တိုင်ကြားစာအမှုတွဲ ၄၀၀ ကျော် ပြည်ထောင်စုအစိုးရ ဖြေရှင်းခြင်းမရှိ

ပို့စ်တင်ချိန် - 2/27/2014 02:28:00 PM


နေပြည်တော်၊ ဖေဖော်ဝရီ ၂၆

ပြည်သူများမှ ပေးပို့လာသော တိုင်ကြားစာ အမှုတွဲ ၄၀၀ ကျော်ကို ပြည်ထောင်စု အစိုးရအဖွဲ့က ဖြေရှင်းခြင်း မရှိကြောင်း အမျိုးသားလွှတ်တော် ပြည်သူတို့၏ တိုင်ကြားစာဆိုင်ရာ ကော်မတီဥက္ကဋ္ဌ ဦးအောင်ငြိမ်းက ပြောကြားသည်။

ဖေဖော်ဝါရီလ ၂၆ ရက်နေ့တွင် ပြုလုပ်သော အမျိုးသားလွှတ်တော် အစည်းအဝေးတွင် ပြည်သူတို့၏ တိုင်ကြားစာ ကော်မတီ အစီရင်ခံစာကို တင်သွင်းစဉ် ၎င်းက ယင်းသို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။

၂၀၁၃ ခုနှစ်အတွင်း ပြည်သူများမှ အစိုးရ အုပ်ချုပ်ရေး အဖွဲ့အစည်းများနှင့် ပတ်သက်သော တိုင်ကြားစာ ၅၃၅ စောင်ကို ပြည်သူတို့၏ တိုင်ကြားစာ ကော်မတီက ပြည်ထောင်စု အစိုးရအဖွဲ့သို့ ပေးပို့ထားသော်လည်း တိုင်ကြားစာ ၁၂၃ မှုကိုသာ ဖြေရှင်းပြီးဟု ပြန်ကြားလာကြောင်း ဦးအောင်ငြိမ်းက ပြောကြားသည်။

ပြည်သူများ၏ ခံစားချက်များနှင့် နစ်နာချက်များကို အချိန်နှင့် တစ်ပြေးညီ အမြန်ဖြေရှင်းပေးပါက ပြည်သူအားကိုးသော ပြည်သူ့အစိုးရ ဖြစ်ပေါ်လာမည် ဖြစ်ကြောင်း ၎င်းကဆိုသည်။

ထို့အပြင် ပြည်ထောင်စု တရားလွှတ်တော်ချုပ်နှင့် သက်ဆိုင်သော အမှုတွဲ ၉၂ မှု ပေးပို့ခဲ့ရာတွင် ၆၅ မှုကို ဖြေရှင်းပြီး ဖြစ်ကြောင်း ပြည်သူတို့၏ တိုင်ကြားစာ ကော်မတီ အစီရင်ခံစာအရ သိရသည်။

ယင်းသို့ တိုင်ကြားစာများကို အစိုးရအဖွဲ့မှ ဖြေရှင်းပေးရန် နှောင့်နှေး ကြန့်ကြာမှုများသည် ပြည်သူများမှ ယုံကြည်အားကိုးမှု နည်းပါးလာပြီး တရားဥပဒေ စိုးမိုးရေးအတွက် အန္တရာယ် ရှိလာနိုင်ကြောင်း အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဖုန်းမြင့်အောင်က ပြောကြားသည်။
“အစိုးရ အဖွဲ့အစည်းတွေမှာ အဆင့်ဆင့် လုပ်ရတာကို နားလည်ပါတယ် ဒါပေမဲ့ အစိုးရသက်တမ်းက ၂ နှစ်တောင် မကျန်တော့ဘူးလေ။ အကောင်းဆုံးကတော့ လွှတ်တော်က တွန်းအားတစ်ရပ် အနေနဲ့ အချိန်တစ်ခု ကန့်သတ်ပြီး အဲဒီအတွင်း ပြီးအောင်လုပ် ဆိုတာမျိုး လုပ်ဖို့သင့်တယ်” ဟု ၎င်းကဆိုသည်။

အလားတူ လယ်ယာမြေ သိမ်းဆည်း ခံရမှုကြောင့် စုံစမ်းရေး ကော်မရှင်က အစိုးရအဖွဲ့သို့ ဖြေရှင်းပေးရန် တင်ပြထားသော တိုင်ကြားစာ ၆၄၃၅ စောင်ကို ၂ နှစ်နီးပါး ကြာမြင့်သည်အထိ ၄၃၂ စောင်သာ ဖြေရှင်း ပေးခဲ့သောကြောင့် အစိုးရအဖွဲ့အနေနှင့် တာဝန်ကျေရန် လိုအပ်ချက်များ ရှိနေကြောင်း ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းက ပြောကြားထားသည်။

အုပ်ချုပ်ရေး အဖွဲ့အစည်းများက တောင်သူများထံမှ သိမ်းယူထားသော လယ်ယာမြေများ၏ မိုးစပါး စိုက်ပျိုးမြေနေရာကို ယခုနှစ် (၂၀၀၄) ဇွန်လနှင့် ဆောင်းသီးနှံ စိုက်ပျိုးမြေနေရာ များကို စက်တင်ဘာလမတိုင်မီ အချိန်အတွင်း ပြန်လည် ပေးအပ်ရန် ဖေဖော်ဝါရီ ၂၀ ရက်နေ့တွင် ပြုလုပ်သော ပြည်ထောင်စု လွှတ်တော် အစည်းအဝေးတွင် အတည်ပြုထားသည်။

The Voice Weekly