ပုဒ်မ ၅၉(စ)အပါအ၀င် အရေးကြီးပုဒ်မများအား လုံးဝမပြင်ဆင်ရန် လူတစ်သိန်းကျော် အကြံပြုထားကြောင်း ဖွဲ့စည်းပုံအခြေခံဥပဒေ လေ့လာသုံးသပ်ရေး ပူးပေါင်းကော်မတီ၏ အစီရင်ခံစာတွင် ဖော်ပြ၊ ယင်းဖြစ်စဉ်သည် အခြေအမြစ်မရှိ ဖန်တီးမှုတစ်ခုသာဖြစ်နိုင်ဟု လွှတ်တော်ကိုယ်စားလှယ်များ ဝေဖန်

ပို့စ်တင်ချိန် - 2/02/2014 12:00:00 AM


ပုဒ်မ ၅၉(စ)အပါအ၀င် အရေးကြီးပုဒ်မများအား လုံးဝမပြင်ဆင်ရန် လူတစ်သိန်းကျော် အကြံပြုထားကြောင်း ဖွဲ့စည်းပုံအခြေခံဥပဒေ လေ့လာသုံးသပ်ရေး ပူးပေါင်းကော်မတီ၏ အစီရင်ခံစာတွင် ဖော်ပြ၊ ယင်းဖြစ်စဉ်သည် အခြေအမြစ်မရှိ ဖန်တီးမှုတစ်ခုသာဖြစ်နိုင်ဟု လွှတ်တော်ကိုယ်စားလှယ်များ ဝေဖန်

ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရာတွင် ပုဒ်မ ၅၉(စ)အပါအ၀င် အရေးကြီးပုဒ်မများအား လုံးဝမပြင်ဆင်ရန် လူဦးရေတစ်သိန်းကျော်က အကြံပြုတင်ပြထားကြောင်း ဇန်န၀ါရီ ၃၁ ရက်က ပြည်ထောင်စုလွှတ်တော်သို့ တင်သွင်းသော ဖွဲ့စည်းပုံအခြေခံဥပဒေ လေ့လာသုံးသပ်ရေး ပူးပေါင်းကော်မတီ၏ လေ့လာတွေ့ရှိချက်နှင့် သုံးသပ်ချက်အစီရင်ခံစာ၌ ဖော်ပြထားသည်။

ယင်းအစီရင်ခံစာတွင် လူဦးရေ ၁၀၆၁၀၂ ဦးက စုစည်းကာ အခန်း(၁)ပုဒ်မ ၆(စ)၊ ပုဒ်မ ၄၂၊ အခန်း(၃)ပုဒ်မ၅၉(စ)၊ အခန်း(၁၂)ပုဒ်မ ၄၃၆ တို့ကို မပြင်ဆင်ဘဲထားရှိရန် အကြံပြုတင်ပြထားသည်ဟု ဖော်ပြထားသည်။

ယင်းကဲ့သို့ လူဦးရေတစ်သိန်းကျော်က တစုတစည်းတည်း လက်မှတ်ရေးထိုးကာ အကြံပြုချက်တင်ပြခြင်းသည် အခြေအမြစ်မရှိ၊ ဖန်တီးမှုတစ်ခုသာ ဖြစ်နိုင်သည်ဟု ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင်တစ်ဦးအပါအ၀င် လွှတ်တော်ကိုယ်စားလှယ်များက ဝေဖန်ခဲ့သည်။

"ဒါဖန်တီးမှုတစ်ခုပဲ။ ဖန်တီးဖို့ဆိုတာက ရည်ရွယ်ချက်မရှိဘဲနဲ့ ဖန်တီးလို့ မရပါဘူး။ ရည်ရွယ်ချက်ရှိမယ်။ ပြီးရင်စီစဉ်မယ်။ ပြီးရင်ဆောင်ရွက်မယ်။ ဒါရည်ရွယ်ချက်နဲ့ လုပ်ကြတာ။ ပြီးတော့ လူပေါင်းတစ်သိန်းကျော် လက်မှတ်ရဖို့ဆိုတာ မဖြစ်နိုင်ဘူး။ တစ်ထောင်ကျော်ရဖို့ဆိုတာကို တော်တော်လုပ်ယူရမယ်။ ဒီလိုတစ်သိန်းကျော် လက်မှတ်ထိုးတယ်ဆိုတာ on paper လို့ပဲ ကျွန်တော်က ထင်လိုက်ပါတယ်"ဟု အမျိုးသား ဒီမိုကရေစီ အင်အားစုပါတီမှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခိုင်မောင်ရည်က ပြောကြားသည်။

