သိမြင်လိုစိတ်နှင့် ပညာဗဟုသုတ ရှာမှီးလို စိတ်မွေးမြူ

ပို့စ်တင်ချိန် - 2/17/2014 09:28:00 AM




လူတို့သည် မျက်စိဖွင့်ကြည့် သမျှဖြင့် အပြည့်အစုံ မမြင်နိုင်ဘဲ စိတ်ကို ဖွင့်ကြည့်မှသာ မြင်နိုင်သည်။ ပကတိ မျက်စိနှစ်လုံးက မြင်သည်တို့ကို ဥာဏ်မျက်စိဖြင့် ဖွင့်ကြည့်မှသာ အပြည့်အစုံ မြင်နိုင်သည်ဟု ပညာရှိများ မိန့်ကြားခဲ့သည်။

မျက်စိ အမြင်တွင် ဝင်ရောက် ထင်နေသည့် ပုံရိပ်များကို မြင်ရကာမျှဖြင့် ထိုပုံရိပ်၏ အကြောင်းအရာ သရုပ်ဇာတ်တို့ကို အမှန်အတိုင်း မသိနိုင်ဘဲ ကြေးမုံပြင်တွင် ထင်ဟပ်သော အရိပ်ကို မြင်ရသည့် ပမာသာ ရှိချေမည်။ မြင်ရသည့် ပုံရိပ်တို့၏ အကြောင်းအရာ အတ္ထုပတ္တိကို ခွဲခွဲခြားခြား ရှင်းရှင်းလင်းလင်း ကွက်ကွက်ကွင်းကွင်း သိရှိမှသာလျှင် ထိုသို့မြင်ရခြင်း၏ အကျိုးဖြစ်ထွန်း စေနိုင်သည်။ ဤသို့မြင်ပါလျက် အကျိုးမခံစားရပါမူ မျက်စိ နှစ်ကွင်းအလင်း မရသူနှင့် တူပေလိမ့်မည်။

ထို့ကြောင့် မျက်စိကိုမြင်ရုံမျှ အသုံးပြုမည်ဟု သဘောထားကြသူတို့မှာ လောက၌ ပညာ တိုးတက်အောင် သင်ကြားမရနိုင်သူများ ဖြစ်သည်။ ထိုသူတို့ကား မိမိတို့သည် သိမှတ်ရန် ဟူသရွေ့ အကုန်အစင် မှတ်သိခဲ့ရပြီ၊ နောက်ထပ် သိမှတ်ရန် မလိုတော့ပြီဟု ထင်မှတ်ကာ မြင်သော်လည်း အလေးဂရု မပြုကြဘဲ ဥာဏ်မျက်စိကို ပိတ်ထားကြသည်။ ဤသို့ပြုခြင်း အားဖြင့် လောကကြီး၏ လာလတ္တံ့သော အခွင့်အရေးတို့ကို စွန့်လွှတ်၍ မိမိတို့ ဘ၀ရှေးရေးကို မိမိတို့ကိုယ်တိုင် ပိတ်ပင်ခြင်းပင် ဖြစ်သည်။ လောက သဘ၀တွင် စီးဆင်းသော မြစ်ရေ အလျဉ်သည် မကုန်ခန်း နိုင်သကဲ့သို့ လည်းကောင်း၊ ပင်လယ် သမုဒ္ဒရာရေကို ခပ်ယူသုံးစွဲ သော်လည်း ကုန်ခန်းသည် မရှိသကဲ့သို့ လည်းကောင်း လောကတွင် သိမှတ်ဖွယ်ရာတို့ ကုန်ဆုံးသည် ဟူ၍မရှိပေ။ ပညာရှိကြီးတစ်ဦးက ''ငါတို့သည် လောက သမုဒ္ဒရာကြီး အနီး၌ ယောက်သွားခွံ ကလေးများနှင့် ကစားနေသော ကလေးသူငယ် လူမမယ် ကလေးများ ဖြစ်ချေသည်။ လောက၌ သိရန်မှတ်ရန် တို့သည် မဟာသမုဒ္ဒရာမျှ နက်ရှိုင်း ကျယ်ဝန်းသည်။ လူတို့သိရှိသော ပညာမူကား သမုဒ္ဒရာ၏ အစွန်အဖျား အနားကလေး မျှသာဖြစ်သည်''ဟု မိန့်ဆိုခဲ့ဖူးသည်။

လူ့ဘောင် လောက၀ယ် အကြား၊ အတွေး၊ အထင်တို့သည် အမြင်နှင့် ကွားခြားမှု ရှိတတ်သည်မှာ သဘာဝပင် ဖြစ်သည်။ ထို့ကြောင့် လူသားအရင်း အမြစ်ဖွံ့ဖြိုးရေး အတွက် အဓိကဖြစ်သော ပညာရေး ဝန်ကြီးဌာနသည် နည်းနည်းသင် များများလေ့ကျင့် ဆိုသော မူဝါဒချမှတ်၍ လက်တွေ့ဖော်ဆောင် သွားမည်ဖြစ်သည်။ ယခင်ပညာ သင်နှစ်များက မူလတန်း ပညာရေးကို ကျောင်းနေအရွယ် ကလေးများအားလုံး သင်ယူနိုင်သည့် အစီအစဉ် အကောင်အထည် ဖော်ခဲ့ရာမှ ယခုဆက်လက်၍ အလယ်တန်း ပညာသင်ယူနိုင်ရေး အစီအစဉ် ဆက်လက် အကောင်အထည်ဖော် သွားမည်ဖြစ်သည်။

သို့ဖြစ်၍ ၂၁ ရာစု နှစ်သစ်တွင် အရှိန်အဟုန်ဖြင့် တိုးတက်လာသော ကမ္ဘာပြုမှု ဖြစ်စဉ်ကြီးတွင် သိမြင်လိုစိတ်နှင့် ပညာဗဟုသုတ ရှာမှီးလိုသော စိတ်ဓာတ် လူတိုင်း မွေးမြူကြရေးသည်လည်း မရှိမဖြစ် လိုအပ်ပါကြောင်း။ ။

မြ၀တီ