တရုတ်သမ္မတဟောင်း ကျန်ဇီမင်းကို ဖမ်းဆီးပေးရန် အင်တာပိုကို စပိန်တရားသူကြီး တောင်းဆို

ပို့စ်တင်ချိန် - 2/12/2014 11:28:00 PM


မက်ဒရစ်၊ ဖေဖော်ဝါရီ ၁၁

တရုတ်သမ္မတဟောင်း ကျန်ဇီမင်းကို တိဘတ်ဒေသ၌ လူမျိုးတုံး သတ်ဖြတ်မှု ကျုးလွန်ခဲ့သည်ဟု စပိန်တရားရုံးက စွပ်စွဲလိုက်ပြီး သမ္မတဟောင်းကို ဖမ်းဆီးပေးရန် အပြည်ပြည်ဆိုင်ရာ ရဲတပ်ဖွဲ့ အင်တာပိုကို စပိန်တရားရုံးချုပ် တရားသူကြီး မာရီနိုက တောင်းဆိုလိုက်ကြောင်း Reuters သတင်းတွင် ဖော်ပြထားသည်။

တိဗက် လူ့အခွင့်အရေး အုပ်စုတစ်ခုက စပိန်တရားရုံး၌ တရားစွဲဆိုထားခြင်းကြောင့် တရုတ်သမ္မတဟောင်း ကျန်ဇီမင်း၊ ဝန်ကြီးချုပ်ဟောင်း လီပန်းနှင့် အခြားသော တရုတ်အရာရှိ သုံးဦးကို မေးခွန်းမေးနိုင်ရန်အတွက် ဖမ်းဆီးပေးရန် အပြည်ပြည်ဆိုင်ရာ ရဲတပ်ဖွဲ့ကို တရားသူကြီး မာရီနိုက တောင်းဆိုလိုက်သည်။

သို့သော်လည်း စပိန်အာဏာရ ပြည်သူ့ပါတီက ကမ္ဘာအနှံ့ တရားစီရင်ပိုင်ခွင့်နှင့် ပတ်သက်နေသည့် တရားသူကြီးများ၏ စွမ်းရည်ကို ကန့်သတ်နိုင်ရေး ဥပဒေထုတ်ပြန်ရန် အလျင်အမြန် ကြိုးပမ်းနေခြင်းကြောင့် တရုတ်သမ္မတဟောင်း အမှုမှာ တိုးတက်မှု ရရှိနိုင်မည် မဟုတ်ချေ။

လူသားမျိုးနွယ်အပေါ် ရာဇဝတ်မှု ကျူးလွန်လျှင် နယ်နိမိတ်များကို ကျော်လွှားပြီး တရားစွဲဆိုနိုင်သည်ဟု ကမ္ဘာအနှံ့ တရားစီရင်ပိုင်ခွင့်မူတွင် ဖော်ပြထားသည်။

ယင်းမူကို အသုံးပြုပြီး ချီလီ အာဏာရှင်ဟောင်း သြဂတ်စတိုပီနိုချေကို ၁၉၉၈ ခုနှစ်တွင် လန်ဒန်မြို့၌ ဖမ်းဆီးခဲ့ပြီး နောက်ပိုင်းတွင် ကျန်းမာရေး အခြေအနေကြောင့် ပီနိုချေကို ချီလီနိုင်ငံသို့ ပြန်သွားခွင့်ပြုခဲ့သည်။

တိဗက်ပြည်သူများအပေါ် အလွဲသုံးစားမှု၊ နှိပ်စက်မှု၊ လူ့အခွင့်အရေး ချိုးဖောက်မှု ကျူးလွန်ခဲ့သူများအပေါ် တရုတ်သမ္မတ ကျန်ဇီမင်းက ကြီးကြပ် တာဝန်ယူခဲ့ရကြောင်း စပိန်တရားသူကြီး မာရီနို၏ အမိန့်တွင် ဖော်ပြထားသည်။

