ယူနတီသတင်းဂျာနယ် အမှုဆောင်အရာရှိချုပ်နှင့် သတင်းထောက် လေးဦးအား ထောင်ဒဏ် ၁၄ နှစ်အထိ အပြစ်ပေးနိုင်သည့် မြန်မာနိုင်ငံလျှို့ဝှက်ချက်အက်ဥပဒေကို ဖောက်ဖျက်ခဲ့သည်ဆိုသော စွဲချက်အား ကြားနာစစ်ဆေးရန် ပခုက္ကူခရိုင်တရားရုံးက အတည်ပြုလက်ခံ

ပို့စ်တင်ချိန် - 2/15/2014 01:43:00 PM

အဖမ်းခံထားရသော ယူနတီဂျာနယ်မှ သတင်းထောက်များကို ဖေဖော်ဝါရီ ၁၄ ရက်က ရုံးထုတ်လာသည်ကိုတွေ့ရစဉ် (ဓာတ်ပုံ -သက်ထိန်ဝင်း)

ဇန်န၀ါရီ ၂၅ ရက်နေ့ထုတ် ယူနတီသတင်းဂျာနယ် အတွဲ (၃) အမှတ် (၄) တွင် ဖော်ပြခဲ့သော လျှို့ဝှက်လက်နက်စက်ရုံ သတင်းဆောင်းပါးနှင့်ပတ်သက်၍ အဆိုပါဂျာနယ်၏ အမှုဆောင်အရာရှိချုပ် ဦးတင်ဆန်းအပါအ၀င် သတင်းရေးသားသူ သတင်းထောက် လေးဦးအား ထောင်ဒဏ် ၁၄ နှစ်အထိ အပြစ်ပေးနိုင်သော မြန်မာနိုင်ငံလျှို့ဝှက်ချက် အက်ဥပဒေကို ဖောက်ဖျက်ခဲ့မှုဖြင့် ဒုတိယဗိုလ်မှူးကြီး ကျော်ကျော်ဦးက တရားလိုပြုလုပ်ပြီး ပေါက်မြို့မရဲစခန်းတွင် (ပ)၈/၂၀၁၄ ဖြင့် စွဲဆိုထားသောအမှုအား ကြားနာစစ်ဆေးရန် ဖေဖော်ဝါရီ ၁၄ ရက်က ပခုက္ကူခရိုင်တရားရုံးတရားသူကြီး ဦးမောင်မောင်ဌေးက လက်ခံလိုက်သည်။

ပခုက္ကူခရိုင်တရားရုံး၌ ဖေဖော်ဝါရီ ၁၄ ရက်တွင် စတင်ရုံးထုတ်ခဲ့သော အဆိုပါရုံးချိန်းသို့ ရန်ကုန်အင်းစိန်ထောင်မှ ရွှေ့ပြောင်းခံထားရသော အမှုဆောင်အရာရှိချုပ် ဦးတင်ဆန်း၏ မိသားစုနှင့် ကိုသဲရာဇာဦးတို့၏ မိခင်နှင့်ဇနီးသည်တို့သာ လာရောက်နိုင်ခဲ့ပြီးကို ပိုင်သက်ကျော်၊ ကိုစည်သူစိုးတို့၏ မိသားစုများမှာ ထောင်ပြောင်းရွှေ့ပြီး စစ်ဆေးခံရမည်ဆိုသည်ကို အချိန်မီမသိရှိခဲ့သည့်အတွက် လာရောက်နိုင်ခဲ့ခြင်း မရှိကြောင်း သိရသည်။

