ယူကရိန်းသမ္မတနှင့် အတိုက်အခံတွေ ငြိမ်းချမ်းရေး သဘောတူ လက်မှတ်ရေးထိုး

ပို့စ်တင်ချိန် - 2/22/2014 08:00:00 PM


နှစ်ရက်အတွင်း လူ ၇၅ ဦးသေဆုံးခဲ့တဲ့ ပဋိပက္ခအပြီး ဖေဖော်ဝါရီ ၂၁ ရက်နေ့က ယူကရိန်းသမ္မတ ဗိုက်တာ ယန်နုကိုဗစ် နဲ့ အတိုက်အခံတွေ ငြိမ်းချမ်းရေးသဘောတူညီမှု လက်မှတ်ရေးထိုးခဲ့ကြပါတယ်။
အီးယူရဲ့ ကြားဝင်စေ့စပ်မှုနဲ့ အခုလို သဘောတူညီမှု ရရှိခဲ့တာဖြစ်ပြီး ဒီနှစ်အတွင်း ယူကရိန်းသမ္မတရွေးကောက်ပွဲကို စောပြီးကျင်းပဖို့လည်း သဘောတူခဲ့ကြပါတယ်။ ရုရှား ကျောထောက်နောက်ခံ သမ္မတ ယန်နုကိုဗစ် နဲ့ အီးယူကျောထောက်နောက်ခံ ယူကရိန်း အတိုက်အခံတွေဟာ အမျိုးသားညွန့်ပေါင်းအစိုးရ ဖွဲ့စည်းဖို့၊ သမ္မတရဲ့ အခွင့်အာဏာကို ပြန်လည် လျော့ချမယ့် အခြေခံဥပဒေပြင်ဆင်ဖို့၊ ရွေးကောက်ပွဲကျင်းပဖို့ စတဲ့ သဘောတူညီတွေ တဆက်တည်း ရရှိခဲ့လည်း ဖြစ်ပါတယ်။

ယူကရိန်းနိုင်ငံ ငြိမ်းချမ်းရေးအတွက် မလုပ်နိုင်စရာ အကြောင်းမရှိဘူးလို့ သမ္မတ ယန်နုကိုဗစ် က ပြောဆိုခဲ့ပြီး ရွေးကောက်ပွဲကို စောပြီး ကျင်းပမယ်လို့လည်း ကြေညာခဲ့ပါတယ်။

သဘောတူညီမှု ရအပြီးမှာပဲ သမ္မတရဲ့ လက်ရှိအခွင့်အာဏာကို ကန့်သတ်မယ့် ၂၀၀၄ အခြေခံဥပဒေကို ပြန်လည်ပြဌာန်းဖို့၊ ဆန္ဒပြပွဲတွေအတွင်း လူ ၇၅ ဦး သေဆုံးမှုမှာ တာဝန်ရှိတဲ့ ယူကရိန်းပြည်ထဲရေးဝန်ကြီးကို ဖြုတ်ပစ်ဖို့၊ ၂၀၁၁ ကတည်းက ထောင်ချခံထားရတဲ့ ယခင်ယူကရိန်း ၀န်ကြီးချုပ်ဟောင်း အတိုက်အခံ ယုလီယာ တာမိုရှမ်ကို ကို ပြန်လွတ်ပေးဖို့ ဥပဒေပြင်ဆင်ရေးတွေကိုလည်း ယူကရိန်းပါလီမန်က မဲပေးဆုံးဖြတ်ခဲ့ကြပါတယ်။ ညွန့်ပေါင်း အစိုးရကိုလည်း ၁၀ ရက်အတွင်း ဖွဲ့စည်းနိုင်လိမ့်မယ်လို့လည်း ဆိုပါတယ်။


DVB Burmese