မှောင်ခိုတင်သွင်းခြင်း၊ အခွန်တိမ်းရှောင်ခြင်း ဆက်လက်ပြုလုပ်နေပါက နာမည်နှင့်လုပ်ငန်းနာမည်အား သတင်းစာတွင် ဖော်ပြခြင်း၊ စစ်ဆေးအရေးယူခြင်းများ ပြုလုပ်မည်ဟု စက်သုံးဆီ မှောင်ခိုတင်သွင်းနေသူများကို အခွန်ဘုတ်အဖွဲ့ သတိပေး

ပို့စ်တင်ချိန် - 2/17/2014 02:07:00 PM

photo- internet

စက်သုံးဆီ မှောင်ခိုတင်သွင်းနေသူများကို အခွန်ဘုတ်အဖွဲ့က ခေါ်ယူတွေ့ဆုံ၍ မှောင်ခိုတင်သွင်းနေမှုများအား တရားဝင်တင်သွင်းရန်နှင့် နောင်တွင် အလားတူ မှောင်ခိုတင်သွင်းမှုများ ပြုလုပ်ပါက နာမည်နှင့်လုပ်ငန်းအား သတင်းစာတွင်ထည့်သွင်း၍ ပြည်သူများသိရှိစေရန် ဖော်ပြခြင်း၊ စစ်ဆေးအရေးယူခြင်းများ ပြုလုပ်သွားမည်ဖြစ်ကြောင်း အခွန်ကောက်ခံမှု စိစစ်ကြပ်မတ်ရေး ဘုတ်အဖွဲ့ဥက္ကဋ္ဌ သူရဦးသောင်းလွင်က ပြောကြားသည်။

အဆိုပါ ပြောကြားချက်အား ရန်ကုန်တိုင်းဒေသကြီး သာကေတမြို့နယ်ရှိ သာကေတစက်မှုဇုန်မှ လုပ်ငန်းရှင်များနှင့် အခွန်ကောက်ခံမှု စိစစ်ကြပ်မတ်ရေး ဘုတ်အဖွဲ့တို့ အခွန်ကောက်ခံမှုဆိုင်ရာ ကိစ္စရပ်များ ဆွေးနွေးပြောကြားစဉ် ဘုတ်အဖွဲ့မှ လုပ်ဆောင်သည့် အကြောင်းအရာများနှင့် စပ်လျဉ်း၍ ဆွေးနွေးစဉ် သူရဦးသောင်းလွင်က ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။

“စက်သုံးဆီ တရားမ၀င် ခိုးသွင်းနေတဲ့ သူတွေကို ခေါ်တွေ့တယ်။ နောက်ဆို တရားဝင်လမ်းကြောင်းကနေ တင်သွင်းဖို့ သတိပေးထားတယ်” ဟု သူရဦးသောင်းလွင်က ဆက်လက်ပြောကြားသည်။

ဓာတ်ဆီ၊ အဆင့်မြင့်ဓာတ်ဆီ (92 Ron & 95 Ron)၊ ဒီဇယ်ဆီ၊ အဆင့်မြင့်ဒီဇယ်ဆီ (Premium Diesel) များအား တရားဝင်လိုင်စင် လျှောက်ထား၍ တင်သွင်းခွင့်ပြုခဲ့သော်လည်း တရားဝင်လိုင်စင်ဖြင့် တင်သွင်းမှုမရှိဘဲ မှောင်ခိုလမ်းကြောင်းမှသာ တင်သွင်းမှု များပြားနေသဖြင့် အစိုးရအဖွဲ့ ခွင့်ပြုချက် ရရှိပါက ဆိုင်များသို့ ၀င်ရောက်ဖမ်းဆီးမည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာနမှ ညွှန်ကြားရေးမှူး ဦးတင်ရဲဝင်းက ပြောကြားသည်။

မြန်မာနိုင်ငံတွင် အစိုးရသစ် လက်ထက်ပြောင်းလဲလာသော မူဝါဒများအရ မော်တော်ယာဉ်နှင့် မော်တော်ဆိုင်ကယ်များ ပိုမိုများပြားလာသော်လည်း စက်သုံးဆီတင်သွင်းမှုနှင့် သုံးစွဲမှုအချိုးမှာ ပမာဏကြီးစွာ ကွာဟနေသည်။

