အနိမ့်ဆုံး အခြေခံလုပ်ခလစာနှင့် ညွှန်းကိန်းများ မှန်ကန်စေရေး

ပို့စ်တင်ချိန် - 2/17/2014 08:41:00 PM



(ဖေဖော်ဝါရီလဆန်းပိုင်းက ဖိနပ်ချုပ်စက်ရုံတစ်ရုံမှ အလုပ်သမားများ ဆန္ဒပြနေသည်ကို တွေ့ရစဉ်)

(Written by: သစ်ထွဋ်)

နိုင်ငံတစ်နိုင်ငံရဲ့ စီးပွားရေးဖွံ့ဖြိုးမှုအပေါ် အကျိုးသက်ရောက်မှု ကြီးမားသလို နိုင်ငံသားများအတွက်လည်း တိုက်ရိုက်သက်ရောက်မှု ရှိစေသော အကြောင်းအရာများကို လေ့လာကြည့်ပါက အလုပ်အကိုင် အခွင့်အလမ်း ဖန်တီးပေးနိုင်ရေးဟာ အရေးကြီးဆုံး အချက်တစ်ချက်အဖြစ် ပါဝင်နေပြီး လက်ရှိအခြေအနေမှာ လုပ်ခလစာများနဲ့ပတ်သက်ပြီး အလုပ်ရှင်နဲ့ အလုပ်သမားအကြား အငြင်းပွားမှုများ မကြာခဏ ဖြစ်ပေါ်ခဲ့ရတာ တွေ့ရပါတယ်။

တစ်နှစ်အတွင်း အငြင်းပွားမှု ၉၀၀ ကျော်ရှိခဲ့

အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ဝန်ကြီးဌာနမှ ထုတ်ပြန်ချက်များကို မီဒီယာများမှာ ဖော်ပြချက်အရ လုပ်ခလစာ နည်းပါးမှုနှင့် အလုပ်သမားရပိုင်ခွင့် ဆုံးရှုံးမှုများကြောင့် ပြီးခဲ့တဲ့ ၂ဝ၁၃ ခုနှစ်အတွင်း အလုပ်ရှင်၊ အလုပ်သမား အငြင်းပွားမှု ၉ဝဝ ကျော် ဖြစ်ပွားခဲ့ရာ လစာဖြတ်တောက်ခံရခြင်း၊ အကြောင်းအမျိုးမျိုးဖြင့် အလုပ်မှ ထုတ်ပယ်ခံရခြင်း၊ မဆင်းမနေရ အချိန်ပိုများဆင်းရခြင်း၊ လုပ်ငန်းခွင်လုံခြုံမှု မရှိခြင်း၊ အလုပ်ချိန်တိကျစွာ သတ်မှတ်ထားမှု မရှိခြင်းနှင့် လုပ်ငန်းခွင်ဖိနှိပ်ခံရမှုများ အပါအဝင် အခြားအလုပ်သမား အခွင့်အရေးများ ချိုးဖောက်ခံရမှုများကြောင့် အလုပ်သမားအခွင့်အရေး ဆန္ဒပြတောင်းဆိုမှုများနှင့်အတူ အငြင်းပွားမှုများ ဖြစ်ပေါ်ခဲ့ရတာ ဖြစ်ရသလို အခြေခံလုပ်ခလစာ နည်းပါးခြင်းဟာလည်း အငြင်းပွားမှုများကို ဖြစ်ပေါ်စေတဲ့ အဓိကအချက်တစ်ချက်အဖြစ် ပါဝင်နေပါတယ်။