ယင်းကဲ့သို့သော အပြုအမူများနှင့် ပတ်သက်၍ တရုတ်နိုင်ငံက လွန်စွာမကျေမနပ် ဖြစ်ရကြောင်း၊ အဆိုပါအရေးမှာ နှစ်နိုင်ငံ ဆက်ဆံရေးကို ထိခိုက်နိုင်ကြောင်း တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနက စပိန်နိုင်ငံကို ပြောကြားလိုက်သည်။

တရုတ်နှင့် စပိန်နှစ်နိုင်ငံကြား ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုမှာ ပြီးခဲ့သည့် ဆယ်စုနှစ်အတွင်း တိုးပွားလာခဲ့သော်လည်း စပိန်နိုင်ငံ၏ စီးပွားရေးမှာ ပဋိပက္ခများနှင့် ကြုံတွေ့နေရခြင်းကြောင့် လက်ရှိတွင် စီးပွားရေးဆက်ဆံမှု တုံ့ဆိုင်းလျက် ရှိသည်။

တရုတ်ကွန်မြူနစ် တပ်ဖွဲ့များက တိဗက်ဒေသကို ၁၉၅၀ ပြည့်နှစ်တွင် သိမ်းပိုက်လိုက်ပြီး ယင်းကဲ့သို့ လုပ်ဆောင်ခြင်းမှာ ဆင်းရဲမှု၊ ကုပ်သွေးစုပ်မှု၊ စီးပွားရေး ကျပ်တည်းမှုများ ကြုံတွေ့နေရသော ဟိမဝန္တာဒေသကို ငြိမ်းချမ်းစွာ လွတ်မြောက်စေလိုက်ခြင်း ဖြစ်သည်ဟု တရုတ်တို့က ထုတ်ပြန်ခဲ့သည်။

ယင်းကဲ့သို့သော သိမ်းပိုက်မှုကို တိဗက်လူမျိုးများက လက်ခံခြင်းမရှိဘဲ အချို့သော တိဗက်များက တရုတ်သိမ်းပိုက်မှုကို လက်ရှိအချိန်ထိ ဆန့်ကျင်ကန့်ကွက်လျက် ရှိသည်။

တိဗက်ထောက်ပံ့ရေး အုပ်စုနှစ်ခုနှင့် စပိန်နိုင်ငံသား ခံယူထားသည့် တိဗက် ဗုဒ္ဓဘာသာ ဘုန်းတော်ကြီး တက်ဘန်ဝန်ချန်က တရုတ်သမ္မတဟောင်း ကျန်ဇီမင်းနှင့် အခြားသော ခေါင်းဆောင်များကို ၂၀၀၆ ခုနှစ်မှစတင်ပြီး စပိန်တရားရုံးတွင် တရားစွဲဆိုခဲ့ခြင်း ဖြစ်သည်။

စပိန်တရားရုံးများမှာ လူ့အခွင့်အရေး ချိုးဖောက်မှုများနှင့် ပတ်သက်ပြီး နိုင်ငံတကာမှ လူပုဂ္ဂိုလ်များကို တရားစွဲဆိုခြင်း၊ ဖမ်းဆီးခြင်း၊ မေးခွန်းထုတ်ခြင်းတို့ မကြာခဏ ပြုလုပ်နေပြီး တရုတ်သမ္မတဟောင်း အရေးမှာ နောက်ဆုံး ပေါ်ထွက်လာသည့် အမှုဖြစ်သည်။

အပြည်ပြည်ဆိုင်ရာ ရဲတပ်ဖွဲ့သည် အဖွဲ့ဝင်နိုင်ငံ ၁၉၀ မှ တရားရုံးများ၏ အမိန့်ကို အခြေခံပြီး အနီရောင် သတိပေးချက်ကို ထုတ်ပြန်လေ့ရှိကာ ယင်းသတိပေးချက် ထုတ်ပြန်ပါက အဖွဲ့ဝင်နိုင်ငံများရှိ ရဲများက ကြေညာချက် ထုတ်ပြန်ခံထားရသူကို ဖမ်းဆီးနိုင်ခွင့်ရှိသည်။

The Voice Weekly