မြန်မာ- ထိုင်း- မလေးရှားအကြား မိုဘိုင်းလ် ဖုန်းဖြင့် ငွေလွှဲနိုင်ရန် တယ်လီနော ဝန်ဆောင်မည်ဟုဆို

ပို့စ်တင်ချိန် - 2/18/2014 04:17:00 PM



ရန်ကုန်၊ ဖေဖော်ဝါရီ ၁၇

နော်ဝေ ဆက်သွယ်ရေး ကုမ္ပဏီ တယ်လီနောက မိုဘိုင်းလ် ဆက်သွယ်ရေး ကွန်ရက် ရှိထားပြီး ဖြစ်သည့် ထိုင်း၊ မလေးရှား နိုင်ငံတို့နှင့် မိုဘိုင်းလ် ဖုန်းမှ တစ်ဆင့် အပြန်အလှန် ငွေကြေး လွှဲပြောင်းသည့် ဝန်ဆောင်မှု မြန်မာနိုင်ငံတွင် ဝန်ဆောင် ပေးနိုင်ရန် လုပ်ဆောင်သွားမည် ဖြစ်ကြောင်း တယ်လီနော အာရှငွေကြေး ဝန်ဆောင်မှု ဌာန အကြီးအကဲ Roar Bjaerum က The Voice သို့ ပြောကြားသည်။

“ထိုင်းနဲ့ မလေးရှားကြားမှာ အပြန်အလှန် ပြောင်းရွှေ့ နေထိုင်သူတွေ ရှိတယ်။ အလုပ် လုပ်နေတဲ့ သူတွေလည်း ရှိနေတဲ့ အတွက်ကြောင့် ငွေလွှဲ ဝန်ဆောင်မှု ပေးနိုင်ဖို့ အစီအစဉ် ရှိတယ်။ နောက်ပြီး မြန်မာနိုင်ငံကနေ သွားပြီး အလုပ် လုပ်တဲ့သူတွေ ရှိတဲ့ အတွက်ကြောင့် တိုက်ရိုက် ငွေကြေး လွှဲပြောင်းနိုင်ဖို့ အတွက်လည်း စဉ်းစားနေပါတယ်” ဟု ၎င်းက ဆိုသည်။

လတ်တလောတွင် တယ်လီနော ကွန်ရက်ရှိသော နိုင်ငံများအကြား တိုက်ရိုက် ငွေလွှဲနိုင်သည့် ဝန်ဆောင်မှုမျိုး မရှိသေးသော်လည်း လာမည့် ကာလများတွင် ပြုလုပ်သွားရန် စီစဉ်နေကြောင်း ၎င်းက ဆိုသည်။

“ဘယ်တော့လောက် စဖြစ်မလဲဆိုတာ အတိအကျ မပြောနိုင်သေးဘူး။ ဘာလို့လဲဆိုတော့ နည်းပညာအရ အခက်အခဲ ဖြစ်နေလို့ မဟုတ်ဘူး။ အခု လောလောဆယ် ဒီနိုင်ငံတွေ ကြားထဲမှာ ငွေလွှဲတယ် ဆိုတာက ရှိနေပြီးသား။ အဲဒါတွေထက် ပိုကောင်းအောင် လုပ်ဖို့ ပြင်ဆင်နေတာပါ။ ပိုပြီး လုပ်နိုင်ပြီ ဆိုရင်တော့ စပါမယ်။ ဒီဟာတွေကို မကျော်နိုင်ပဲနဲ့ ဒီနေ့ စဖို့ကတော့ မဖြစ်နိုင်ပါဘူး” ဟု ၎င်းက ဆိုသည်။

မြန်မာရွှေ့ပြောင်း လုပ်သား အများစုရှိရာ မလေးရှားနှင့် ထိုင်းနိုင်ငံတို့မှ ဟွန်ဒီ စနစ်ဖြင့် ငွေကြေး လွှဲပြောင်းသည့် ဝန်ဆောင်မှု လုပ်ငန်းများ ရှိသော်လည်း မိုဘိုင်းလ် ဖုန်းဖြင့် ငွေလွှဲနိုင်မည် ဆိုပါက ရွှေ့ပြောင်း လုပ်သားများအတွက် အလွန် အကျိုးရှိနိုင်ကြောင်း ကွာလာလမ်ပူရှိ စားသောက်ဆိုင် တစ်ခုတွင် အလုပ် လုပ်ကိုင်နေသူ ကိုမောင်မောင်ဦးက ဆိုသည်။

“အချိန်ကုန် သက်သာသွားမယ်။ အခု ဟွန်ဒီကနေ လွှဲရင် ဒီနေ့လွှဲရင် မနက်ဖြန်မှ ထုတ်လို့ ရတယ်။ မိုဘိုင်းလ် ဖုန်းနဲ့ လွှဲလို့ ရရင် ချက်ချင်း ထုတ်လို့ ရနိုင်တယ်။ အဲဒါ ကောင်းတာပေါ့” ဟု ၎င်းက ဆိုသည်။

တယ်လီနော မြန်မာက မြန်မာနိုင်ငံ အတွင်းရှိ ဘဏ်ဝန်ဆောင်မှု အသုံးမပြုနိုင်သူများ အတွက် မိုဘိုင်းလ် ငွေကြေး ဝန်ဆောင်မှု လုပ်ငန်းများ ဆောင်ရွက်ရန် ပြင်ဆင်နေပြီး မိုဘိုင်းလ် ဖုန်းမှ တစ်ဆင့် လစာ ပေးချေခြင်း လုပ်ငန်း၊ လူမှု ဖူလုံရေး လုပ်ငန်း ဆောင်ရွက်ခြင်းနှင့် ငွေကြေး လွှဲပြောင်းမှု လုပ်ငန်းများကို လုပ်ကိုင်သွားမည် ဖြစ်ကြောင်း တယ်လီနော မြန်မာထံမှ သိရှိရသည်။

The Voice Weekly