အခြေခံလိုအပ်ချက်များ မဖြည့်ဆည်းနိုင်

စက်မှုဇုန် အများဆုံးရှိတဲ့ စီးပွားရေးမြို့တော် ရန်ကုန်မြို့ရှိ စက်ရုံအလုပ်ရုံများတွင် လုပ်ကိုင်နေကြရတဲ့ လုပ်သားများအနေဖြင့် အခြေခံလုပ်ခလစာ နည်းပါးမှုအပေါ် တိုးမြင့်ပေးစေလိုကြပေမယ့် လက်ရှိမှာ အလုပ်ရှင်များမှ လုပ်ခလစာကို တိုးမြှင့်ပေးနိုင်မှု နည်းပါးနေတာ ဖြစ်ပါတယ်။ လက်ရှိတွင် စက်ရုံအလုပ်သမား အများစုဟာ တစတစ မြင့်တက်လာသော စားဝတ်နေရေး စရိတ်စကများနှင့် ဝင်ငွေမှာ မျှတခြင်းမရှိတာကြောင့် အငြင်းပွားမှုများ ဖြစ်ပေါ်စေတာ ဖြစ်ပါတယ်။ လုပ်ခလစာနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံတွင် အနည်းဆုံးအခကြေးငွေ သတ်မှတ်နိုင်ရေးအတွက် ဆောင်ရွက်နေတဲ့ အနည်းဆုံးအခကြေးငွေ သတ်မှတ်ရေး အမျိုးသားအဆင့် ကော်မတီတွင် သုတေသနအဖွဲ့အဖြစ် ပါဝင်သော အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ချုပ်(ILO)၊ MMRD (Myanmar Marketing Resource Development) နှင့် (Myanmar Development Resource Institute) တို့မှ စီးပွားရေးလုပ်ငန်း ၈၂ ခုတွင် ကွင်းဆင်းလေ့လာမှု သုတေသနများ ပြုလုပ်ခဲ့ရာမှာ ၅၉ ရာခိုင်နှုန်းသော အလုပ်သမားများဟာ လက်ရှိရနေသော လုပ်ခလစာနှင့် လစာနှုန်းထားအပေါ် ကျေနပ်မှုမရှိဘဲ ယင်းတို့ရဲ့ စားဝတ်နေရေး အခြေခံလိုအပ်ချက်ကို လုပ်ခလစာဖြင့် ဖြေရှင်းဆောင်ရွက်ပေးနိုင်ခြင်း မရှိခဲ့ဘူးလို့ သုတေသန အချက်အလက်များက ဖော်ပြပါရှိပါတယ်။

အနိမ့်ဆုံးလစာ ကျပ်သောင်းဂဏန်းသာရှိ

အဆိုပါ သုတေသန အချက်များအရ ယင်းလုပ်သားများဟာ လစာရဲ့ ၄၈ ရာခိုင်နှုန်းကို အစားအသောက်အတွက် အသုံးပြုပြီး နေထိုင်ရေးအတွက် ၁၉ ရာခိုင်နှုန်းကို အသုံးပြုနေရကာ ၁၉ ဒသမ ၂ ရာခိုင်နှုန်းသော အလုပ်သမားများဟာ ၎င်းတို့ဝင်ငွေရဲ့ ၂ဝ ရာခိုင်နှုန်းကို မိသားစုသို့ ပြန်လည်ပေးပို့နိုင်ပြီး ၄၇ ရာခိုင်နှုန်းသော အလုပ်သမားများရဲ့ လုပ်ခလစာဟာ ၎င်းတို့ရဲ့ အခြေခံလိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ခြင်း မရှိကြောင်း တွေ့ခဲ့ရတာ ဖြစ်ပါတယ်။ လုပ်သားများရဲ့ လုပ်ခလစာကို လေ့လာခဲ့ရာတွင် ကုန်ထုတ်လုပ်ငန်းတွင် လုပ်ကိုင်နေတဲ့ အလုပ်သမားများဟာ လုပ်ခလစာ အနည်းပါးဆုံးဖြစ်ပြီး ကုန်သွယ်မှုနှင့် ဝန်ဆောင်မှု ကဏ္ဍတို့ရှိ လုပ်ခလစာများဟာ ပိုများလာခဲ့ကာ အစားအသောက်နှင့် နေရာထိုင်ခင်း စီစဉ်ပေးတဲ့ အလုပ်သမားများရဲ့ တစ်လအနိမ့်ဆုံး လစာမှာ ကျပ် ၁၂၅ဝဝ မှ ၃ဝဝဝဝ အတွင်းသာ ရရှိခဲ့တာကို တွေ့ရတယ်လို့ သုတေသန တွေ့ရှိချက်မှာ ပါရှိပါတယ်။