ထို့အတူ ပြည်ခိုင်ဖြိုးပါတီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် သူရဦးအောင်ကိုက "အခြေခံဥပဒေ ပုဒ်မ ၅၉(စ)ပေါ့လေ။ တစ်သိန်းခြောက်ထောင်ကျော်သော လူပုဂ္ဂိုလ်တွေက မပြင်ပါနဲ့၊ မထိပါနဲ့လို့ အကြံပြုတယ်လို့ ပြည်ခိုင်ဖြိုးပါတီ CEC တစ်ဦးက ပူးပေါင်းကော်မတီကို တင်ပြခဲ့ပါတယ်။ သူ့တင်ပြချက်အတိုင်းပဲ ပူးပေါင်းကော်မတီရဲ့အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ တစ်သိန်းကျော်ဆိုတာကလည်း နာမည်ရေးတယ်။ လက်မှတ်ထိုးတယ်ပေါ့။ မြို့နယ်ပေါင်းစုံပါပါတယ်။ အထူးသဖြင့် ရန်ကုန်တိုင်း ဧရိယာအတွင်းပေါ့လေ။ ဘယ်ပါတီဝင်လို့ ဖော်ပြမထားပါဘူး။ ဒါဟာ မခိုင်မာဘူး။ အခြေအမြစ်ရှိတယ်ဆိုတာ မသေချာဘူးလို့ဘဲ ပြောပါရစေ။ နောက်တစ်ခုက ပုဒ်မ ၅၉(စ)၊ အခန်း ၁၂ ပုဒ်မ ၄၃၆ တို့ကိုလည်း မပြင်ပါနဲ့ ဒီအတိုင်းပဲထားပါလို့ ပြောတဲ့အဖွဲ့အစည်းပုဂ္ဂိုလ်တွေလည်း ရှိပါတယ်။ အခန်း ၁၂ ပုဒ်မ ၄၃၆ ကို မထိ၊ မတို့၊ မကိုင်တွယ်လို့ရှိရင် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးဆိုတာ လုံးဝဖြစ်မလာပါဘူး။ ပြင်လို့လည်း မရပါဘူး။ အဲဒီတော့ဘာဖြစ်လဲဆိုတော့ ဒါဟာကိုယ်ကျိုးစီးပွားကာကွယ်တဲ့ လူတွေနဲ့ ပြည်သူ့အကျိုးစီးပွား ကာကွယ်တဲ့ လူပုဂ္ဂိုလ်တွေကြား အားပြိုင်မှုတစ်ခုလို့ မြင်ပါတယ်။ ကိုယ်ကျိုးစီးပွားကာကွယ်တဲ့သူတွေက ပုဒ်မ ၅၉(စ)နဲ့ ၄၃၆ ကို မပြင်ဖို့၊ ပြင်မယ်ဆိုရင်လည်း ကန့်ကွက်ဖို့ လိုက်စည်းရုံးနေတယ်လို့လည်း ကြားပါတယ်"ဟု သတင်းထောက်များကို ပြောကြားသည်။

အဆိုပါ တစ်သိန်းကျော်သည် ပြည်ခိုင်ဖြိုးပါတီမှတင်သည်မှာ မှန်ပါသလားဟူသော မေးခွန်းကို ရန်ကုန်တိုင်းဒေသကြီး တောင်ဥက္ကလာပမဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်သိန်းလင်းက "ပြည်သူထဲမှာ ပါတီမျိုးစုံရှိတယ်။ ဘယ်သူမဆို တင်ခွင့်ရှိတာပဲ။ ဘယ်ပါတီက မတင်ရဘူး။ ဘယ်ပါတီကပဲ တင်ရမယ်လို့ သတ်မှတ်ချက်ရှိလို့လား။ ကြံ့ခိုင်ရေးပါတီလည်း ပြည်သူတွေထဲမှာရှိတာပဲ"ဟု ပြန်လည်ဖြေကြားသည်။

ထိုကဲ့သို့ မပြင်ဆင်ရန် အကြံပြုစာတင်သွင်းသော လူဦးရေတစ်သိန်းကျော်သည် ပြည်သူများထဲကသာဖြစ်ပြီး ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအတည်ပြုရာတွင် ထောက်ခံခဲ့သော ၉၂ ဒသမ ၄ ရာခိုင်နှုန်းထဲမှ သာဖြစ်ကြောင်းနှင့် ထိုကဲ့သို့ မည်သူမဆို အကြံပြုတင်နိုင်ကြောင်း ပြည်ခိုင်ဖြိုးပါတီ ဗဟိုအလုပ်အမှုဆောင်တစ်ဦးဖြစ်သူ ဦးအောင်သိန်းလင်းက ပြောကြားသည်။