"ထောင်ထဲမှာ နှစ်ယောက်တစ်ခန်းနေရတယ်လို့တော့ သိရပါတယ်။ မနေ့ကအထိ ကိုသဲရာဇာဦးနဲ့ ကိုစည်သူစိုးကို ထပ်စစ်တယ်လို့ပြောပါတယ်။ ဒီပခုက္ကူကိုခေါ်လာတာ ဘယ်မိသားစုကိုမှ အကြောင်းမကြားဘူး။ ဒီမှာအဖမ်းခံထားရတဲ့ ပေါက်သတင်းထောက် ကိုလူမော်နိုင်ရဲ့အမျိုးသမီး မလွင်လွင်မြင့်က ထောင်ဝင်စာသွားတွေ့ရင်း မြင်လို့ အကြောင်းကြားမှ သိရတာ။ ကျွန်မတို့က အင်းစိန်မှာပဲလို့ သိထားတာ။ ဒီလို ဆိုးဆိုးရွားရွား ဆက်ဆံတာကိုတော့ ကျွန်မအနေနဲ့ စိတ်မကောင်းဖြစ်ရပါတယ်။ ဒီလိုတွေသာဆိုရင် မီဒီယာသမားတွေအတွက် လုံခြုံမှုဘယ်မှာရှိတော့မှာလဲ။ မြင်သမျှ ချပြရေးပြလို့မရဘူးဆိုရင် ဒီလိုပဲ သတင်းထောက်တွေကို ထောင်က ကြိုနေသလို ဖြစ်နေတော့မှာပဲ"ဟု ကိုသဲရာဇာဦး၏ အမျိုးသမီး မသိင်္ဂီထွန်းက ပြောကြားသည်။

ယူနတီသတင်းဂျာနယ်၏ အမှုဆောင်အရာရှိချုပ် ဦးတင်ဆန်း၏ အကျိုးဆောင်ရှေ့နေအဖြစ် လိုက်ပါဆောင်ရွက်မည့် ဦးသန်းဇော်အောင်က အမှုနှင့်ပတ်သက်ပြီး "နိုင်ငံတော်လျှို့ဝှက်ချက် အက်ဥပဒေပုဒ်မ ၃(၁)(က)/၉ နဲ့ ဒုတိယဗိုလ်မှူးကြီးကျော်ကျော်ဦးက တရားလိုလုပ်ပြီး စွဲတာပါ။ လိုပြသက်သေအနေနဲ့ အယောက် ၄၀ ထွက်ဆိုမယ်လို့ သိရပါတယ်။ ရုံးချိန်းကို ဖေဖော်ဝါရီ ၂၄ရက်မှာ ပြန်ချိန်းထားပါတယ်။ အာမခံရဖို့နဲ့ အမှုကို ရန်ကုန်မှာ ပြောင်းလဲစစ်ဆေးဖို့ ဆက်လက်လုပ်ဆောင်သွားပါမယ်" ဟု ပြောကြားသည်။

ဇန်န၀ါရီ ၃၁ ရက်ကတည်းက ဖမ်းဆီးခံထားရသူ ပေါက်မြို့နယ် သတင်းထောက် ကိုလူမော်နိုင်နှင့်အတူ ခေါ်ယူစစ်ဆေးခံခဲ့ရသည့် ဇနီးဖြစ်သူ မလွင်လွင်မြင့်အား သက်ဆိုင်ရာ အာဏာပိုင်များက ဖေဖော်ဝါရီ ၁၄ ရက်တွင် အမှုမှပယ်ဖျက်ပေးခဲ့ကြောင်း သိရသည်။ မလွင်လွင်မြင့်မှာ ဖေဖော်ဝါရီ ၃ ရက်က ခင်ပွန်းရှိရာသို့ ထောင်ဝင်စာလာတွေ့ရင်း ထိန်းသိမ်းခံခဲ့ရကာ ဖေဖော်ဝါရီ ၄ ရက်တွင် အာမခံဖြင့် ပြန်လွှတ်ပေးခြင်းခံခဲ့ရသည်။

"ကိုလူမော်နိုင်တို့ ရုံးထုတ်မှာဖြစ်လို့ ထောင်ရှေ့မှာ လာစောင့်နေတုန်း ရဲတပ်ဖွဲ့တာဝန်ရှိသူတွေက မေးစရာရှိလို့ လိုက်ခဲ့ပါဦးဆိုပြီး ရဲတပ်ဖွဲ့ရုံးတစ်ခုကို ခေါ်သွားတယ်။ အဲဒီရောက်မှပဲ အမှုကနေ ပယ်ဖျက်လိုက်တယ်လို့သိရပြီး လက်မှတ်ထိုးပြန်ခဲ့ရပါတယ်" ဟု ပြောကြားသည်။

