တာဝန်များ နိုင်ငံသားတိုင်းသည် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အတွင်း မည်သည့် အရပ်ဒေသ၌မဆို ဥပဒေနှင့်အညီ အခြေစိုက် နေထိုင်ခွင့် ရှိသည်ဟု ဖော်ပြထားသော်လည်း နေအိမ်များ ဖျက်သိမ်းခံရမှုကြောင့် ဘုန်းတော်ကြီးကျောင်းတွင် ယာယီခိုလှုံ နေထိုင်သူများကို ပဲခူးတိုင်းနှင့် ရန်ကုန်တိုင်းဒေသကြီးမှ သက်ဆိုင်ရာ အာဏာပိုင် များက မောင်းထုတ်နေခြင်းမှာ နိုင်ငံသား တစ်ယောက်၏ ရပိုင်ခွင့်များ ဆုံးရှုံးနေသည်ဟု ယူဆကြောင်း သမီးကလေး ကျေးရွာနေသူ ရပ်မိရပ်ဖတစ်ဦးက ပြောကြားသည်။

“သမီးကလေး ကျေးရွာဆိုတာ နဂိုက မရှိခဲ့ဘူး။ ၂၀၁၃ ခုနှစ်မှ တပ်မြေမှာ လာရောက် ကျူးကျော်ပြီး ရွာတည်ထားလို့ ဖျက်သိမ်းတာလို့ မီဒီယာတွေကို ပြောနေတဲ့ သက်ဆိုင်ရာလူကြီးတွေရဲ့ စကားက လုံးဝမှားယွင်းပါတယ်။ မြို့နယ်ရုံးမှာက မြေပုံစာရင်းထဲမှာ သမီးကလေးကျေးရွာ အမည်ရှိ သစ်တောမြေပုံ၊ ခ.ရ.က မြေပုံနဲ့ ၂၀၀၀ ပြည့်နှစ်က လဂွမ်းပြင် ရေလှောင်တမံ စီမံကိန်းရဲ့ ဆည်မြောင်း ကျောက်တိုင်မှာ မော်ကွန်းကမ္ပည်း ရေးထိုးထားတဲ့ စာမှာပါ သမီးကလေး ကျေးရွာဆိုတာ ရှိပြီးသား” ဟု သမီးကလေး ကျေးရွာမှ ဦးတင်မျိုးမြင့်က ပြောကြားသည်။

တပ်ပိုင်မြေအတွင်း ကျူးကျော်နေထိုင်သော အဆိုပါ သမီးကလေးကျေးရွာ ဖျက်သိမ်းခံရမှုကြောင့် ကလေးငယ်များ၊ သက်ကြီးရွယ်အိုများနှင့် သမီးကလေး ကျေးရွာသူ ကျေးရွာသားများမှာ စားဝတ်နေရေးနှင့် ကျန်းမာရေး အခက်အခဲများ ကြုံတွေ့နေရပြီး ခိုကိုးရာမဲ့သောကြောင့် စိတ်ပိုင်းဆိုင်ရာ ထိခိုက်ခံစားမှုများနှင့်အတူ ဒုက္ခသည် ဘဝရောက်နေရကြောင်း ဖယ်ရှားခံရသူများက တညီတညွတ်တည်း ပြောဆိုသည်။

နိုင်ငံတော် အကြီးအကဲများ အနေနှင့် သမီးကလေးကျေးရွာ ဖြစ်စဉ်နှင့် ပတ်သက်၍ စနစ်တကျ စုံစမ်းစစ်ဆေးကာ ဖြေရှင်းပေးရန် လိုအပ်ပြီး အမှန်တကယ် နစ်နာဆုံးရှုံးခဲ့သော ပြည်သူများကို နေရာ အစားထိုး ပြန်ပေးစေလိုကြောင်း သမီးကလေး ကျေးရွာသူ ကျေးရွာသားများက တညီတညွတ်တည်း တောင်းဆိုသည်။

ကျေးရွာ ဖျက်သိမ်းခံရမှုကြောင့် အောင်သိဒ္ဓိ ဘုန်းတော်ကြီးကျောင်းတွင် ယာယီတည်းခိုနေသော အမှန်တကယ် ဒုက္ခရောက်နေသူ အိမ်ထောင်စု ၁၃၀ ကျော်၊ လူဦးရေ ငါးရာကျော်ကို နေစရာမြေကွက်များ ပြန်လည်ရရှိရန် လှည်းကူးမြို့နယ် မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဖြိုးမင်းသိန်းနှင့် လှည်းကူးမြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူးအဖွဲ့တို့ ပူးပေါင်းကာ ရန်ကုန်တိုင်းဒေသကြီး အစိုးရရုံးသို့ တင်ပြတောင်းဆိုရန် စီစဉ် ဆောင်ရွက်လျက် ရှိကြောင်း လှည်းကူးမြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူး ဦးအောင်ကိုက ပြောကြားသည်။
“သမီးကလေးကျေးရွာ နေရာဟောင်းမှာ ပြန်ရချင်မှရမှာ ဖြစ်ပေမယ့် လတ်တလော နေစရာမရှိ ဖြစ်နေတဲ့ ဒုက္ခသည် မိသားစုတွေအတွက် မြေနေရာ ပြန်ရရှိအောင် ဆောင်ရွက်ပေးသွားမှာပါ” ဟု ၎င်းက ဆက်လက်ပြောကြားသည်။

The Voice Weekly