၃၇ တန်ရှိသော ကျောက်စိမ်းတုံး တွေ့ပြီးနောက် ဖားကန့်ဒေသတွင် တစ်နိုင်တစ်ပိုင်တူးဖော်မှု ကန့်သတ်

ပို့စ်တင်ချိန် - 2/18/2014 05:06:00 PM


ကချင်ပြည်နယ်၊ ဖားကန့်ဒေသရှိ ကုမ္ပဏီပိုင် ကျောက်စိမ်းတွင်း တစ်ခုတွင် ကျောက်တူးဖော်သော လုပ်သားအချို့ လုပ်ငန်းခွင်ဝင်နေသည်ကို ၂၀၁၃ ဇူလိုင်လက တွေ့ရစဉ် ဓာတ်ပုံ - စိုးဇေယျာထွန်း/ ရိုက်တာ

Browse › Home › မြန်မာ့သတင်း » ၃၇ တန်ရှိသော ကျောက်စိမ်းတုံး တွေ့ပြီးနောက် ဖားကန့်ဒေသတွင် တစ်နိုင်တစ်ပိုင်တူးဖော်မှု ကန့်သတ်

ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဝေခါကျောက်မျက်မှော်တွင် ဖေဖော်ဝါရီ ၉ ရက်က ၃၇ တန်ရှိသည့် ကျောက်စိမ်းတုံးကြီး တွေ့ရှိပြီးနောက် ဝေခါမှော် အပါအ၀င် ဖားကန့်ဒေသရှိ ကျောက်မျက်မှော်အချို့တွင် တစ်နိုင်တစ်ပိုင် ကျောက်မျက်ရှာဖွေသူများအား ကျောက်တူးခြင်းမပြုရန် ဒေသအာဏာပိုင်များနှင့် တပ်မတော်မှ တားဆီးကန့်သတ်မှုများ ပြုလုပ်နေကြောင်း သတင်းရရှိသည်။

ဝေခါမှော်နှင့် အနီးဝန်းကျင်ရှိ ကျောက်မျက်တူးဖော်ရေးလုပ်ကိုင်သည့် မှော်များတွင် ဒေသခံရဲတပ်ဖွဲ့ဝင်များနှင့် တပ်မတော်သားများ လုံခြုံရေးအပြည့်ချထားပြီး တစ်နိုင်တစ်ပိုင်ကျောက်မျက်တူးဖော်သူများ၊ ရေမဆေးကျောက် ရှာဖွေသူများအား ကျောက်မျက်တူးဖော်ရှာဖွေခြင်း မပြုရန် တားမြစ်ထားခြင်းဖြစ်သည်။

အခြားမှော်များဖြစ်သည့် ဆိုင်းတောင်၊ ဆိပ်မူ၊ မမုံ၊ မှော်ဆီဇာ စသည့် ကျောက်မျက်လုပ်ကွက်များတွင်လည်း တစ်နိုင်တစ်ပိုင် ကျောက်တူးသူများနှင့် ရေမဆေးကျောက်ရှာသူများအား တားဆီးကန့်သတ်မှုများရှိပြီး မကြာခဏ ဖမ်းဆီးငွေညှစ်ခြင်း၊ ဖမ်းဆီးပြီး မိုးကောင်းမြို့သို့ ပြန်ပို့ခြင်းများ ပြုလုပ်နေကြောင်း ဖားကန့်ဒေသခံများနှင့် ကျောက်မျက်တူးဖော်နေသူများက ပြောသည်။

ဖေဖော်ဝါရီ ၉ ရက်တွင် ကျောက်မျက်တူးဖော်ရေးကုမ္ပဏီများနှင့် လွတ်ကင်းသည့်နေရာမှ ၃၇ တန် အလေးချိန်ရှိသည့် ကျောက်စိမ်းတုံးကို တစ်နိုင်တစ်ပိုင် ကျောက်မျက်ရှာဖွေတူးဖော်သူများက တွေ့ရှိခဲ့သည်။ ထိုသို့တွေ့ရှိပြီးနောက် ကျောက်စိမ်းတုံးကို ဒေသခံရဲတပ်ဖွဲ့နှင့် ဖားကန့်ဒေသ ကျောက်စိမ်းကျောက်မျက်ရုံးမှ ထိန်းသိမ်းစောင့်ရှောက်ထားကြောင်း ဖားကန့်မြို့နယ်အုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးကပြောသည်။

