ထိုင်း-မြန်မာ နယ်စပ်ဒုက္ခသည် စခန်းများတွင် တစ်နှစ်အတွင်း ဒုက္ခသည် ၇ ရာခိုင်နှုန်း လျော့နည်းသွားဟုဆို

ပို့စ်တင်ချိန် - 2/05/2014 08:26:00 PM


ရန်ကုန်၊ ဖေဖော်ဝါရီ ၎

ပြည်တွင်းစစ်များ၊ ပဋိပက္ခများကြောင့် ထိုင်း-မြန်မာ နယ်စပ်သို့ တိမ်းရှောင် ခိုလှုံခဲ့ကြသည့် စစ်ဘေးသင့် ဒုက္ခသည် စခန်းများတွင် လတ်တလော ကောက်ယူထားသော စာရင်းများအရ ၂၀၁၃ ခုနှစ် တစ်နှစ်အတွင်း ဒုက္ခသည် ၇ ရာခိုင်နှုန်းကျော် လျော့နည်းသွားကြောင်း နယ်စပ်ဒေသ အကူအညီပေးရေး ညွှန်းပေါင်းအဖွဲ့ (TCB) မှ ပြောရေးဆိုခွင့်ရှိသူ Mr.Mike Bruce က The Voice သို့ ပြောကြားသည်။

၂၀၁၂ ခုနှစ် အကုန်ပိုင်းတွင် ကောက်ယူထားသော စာရင်းများအရ ထိုင်း-မြန်မာနယ်စပ်ရှိ ဒုက္ခသည်စခန်း ၉ ခုတွင် စုစုပေါင်း ဒုက္ခသည် ၁၂၈,၂၀၀ ဦး ရှိခဲ့သော်လည်း၊ ၂၀၁၃ ခုနှစ် ဒီဇင်ဘာလ အကုန်ပိုင်းတွင် ကောက်ယူထားသော စာရင်းများအရ ဒုက္ခသည်ဦးရေမှာ ၁၁၉,၁၅၆ ဦးအထိ လျော့နည်းသွားပြီး ဒုက္ခသည်ဦးရေ ၁၇,၉၀၅ သည် ဒုက္ခသည်စခန်းများမှ ထွက်ခွာသွားကြောင်း ၎င်းက ရှင်းပြသည်။

ဒုက္ခသည်စခန်းများမှ ထွက်ခွာသွားသော အဆိုပါ ဒုက္ခသည် တစ်သောင်းကျော် နက် ၇,၆၄၉ ဦးသည် ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး၏ ဒုက္ခသည်များ ပြန်လည် နေရာချထားရေး အစီအစဉ်အရ တတိယ နိုင်ငံသားအဖြစ် လွှဲပြောင်းခံယူ သွားသူများ ဖြစ်ကြောင်း ၎င်းက ထပ်လောင်းပြောကြားသည်။

ကျန်ရှိသော ဒုက္ခသည်များမှာ မြန်မာနိုင်ငံသို့ ပြန်လည် ဝင်ရောက်ခြင်း၊ သေဆုံးခြင်း၊ အလုပ်အကိုင်သစ် ရရှိသွားခြင်းတို့ကြောင့် ဒုက္ခသည် စခန်းများမှ ထွက်ခွာသွားခြင်း ဖြစ်ကြောင်း ၎င်းကဆိုသည်။

သို့သော် နယ်စပ်ဒုက္ခသည် စခန်းများတွင် ဒုက္ခသည် တစ်သောင်းခုနစ်ထောင်ကျော် လျော့နည်း သွားသော်လည်း စခန်းများသို့ ဒုက္ခသည်အသစ် ၈၀၀၀ ကျော် ထပ်မံတိုးပွား လာသောကြောင့် လက်ရှိ အနေအထားအရ အသားတင် လျော့နည်းသွားသော ဒုက္ခသည်ဦးရေမှာ ၉,၀၄၄ ဦး ဖြစ်သွားကြောင်း TCB ၏ အမှုဆောင် ညွှန်ကြားရေးမှူး မစ္စဆယ်လီသွန်မ်ဆင်က ပြောကြားသည်။

ယင်းအသစ်တိုးလာသော ဒုက္ခသည် ၈၀၀၀ ကျော်အနက် ၅၀၀၀ ကျော်သည် နိုင်ငံရေး ခိုလှုံခွင့် တောင်းဆိုသည့် ဒုက္ခသည်များ ဖြစ်ပြီး၊ ကျန် ၃၀၀၀ ကျော်မှာ ၂၀၁၃ ခုနှစ်အတွင်း မွေးလာခဲ့သော ကလေးငယ်များ ဖြစ်ကြောင်း ၎င်းကထပ်လောင်း ပြောကြားသည်။

ထို့ကြောင့် ဒုက္ခသည်စခန်းများရှိ ဒုက္ခသည်များအတွက် လုံခြုံရေးနှင့် လူသားချင်း စာနာထောက်ထားမှု ဆိုင်ရာ အကူအညီများ လိုအပ်နေဆဲ ဖြစ်ကြောင်း ၎င်းကဆိုသည်။

ထို့အပြင် ဒုက္ခသည်စခန်းမှ ထွက်ခွာသွားသော ဒုက္ခသည် အများစုသည် နေရပ်ပြန်သွားခြင်း မဟုတ်ဘဲ ရွှေ့ပြောင်း လုပ်သားများအဖြစ် အလုပ်လုပ်ကိုင်ရန် ထွက်ခွာကြသူများ ပိုများကြောင်း Mr.Mike ကဆိုသည်။

TCB အပါအဝင် ကုလသမဂ္ဂ၊ မြန်မာအစိုးရ၊ ထိုင်းအစိုးရနှင့် နိုင်ငံတကာ မိတ်ဖက် အဖွဲ့အစည်းများ၏ ဘုံသဘောထားမှာ လက်ရှိ အခြေအနေသည် ဒုက္ခသည်များအားလုံး စနစ်တကျ ပြန်လည် အခြေချ နေထိုင်ရေးအတွက် အခြေအနေကောင်းများ မဟုတ်ဟု လက်ခံထားကြကြောင်း ၎င်းက ရှင်းပြသည်။

TCB သည် ၁၉၉၄ ခုနှစ်မှ စတင်ကာ မြန်မာနိုင်ငံမှ စစ်ဘေးဒုက္ခသည်များ၊ အိုးအိမ်ပျက်စီး၍ ရွှေ့ပြောင်း နေထိုင်နေရသော ဒုက္ခသည်များကို စားနပ်ရိက္ခာ၊ နေရာထိုင်ခင်း ထောက်ပံ့ခြင်း၊ စွမ်းရည် မြှင့်တင်ရေးနှင့် ရပ်ရွာအခြေပြု စီမံခန့်မှုဆိုင်ရာ သင်တန်းများ ပို့ချပေးလျက် ရှိသည်။

TCB ခေါ် နယ်စပ်ဒေသ အကူအညီ ပေးရေး ညွှန့်ပေါင်း အဖွဲ့သည် နိုင်ငံပေါင်း ၈ နိုင်ငံမှ အစိုးရ မဟုတ်သော နိုင်ငံတကာ အဖွဲ့အစည်း ၁၀ ခုဖြင့် ပေါင်းစည် ဖွဲ့စည်းထားသောအဖွဲ့ ဖြစ်သည်။

The Voice Weekly