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမင်းသူက "နိုင်ငံတော်သမ္မတ အရည်အချင်းသတ်မှတ်ချက်ဖြစ်တဲ့ ပုဒ်မ ၅၉(စ) မပြင်ဖို့ လက်မှတ်တစ်သိန်းကျော်ဆိုတာကတော့ အတော်လေးစဉ်းစားစရာကောင်းတဲ့ အချက်တစ်ခုလို့ သုံးသပ်ပါတယ်။ ဘာလို့လဲဆိုတော့ ဖြစ်နိုင်ခြေသတ်မှတ်ချက်ထက် ကျော်လွန်နေရင် မကောင်းဘူး။ နိုင်ငံတော်အနေနဲ့လည်း ၂၀၁၀ ရွေးကောက်ပွဲတုန်းက ရာခိုင်နှုန်း ၁၀၀ ထက်ကျော်ပြီး ထောက်ခံတယ်ဆိုတာမျိုး ကြေညာခဲ့တယ်။ နောက်နေ့ရောက်တော့ အမှားပြင်ဆင်ချက် ပြန်ထည့်တယ်။ အဲဒီလိုပဲသဘောထားရင် ပိုကောင်းပါတယ်။ လက်တွေ့ဖြစ်နိုင်ခြေထက် ကိန်းဂဏန်းတွေ မှားနေတယ်လို့ ယူဆပါတယ်။ ဒါကိုကန့်ကွက်တယ်ဆိုတဲ့သူတွေဟာ ဘာဖြစ်လို့လဲ။ ဒီလောက်များနေရင် လွှတ်တော်ထဲရောက်နေတဲ့ အင်န်အယ်လ်ဒီပါတီအပါအ၀င် အခြားအဖွဲ့အစည်းတွေက လုပ်နေတဲ့ ဖွဲ့စည်းပုံပြင်ဆင်ရေးဆွေးနွေးပွဲတွေဟာ လူထုထောက်ခံနေတာတွေက လက်တွေ့မကျဘူးလား။ ကိန်းဂဏန်းတွေနဲ့ စာရင်းဇယားတွေက စာရွက်ပေါ်မှာရှိတဲ့ အလေ့အထတွေက ပျောက်သင့်နေပြီ။ အခုတင်တဲ့အစီရင်ခံစာအပေါ် ပြည်ထောင်စုလွှတ်တော်ကပဲ ဆက်လက်ဆောင်ရွက်ရမှာပါ။ အဓိကကျတဲ့ အချက်တွေ၊ ပြည်သူတွေလိုလားတာကို မပြင်ဘူးဆိုရင် ကျွန်တော်တို့ လွှတ်တော်ရဲ့ သိက္ခာ၊ ပြည်သူ့ကိုယ်စားလှယ်တွေရဲ့သိက္ခာ တစ်ပြားမှ ရှိမှာမဟုတ်တော့ဘူး။ ဒါကြောင့် ဒါဟာနိုင်ငံတော်ရဲ့သိက္ခာ၊ လွှတ်တော်ရဲ့ သိက္ခာအတွက် ပြင်မယ်လို့ကတိပေးထားရင် ကတိအတိုင်း လက်တွေ့ကျကျ အကောင်အထည်ဖော်ဖို့ အရေးကြီးတယ်လို့ သုံးသပ်ပါတယ်"ဟု ပြောကြားသည်။

ယင်းကဲ့သို့ အကြံပြုစာများအပေါ် ပြည်ထောင်စုလွှတ်တော်က ထပ်မံဖွဲ့စည်းမည့် ကော်မတီအနေဖြင့် သေချာစိစစ်ဆုံးဖြတ်သင့်သည်ဟုလည်း လွှတ်တော်ကိုယ်စားလှယ်များက ပြောကြားသည်။

(ဇန်န၀ါရီ ၃၁ ရက်က ပြုလုပ်သော ပြည်ထောင်စုလွှတ်တော် အစည်းအဝေး၌ ဖွဲ့စည်းပုံအခြေခံဥပဒေ လေ့လာသုံးသပ်ရေး ပူးပေါင်းကော်မတီ၏ အစီရင်ခံစာကို ကော်မတီအတွင်းရေးမှူး ဦးအေးမောက်က ဖတ်ကြား တင်သွင်းစဉ်)


Eleven Media Group ·