လွှတ်တော်တင်မည့် အနိမ့်ဆုံးလုပ်ခလစာ

လက်ရှိမှာ ယခုနှစ်မကုန်မီ အနိမ့်ဆုံးလုပ်ခလစာ သတ်မှတ်နိုင်ရေးအတွက် လာမည့်ဇွန်လတွင် လွှတ်တော်သို့ အဆိုတင်သွင်းနိုင်ရန် ဆောင်ရွက်သွားဖို့ ရှိနေတာဖြစ်ပြီး အနိမ့်ဆုံး အခြေခံလုပ်ခလစာ သတ်မှတ်ပေးရေးအတွက် ရန်ကုန်တိုင်းဒေသကြီး အပါအဝင် မန္တလေးတိုင်းဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီးတို့တွင် သုတေသနများ ပြုလုပ်ခဲ့ပြီး ဖြစ်ပေမယ့် ထွက်ပေါ်လာတဲ့ သတင်းများအရ အလုပ်သမားများ တောင်းဆိုတဲ့ လုပ်ခလစာများကို လုပ်ငန်းရှင်များက ပေးချေနိုင်ခြင်းမရှိတဲ့ အနေအထားရှိနေတာ ဖြစ်ပါတယ်။ အနည်းဆုံး အခကြေးငွေ နည်းဥပဒေအရ အလုပ်သမားများရဲ့ အနိမ့်ဆုံး လုပ်ခလစာ သတ်မှတ်ရာတွင် ကုန်စည်ဈေးနှုန်းနှင့် ဝန်ဆောင်ခများ၊ အလုပ်သမားများရဲ့ ကုန်ထုတ်လုပ်မှုစွမ်းအား၊ အလုပ်ရှင်မှ လုပ်ခပေးနိုင်မှု အခြေအနေ၊ နိုင်ငံတော်ရဲ့ လူမှုစီးပွားရေး အခြေအနေ၊ စားသုံးသူဈေးနှုန်းနှင့် ငွေကြေးဖောင်းပွမှုနှုန်း စသောအချက်များအပေါ် အခြေခံကာ သတ်မှတ်ရမှာဖြစ်ပြီး အလုပ်သမားတစ်ဦးရဲ့ စားသောက်မှုကုန်ကျစရိတ်၊ မိသားစုနှုန်း၊ အလုပ်သမားရဲ့ လက်ရှိဝင်ငွေတို့ကိုလည်း ထည့်သွင်းတွက်ချက်ရမှာဖြစ်ကာ အနိမ့်ဆုံး လုပ်ခလစာကို ဒေသအလိုက်၊ လုပ်ငန်းအလိုက်၊ ကျွမ်းကျင်မှု အမျိုးအစားအလိုက် သတ်မှတ်ပေးပြီး လုပ်ခလစာ သတ်မှတ်ချက်များ တူညီမှုရှိမှာ မဟုတ်ပါဘူး။