မြန်မာနိုင်ငံတွင် မော်တော်ယာဉ်အစီးရေ လေးသိန်းကျော်အထိရှိကာ တစ်နေ့လျှင် ပျှမ်းမျှတစ်ဂါလန်နှင့် တွက်မည်ဆိုပါက တစ်နှစ်လျှင် ဂါလန်သိန်းပေါင်း ၁၄၄၀ ကုန်ကျမည်ဖြစ်သည်။ ကညနတွင် တရားဝင်မှတ်ပုံတင်ထားသည့် ဆိုင်ကယ်၊ ထော်လာဂျီ၊ သုံးဘီးယာဉ် ၃၇ သိန်းကျော်အတွက် တစ်ရက်လျှင် တစ်လီတာနှုန်းဖြင့် တွက်ပါက တစ်နှစ်လျှင် ဂါလန် ၂၉၁၆ သိန်း လိုအပ်မည်ဖြစ်သည်။ ထိုသို့အနည်းဆုံးပမာဏနှင့် တွက်ချက်ထားသည့်အပြင် ရေယာဉ်များ၊ လုပ်ငန်းသုံး ယန္တရားအား၊ မီးစက်သုံးဓာတ်ဆီ၊ ဒီဇယ်ဆီများအား တွက်ချက်ထားမှုမရှိဟု သိရသည်။

ထိုသို့ အနည်းဆုံးတွက်ချက်မှု၏ လိုအပ်သည့် ပမာဏစုစုပေါင်းမှာ ဂါလန်သိန်းပေါင်း ၄၃၅၆ အထိ လိုအပ်နေသော်လည်း ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်တွင် ဓာတ်ဆီ၊ ဒီဇယ်ဆီ တရားဝင်တင်သွင်းရန် လျှောက်ထားမှုမှာ ဂါလန်ပေါင်း ၃၉၁၃ သိန်းသာ တရားဝင်တင်သွင်းရန် လိုင်စင်လျှောက်ထားခဲ့သည်။

မြန်မာနိုင်ငံတွင် အစိုးရပိုင် စက်သုံးဆီဆိုင်များအား ၂၀၁၀ ခုနှစ်အတွင်း ပုဂ္ဂလိက လုပ်ငန်းရှင်များသို့ လွှဲပြောင်းပေးခဲ့ပြီးနောက် နိုင်ငံပိုင် စက်သုံးဆီဆိုင်အဖြစ် ၁၂ ဆိုင်သာ ကျန်ရှိခဲ့သည်။ အဆိုပါ စက်သုံးဆီဆိုင် ၂၆၁ ဆိုင်အား ပုဂ္ဂလိက လုပ်ငန်းရှင်များသို့ လွှဲပြောင်းစဉ်က ယခင်စစ်အစိုးရနှင့် နီးစပ်သည့် ခရိုနီကုမ္ပဏီကြီးများမှ သတ်မှတ်တန်ဖိုးထက် များစွာနိမ့်သော နှုန်းထားများဖြင့် ၀ယ်ယူခွင့်ရရှိခဲ့သည်ဟု ဝေဖန်မှုများစွာ ထွက်ပေါ်ခဲ့သည်။ လက်ရှိတွင် မှောင်ခိုတင်သွင်းနေသည့် စက်သုံးဆီလုပ်ငန်းရှင် အချို့မှာလည်း ခရိုနီကုမ္ပဏီများ အများစုပါဝင်နေပြီး လက်ရှိဖွင့်လှစ်ထားသည့် စက်သုံးဆီဆိုင်ပေါင်း ၁၀၈၅ ဆိုင်ရှိနေပြီး လိုင်စင်ဆက်လက်ထုတ်ပေးရန် ကျန်ရှိနေသည့် စက်သုံးဆီဆိုင်ပေါင်း ၄၆၀ အထိရှိနေကြောင်း သိရသည်။

Eleven Media Group