ကမ္ဘာ့ကာကွယ်ရေး အသုံးစရိတ် မြင့်တက်မှုတွင် အာရှအသုံးစရိတ်က အဓိကပါဝင်ခဲ့

ပို့စ်တင်ချိန် - 2/07/2014 08:30:00 AM




ဇန်န၀ါရီ ၃၀ ရက်တွင် အိုမန်ပင်လယ်ကွေ့၌ ဆိုက်ကပ်ထားသော အမေရိကန် ရေတပ်သင်္ဘော USS Harry S.Trumann ပေါ်၌ ရပ်ထားသည့် အမေရိကန်ရေတပ်၏ ဂျက်တိုက်လေယာဉ်များ (Photo:AFP)

အာရှနှင့် အရှေ့အလယ်ပိုင်း ဒေသတို့တွင် လက်နက်အားပြိုင်ပွဲများကြောင့် ကမ္ဘာ့ကာကွယ်ရေး အသုံးစရိတ်သည် ၂၀၁၄ ခုနှစ်၌ ငါးနှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် မြင့်တက်မည်ဖြစ်ကြောင်း IHS Jane က ဖေဖော်ဝါရီ ၄ ရက်တွင် ထုတ်ပြန်ခဲ့သော နှစ်စဉ်ကာကွယ်ရေး အသုံးစရိတ်ဆိုင်ရာ ပြန်လည်သုံးသပ်မှု လေ့လာချက်၌ ဖော်ပြထားသည်။

ကမ္ဘာ့ကာကွယ်ရေး အသုံးစရိတ်သည် အနောက်နိုင်ငံများ၏ အသုံးစရိတ် ကျဆင်းမှုကြောင့် ပြီးခဲ့သောငါးနှစ်အတွင်း ကျဆင်းခဲ့သော်လည်း ယခုနှစ်တွင် ၀ ဒသမ ၆ ရာခိုင်နှုန်း မြင့်တက်မည်ဖြစ်ကြောင်း ကမ္ဘာ့ကာကွယ်ရေး အသုံးစရိတ်ကို အနီးကပ်စောင့်ကြည့်သည့် ယင်းအဖွဲ့၏ လေ့လာမှုကဆိုသည်။

“ပြီးခဲ့တဲ့ နှစ်နှစ်ကျော်မှာ ရုရှား၊ တရုတ်၊ အိန္ဒိယ၊ ဆော်ဒီအာရေဗျနဲ့ အိုမန်လိုနိုင်ငံတွေရဲ့ ကာကွယ်ရေးအသုံးစရိတ် ဆက်တိုက်မြင့်တက်လာခဲ့ပါတယ်” ဟု IHS Jane ၏ လေကြောင်းအာကာသ၊ ကာကွယ်ရေးနှင့် လုံခြုံရေးဌာနညွှန်ကြားရေးမှူး ပေါဘာတန်က ပြောကြားခဲ့သည်။

ရုရှားသည် ပြီးခဲ့သောနှစ်တွင် ကာကွယ်ရေးအသုံးစရိတ် ဒေါ်လာ ၆၈ ဘီလျံထိ သုံးစွဲခဲ့ပြီး လာမည့်သုံးနှစ်အတွက်
ကာကွယ်ရေးအသုံးစရိတ်ကို ၄၄ ရာခိုင်နှုန်း တိုးမြှင့်သုံးစွဲရန် စီစဉ်နေကြောင်း ယင်းလေ့လာမှုက ဖော်ပြထားသည်။ ပြီးခဲ့သောနှစ်တွင် တရုတ်က ကာကွယ်ရေးအသုံးစရိတ် ဒေါ်လာ ၁၃၉ ဘီလျံ သုံးစွဲခဲ့ကြောင်း သိရပြီး အမေရိကန် တစ်နိုင်ငံတည်းကသာ တရုတ်အသုံးစရိတ်ထက် များပြားခဲ့သည်။ ၂၀၁၅ ခုနှစ်တွင် တရုတ်၏ ကာကွယ်ရေး အသုံးစရိတ်သည် ဗြိတိန်၊ ပြင်သစ်နှင့် ဂျာမနီသုံးနိုင်ငံပေါင်း အသုံးစရိတ်ထက် သာလွန်မည်ဖြစ်ကြောင်း ယင်းလေ့လာမှုအရ သိရသည်။

အာရှဒေသတွင်း အင်အားကြီးပြိုင်ဘက် တရုတ်နှင့် ဂျပန်တို့အကြား အရှေ့တရုတ်ပင်လယ်ရှိ ကျွန်းစုများ ပိုင်ဆိုင်ရေးအတွက် အငြင်းပွားမှုကြောင့် တင်းမာမှု မြင့်တက်ရာမှတစ်ဆင့် အာရှဒေသတစ်ဝန်း နိုင်ငံများ၏ ကာကွယ်ရေးအသုံးစရိတ်မှာ ၂၀၀၉ ခုနှစ်နောက်ပိုင်း တဖြည်းဖြည်းချင်း မြင့်တက်လာခဲ့သည်။ ၂၀၁၅ ခုနှစ်မတိုင်မီ တရုတ်မပါဝင်သော အာရှဒေသ ကာကွယ်ရေး အသုံးစရိတ်သည် အနောက်ဥရောပ ကာကွယ်ရေး အသုံးစရိတ်ကို ကျော်လွန်သွားမည်ဟု ခန့်မှန်းထားသည်။

ပြည်တွင်းစစ်ဖြစ်နေသော ဆီးရီးယားကို ထောက်ခံ၊ ကန့်ကွက်မှုနှင့် ပတ်သက်ပြီး အရှေ့အလယ်ပိုင်းဒေသရှိ ဒေသတွင်း အင်အားကြီးနိုင်ငံများအကြား အားပြိုင်မှုများကြောင့် ယင်းဒေသ၌လည်း ကာကွယ်ရေးအသုံးစရိတ် မြင့်တက်ခဲ့သည်။ အမေရိကန် ကာကွယ်ရေးအသုံးစရိတ်မှာ ကမ္ဘာ့နိုင်ငံအားလုံး၏ အသုံးစရိတ်ထက် ကျော်လွန်နေဆဲ ဖြစ်သော်လည်း တဖြည်းဖြည်းချင်း ကျဆင်းလာမည်ဟု မျှော်လင့်ရသည်။

Ref:AFP
Myawady News