ညွှန်းကိန်းများ အရေးပါ

ယင်းဥပဒေမှာ ပါရှိချက်အရ အနည်းဆုံးလုပ်ခလစာ သတ်မှတ်ပေးဖို့ဆိုရာမှာ ထည့်သွင်းတွက်ချက်ရမယ့် အချက်အလက် များစွာရှိနေပြီး လိုအပ်တဲ့ အချက်အလက်များဟာ ကိန်းသေသဘောထက် အမြဲတမ်း အပြောင်းအလဲ ရှိနေနိုင်တာကြောင့် အဘက်ဘက်က စဉ်းစားဆောင်ရွက်မှသာ လုပ်သားနဲ့ အလုပ်ရှင်များအတွက်ပါ အကောင်းဆုံးအခြေအနေကို ဆောင်ကြဉ်းပေးနိုင်မှာ ဖြစ်ပါတယ်။ အနည်းဆုံး လုပ်ခကြေးငွေ သတ်မှတ်ရာတွင် ထည့်သွင်းတွက်ချက်ရမယ့်အထဲမှာ နိုင်ငံတော်ရဲ့ စီးပွားရေးအခြေအနေ၊ ငွေဖောင်းပွနှုန်း၊ ကုန်ဈေးနှုန်း စတဲ့အတက်အကျရှိတဲ့ ညွှန်းကိန်းများ ပါဝင်တာကြောင့် အနည်းဆုံး လုပ်ခနှုန်းထားများဟာလည်း ညွှန်းကိန်းများ ပြောင်းလဲမှုကိုလိုက်ပြီး ပြောင်းလဲသတ်မှတ်ဖို့ ရှိနေမယ်လို့ ယူဆမိပါတယ်။ အဓိကအားဖြင့် အခြေခံယူ တွက်ဆမယ့် ကိန်းဂဏန်းများဟာ တိကျပြီး မျက်မှောက်အခြေအနေကို ထင်ဟပ်စေတဲ့ အချက်အလက်များဖြစ်စေဖို့ လိုအပ်မှာဖြစ်ပါတယ်။ သို့မှသာ လုပ်ခလစာများဟာ မျှတညီညွတ်တဲ့ နှုန်းထားတစ်ခုအဖြစ် ထွက်ပေါ်လာနိုင်မှာ ဖြစ်ပါတယ်။

ဂရုပြုလေ့လာဆန်းစစ်ရန်

လက်ရှိမှာ အဆိုပါအနည်းဆုံး လုပ်ခသတ်မှတ်ရာတွင် နှုန်းထားနဲ့ပတ်သက်ပြီး အလုပ်သမားများနဲ့ အလုပ်ရှင်များအကြား အငြင်းပွားမှုများ ရှိလာနိုင်ကြောင်း အလုပ်သမား အဖွဲ့အစည်းအချို့က ပြောကြားထားရာ အနည်းဆုံးလုပ်ခ သတ်မှတ်မှုတွင် ရည်ညွှန်းသော အချက်အလက်များ ခိုင်မာမှု ရှိ၊ မရှိ၊ အချက်အလက် မှန်ကန်ခြင်း ရှိ၊ မရှိက ပကတိအခြေအနေကို ထင်ဟပ်ပြီး တရားမျှတမှုရှိတဲ့ အနည်းဆုံးလုပ်ခနှုန်းထား သတ်မှတ်ခြင်းကို အဆုံးအဖြတ်ပေးနိုင်မှာ ဖြစ်ပါတယ်။ အနည်းဆုံးလုပ်ခ သတ်မှတ်ခြင်းဟာ နယ်ပယ်အားလုံးဖြင့်သက်ဆိုင်ပြီး အထူးသဖြင့် စီးပွားရေးနယ်ပယ်အပေါ် သက်ရောက်မှု အားကြီးတာကြောင့် ပါဝင်ဆက်စပ်နေသူအားလုံး အကျိုးရှိနိုင်မယ့် လုပ်ခသတ်မှတ်ရေးဟာ အရေးပါနေတာ ဖြစ်ပါတယ်။ သို့ဖြစ်၍ အနည်းဆုံး အခြေခံလုပ်ခ သတ်မှတ်နိုင်ရန် လွှတ်တော်မှာ တင်သွင်းလာပါက လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် ဂရုပြုလေ့လာဆန်းစစ်ဖို့လိုမှာ ဖြစ်ပါတယ်။

