ယာဉ်ပိုင်ရှင်များ၏ တောင်းဆိုမှုကြောင့် ဟိုင်းလပ်နှင့် ဒိုင်နာယာဉ်များ လကုန်ထိ ပြေးဆွဲခွင့်ရ

ပို့စ်တင်ချိန် - 2/16/2014 05:17:00 PM


ရန်ကုန်၊ ဖေဖော်ဝါရီ ၁၅

ရန်ကုန်မြို့တော် စည်ပင်သာယာ နယ်နိမိတ်အတွင်း ဟိုင်းလပ်နှင့် ဒိုင်နာယာဉ်များကို ယာဉ်ပိုင်ရှင်များ၏ တောင်းဆိုမှုကြောင့် ဖေဖော်ဝါရီလ ၂၈ ရက်နေ့အထိသာ ပြေးဆွဲခွင့်ပြုသွားမည် ဖြစ်ကြောင်း မထသ (ဗဟို) ဥက္ကဋ္ဌ ဦးလှအောင်က ဖေဖော်ဝါရီလ ၁၅ ရက်နေ့တွင် The Voice သို့ အတည်ပြု ပြောကြားသည်။

အဆိုပါ ယာဉ်လိုင်းများ ပြေးဆွဲခွင့် ရပ်နားရန် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က ကနဦး ညွှန်ကြားချက်ဖြင့် မထသ (ဗဟို)သို့ ဇန်နဝါရီလ ၁၅ ရက်နေ့တွင် အကောင်အထည်ဖော်ရန် ညွှန်ကြားခဲ့သော်လည်း ယာဉ်ပိုင်ရှင်များ၏ တောင်းဆိုမှုကြောင့် သတ်မှတ်ရက်ကို တစ်လနောက် ဆုတ်ပေးခဲ့ခြင်း ဖြစ်သည်။

၎င်းယာဉ်များအစား လမ်းကြောင်းတူ ဘတ်စ်ကားများကို ယာဉ်စီးရေ ပိုထွက်စေခြင်း၊ လမ်းကြောင်းပြောင်း ပြေးဆွဲခြင်း၊ ဒိုင်နာယာဉ်နှင့် ဟိုင်းလပ်များ ပြန်အပ်ပြီး ယာဉ်ကြီးနှင့် မီနီဘတ်စ်များ အစားထိုး ပြေးဆွဲခြင်းများကို ပြုလုပ်သွားမည် ဖြစ်ကြောင်း ဦးလှအောင်က ဆိုသည်။

ယင်းပြင် ပဲခူးဘက်မှလာသော ဟိုင်းလပ်နှင့် ဒိုင်နာယာဉ်များမှာ ထောက်ကြန့် တိုးဂိတ်အနီးရှိ မြစ်လွှဲလမ်းတွင် ဂိတ်ဆုံးပြီး တိုက်ကြီးဘက်မှ လာသော ဟိုင်းလပ်နှင့် ဒိုင်နာယာဉ်များမှာ ထောက်ကြန့် လှော်ကားတွင် ဂိတ်ဆုံးမည် ဖြစ်၍ အခြားယာဉ်များ အတွက်လည်း နေရာများ သတ်မှတ်ပေးမည် ဖြစ်ကြောင်း ၎င်းက ထပ်မံပြောကြားသည်။

ရန်ကုန်မြို့လယ် မြို့တွင်းခြောက်မြို့နယ် သို့ ဒိုင်နာယာဉ်နှင့် ဟိုင်းလပ်ယာဉ်များ ဝင်ရောက် ပြေးဆွဲခွင့်ကို ၂၀၁၀ ပြည့်နှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့မှ စတင်ကာ ရပ်နားခဲ့ပြီးနောက် ယခုမှာ ရန်ကုန်မြို့တော် စည်ပင်သာယာရေး နယ်နိမိတ်အတွင်း ဒိုင်နာယာဉ်နှင့် ဟိုင်းလပ်ယာဉ်များ ဝင်ရောက် ပြေးဆွဲခွင့် ရပ်နားခဲ့ခြင်း ဖြစ်ကြောင်း မထသဗဟိုထံမှ စုံစမ်းသိရှိရသည်။

လတ်တလော ရန်ကုန်မြို့တွင်း ပြေးဆွဲနေသော ဒိုင်နာယာဉ် ၁၈၇၁ စီး၊ အဝေးပြေးတွင် ၁၀ စီး၊ စုစုပေါင်း ၁၈၈၁ စီးနှင့် ဟိုင်းလပ်ယာဉ် ၈၅၀ စီး၊ အဝေးပြေးတွင် ၂၈ စီး၊ စုစုပေါင်း ၈၇၈ စီး ရှိကြောင်း မထသ (ဗဟို) က တရားဝင် ထုတ်ပြန်ထားသည်။

The Voice Weekly