““ကျောက်စိမ်းတုံးကြီးတွေ့ပြီးတဲ့နောက်ပိုင်း ဝေခါဘက်ကို တစ်နိုင်တစ်ပိုင်သမားတွေ အ၀င်မခံတော့ဘး။ မမုံတို့၊ ဆိပ်မူတို့ဘက်မှာလည်း တစ်နိုင်တစ်ပိုင်သမားတွေကို ဒေသခံရဲနဲ့ တပ်မတော်သားတွေ ပေါင်းထားတဲ့အဖွဲ့က ဖမ်းဆီးငွေညှစ်တာတွေလုပ်နေတယ်”” ဟု ဖားကန့်မြို့နယ် ဆိပ်မူတွင်နေထိုင်သည့် ရွှေဘိုဒေသမှ လာရောက်ကာ ကျောက်မျက်လုပ်ငန်းလုပ်ကိုင်နေသူတစ်ဦးက ပြောသည်။

တစ်နိုင်တစ်ပိုင် ကျောက်မျက်ရှာဖွေသူများမှာ ကျီးလန့်စာစားဖြစ်နေရပြီး မကြာခဏ ဖမ်းဆီးငွေညှစ်ခံရခြင်း၊ ဖမ်းဆီးပြီး ကားပေါ်တင်ကာ မိုးကောင်းမြို့ သို့ အပို့ခံရခြင်းများ ကြုံတွေ့နေရသည်ဟု ဖားကန့်ဒေသတွင် နေထိုင်သူများက ပြောသည်။

လွန်ခဲ့သည့် ၂ နှစ်ကျော်က မြန်မာစစ်တပ်နှင့် ကချင်လွတ်မြောက်ရေးတပ်မတော် KIA တို့ ကြား ဖြစ်ပွားသော တိုက်ပွဲများကြောင့် ဖားကန့်ဒေသရှိ ကျောက်မျက်တူးဖော်ရေးလုပ်ကွက်များနှင့် ကုမ္ပဏီများ လုပ်ငန်းရပ်ဆိုင်းထားရန် သတ္တုတွင်းဝန်ကြီးဌာနက တားမြစ်ထားသည်။ လက်ရှိအချိန်တွင်ပင် ဖားကန့်ဒေသ၌ မြန်မာနိုင်ငံတစ်ဝန်းမှ လာရောက်နေထိုင်ပြီး ကျောက်ရှာဖွေသူ တစ်သိန်းခန့်ရှိသည်ဟု ဖားကန့်မြို့ခံများက ပြောသည်။

သို့သော် လက်ရှိအချိန်တွင် အဆိုပါ အခြေခံလူတန်းစား တစ်နိုင်တစ်ပိုင်များကို ဒေသခံရဲတပ် ဖွဲ့နှင့် တပ်မတော်သားများက ပူးပေါင်းဖမ်းဆီးသဖြင့် ငွေကျပ် သောင်းဂဏန်းမှ သိန်းချီပေးကာ ပြန်လည်ရွေးယူရခြင်း၊  မိုးကောင်းဘူတာရုံသို့ ပြန်လည်ပို့ဆောင်ခံရခြင်း စသည်များကြောင့် တစ်နိုင်တစ်ပိုင်သမားများ အလွန်ဒုက္ခတွေ့နေသည်ဟု ဖားကန့်မြို့နယ် NLD ပါတီ ဥက္ကဋ္ဌ ဦးရွှေသိန်းက ပြောသည်။

Author: မောင်တာ
7day Daily