ပခုက္ကူခရိုင်တရားရုံးတွင် တရားရင်ဆိုင်နေကြရသည့် ယူနတီသတင်းဂျာနယ် အမှုဆောင်အရာရှိချုပ် ဦးတင်ဆန်းနှင့် ရန်ကုန်မှ သတင်းထောက်များဖြစ်သော ကိုသဲရာဇာဦး၊ ကိုပိုင်သက်ကျော်နှင့် ကိုစည်သူစိုးတို့အတွက် အကျိုးဆောင်ရှေ့နေအဖြစ် ဦးသန်းဇော်အောင်၊ ဦးကွမ်းဇော်နှင့် ဦးလှဝင်းစိုးတို့က လိုက်ပါဆောင်ရွက်မည်ဖြစ်ပြီး ပေါက်မြို့နယ်သတင်းထောက် ကိုလူမော်နိုင်၏ အကျိုးဆောင်ရှေ့နေအဖြစ် ဦးရောဘတ်စန်းအောင်က ဆောင်ရွက်ကြမည်ဖြစ်သည်။

ယူနတီသတင်းဂျာနယ်၏ အမှုဆောင်အရာရှိချုပ် ဦးတင်ဆန်းကို စွဲချက်တင်ပြီးချိန်တွင် ရွှေကလောင်ဆုရှင် ဒေါက်တာသန်းထွဋ်အောင်က ဦးတင်ဆန်းဘက်မှ တရားခံပြသက်သေအဖြစ် ထွက်ဆိုမည်ဟု ဖေဖော်ဝါရီ ၁၃ ရက်ထုတ် ယူနတီသတင်းဂျာနယ် အတွဲ ၃ အမှတ် ၇ မျက်နှာဖုံးတွင်ပါရှိသော သတင်းဖော်ပြချက်အရ သိရသည်။

Eleven Media Group ၏ CEO ဖြစ်ပြီး ၂၀၁၃ ခုနှစ်အတွက် ကမ္ဘာ့သတင်းစာများနှင့် သတင်းစာထုတ်ဝေသူများ အစည်းအရုံး (WAN-IFRA) မှ ပေးအပ်သော ရွှေကလောင်ဆုကို ရရှိခဲ့သော ဒေါက်တာသန်းထွဋ်အောင်က သတင်းလွတ်လပ်ခွင့်နှင့် သတင်းသမားများ၏ အခွင့်အရေးကို ကာကွယ်စောင့်ရှောက်သည့်အနေဖြင့် တရားခံပြ ထွက်ဆိုမည်ဖြစ်ကြောင်း ယူနတီဂျာနယ်တွင် ဖော်ပြထားချက်အရ သိရသည်။

ဒေါက်တာ သန်းထွဋ်အောင်က ယူနတီဂျာနယ်သို့ ပြောကြားရာတွင်"ကိုတင်ဆန်းအပါအ၀င် အဖမ်းခံထားရတဲ့ သတင်းထောက်တွေကို ကျွန်တော်လုံးဝမသိပါဘူး။ အခုချိန်မှာ သတင်းထောက်တွေအတွက် ၁၉၂၃ လျှို့ဝှက်ဥပဒေဆိုတာ မရှိသင့်တော့ဘူး။ သတင်းလွတ်လပ်ခွင့်နဲ့ သတင်းသမားတွေရဲ့ အခွင့်အရေးကို ကာကွယ်သောအားဖြင့် ဂျာနယ်လစ်ဇင် ရှုထောင့်ကနေ မှန်ကန်ကြောင်း သက်သေထွက်ပေးမယ်"ဟုဆိုသည်။

ယူနတီဂျာနယ် အမှုဆောင်အရာရှိချုပ်နှင့် သတင်းထောက်များ ထိန်းသိမ်းခံခဲ့ရခြင်းအား နိုင်ငံတကာ ဂျာနယ်လစ်အဖွဲ့အစည်းများဖြစ်သော ဂျာနယ်လစ်များ ကာကွယ်စောင့်ရှောက်ရေးကော်မတီ (CPJ) ၊ နယ်စည်းမခြားသတင်းထောက်များအဖွဲ့ (RSF) နှင့် နိုင်ငံတကာဂျာနယ်လစ်များအဖွဲ့ချုပ် (IJF) တို့က ကန့်ကွက်ကြောင်း ကြေညာချက်အသီးသီး ထုတ်ပြန်ခဲ့သည်။ ထို့အတူ ထိန်းသိမ်းထားသော ဂျာနယ်လစ်များကို အမြန်ဆုံးပြန်လွှတ်ပေးရန်နှင့် ဥပဒေဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ရန် ၎င်းတို့က တိုက်တွန်းခဲ့သည်။

Eleven Media Group