အငြင်းပွားမှုများ ဖြေရှင်းနိုင်

လက်ရှိမှာတော့ ဆိုခဲ့ပါ သုတေသနပြုချက်မှာ ပါဝင်တဲ့ အလုပ်သမားများဟာ စားရေး၊ နေရေးအတွက် ရရှိတဲ့ လုပ်ခလစာရဲ့ ရာခိုင်နှုန်း ၇ဝ နီးပါးကို အသုံးပြုနေရတာ ဖြစ်တာကြောင့် ကျန်းမာရေးစရိတ် အပါအဝင် အခြားကုန်ကျစရိတ်များ သုံးစွဲဖို့အတွက် လောက်ငမှုမရှိတဲ့ အခြေအနေမှာ ရှိနေတယ်လို့ ဆိုနိုင်ပါတယ်။ ဒီအတွက် သတ်မှတ်လိုက်မယ့် အနည်းဆုံး လုပ်ခလစာဟာ လုပ်သားအများစုရဲ့ အခြေခံလိုအပ်ချက်များကို ဖြည့်ဆည်းနိုင်ဖို့အတွက် အတတ်နိုင်ဆုံး ပကတိ အခြေအနေဖြင့် လိုက်လျောညီထွေရှိဖို့ လိုအပ်ပါတယ်။ ဒါ့အပြင် လုပ်သားများရဲ့ လုပ်ခငွေကို ပေးချေရမယ့် လုပ်ငန်းရှင်များအတွက်လည်း စီးပွားရေးလုပ်ငန်းများ လုပ်သာကိုင်သာ ရှိစေမယ့် အစီအမံများဟာလည်း လုပ်ခလစာ သတ်မှတ်မှုအပေါ် အကျိုးသက်ရောက်မှု ရှိပါတယ်။ ဥပမာအားဖြင့် စက်မှုဇုန်မြေဈေးနှုန်းများ အဆမတန် မြင့်မားနေမှုက စက်ရုံ၊ အလုပ်ရုံ ရင်းနှီးမြှုပ်နှံသူတွေရဲ့ အရင်းအနှီးကို မြင့်တက်စေပြီး လုပ်သားများရဲ့ လုပ်ခလစာ ပေးချေနိုင်မှုအပေါ် သက်ရောက်စေတဲ့ ဖြစ်ရပ်များကို ဖြေရှင်းနိုင်ခြင်းဖြင့် လုပ်သားများရရှိတဲ့ လုပ်ခများ နည်းပါးနေခြင်းကို လျှော့ချနိုင်မှာ ဖြစ်ပါတယ်။ အချို့အလုပ်ရှင်များကလည်း လုပ်သားများကို စေခိုင်းရာတွင် တန်ရာတန်ကြေးမပေးဘဲ စေခိုင်းမှုများကိုလည်း အနည်းဆုံး လုပ်ခကြေးငွေ သတ်မှတ်နိုင်ခြင်းဖြင့် ကာကွယ်နိုင်မှာဖြစ်ပြီး လက်ရှိဖြစ်ပွားနေတဲ့ အလုပ်သမား အငြင်းပွားမှုများ ဖြေရှင်းရာမှာ အထောက်အကူ ဖြစ်စေမှာပါ။

နိုင်ငံတွင်း စနစ်ကျတဲ့ အခြေခံလုပ်အားခ သတ်မှတ်နိုင်ခြင်းဖြင့် နိုင်ငံရဲ့ ဓနဥစ္စာ ခွဲဝေမှုမှာလည်း အကျိုးရှိနိုင်မှာဖြစ်ပြီး နိုင်ငံသားများအတွက်လည်း ရသင့်ရထိုက်တဲ့ လုပ်ခလစာများ ရရှိနိုင်မှာဖြစ်သလို နိုင်ငံသားများရဲ့ စားဝတ်နေရေး အခြေခံလိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်မယ့် အနည်းဆုံး လုပ်ခကြေးနှုန်းထားများ လျင်မြန်စွာ ထွက်ပေါ်လာရေး ဝိုင်းဝန်းဆောင်ရွက်ဖို့ လိုအပ်မှာဖြစ်ပါတယ်။


Eleven Media Group