Facebook တွင်ပျံ့နှံ့နေသည့် ရဟန်းတော်များ စစ်ရေးလေ့ကျင့်နေဟူသော ဓာတ်ပုံမှာ လွန်ခဲ့သည့် နှစ်နှစ်ကျော်ခန့်က ဒုလ္လဘရဟန်းများလာဝတ်စဉ် ဖြစ်ပွားခဲ့ခြင်းဖြစ်ကာ ၎င်းတို့အား အပြစ်ပေးခဲ့ကြောင်း တာလောကြီး ကျောင်းထိုင်ဆရာတော် ရှင်းလင်း

ပို့စ်တင်ချိန် - 2/15/2014 01:41:00 PM


လူမှုကွန်ရက်စာမျက်နှာ Facebook တွင် ပျံ့နှံ့နေသော ရဟန်းတော်များ စစ်ရေးလေ့ကျင့်နေသည့်ဓာတ်ပုံမှာ လွန်ခဲ့သည့်နှစ်နှစ်ကျော်ခန့်က ကျောင်းတိုက်သို့ ဒုလ္လဘရဟန်း အများအပြားလာရောက်ဝတ်စဉ် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ထိုစဉ်ကတည်းက ယင်းသို့ ပြုလုပ်သူများကို ကျောင်းမှနှင်ထုတ်သည်အထိ အရေးယူခဲ့ကြောင်း တာလောကြီး ကျောင်းထိုင်ဆရာတော် အရှင်ဝိလာသက ရှင်းလင်းသည်။

"ဦးဇင်းတို့က အဲဒီအချိန်တုန်းက ဒုလ္လဘ ရဟန်းတွေကော၊ ဒုလ္လဘကိုရင်တွေရော ပျံ့နေတော့ ထိန်းသိမ်းရခက်တယ်။ ဦးဇင်းကလည်း အဲဒီအချိန်တုန်းက ရွာမှာမနေဘူး။ ကျောင်းက လက်ထောက်ဦးဇင်းတွေ၊ ဆရာတော်တွေကို မေးကြည့်တော့ ကိုရင်တွေကို ထိန်းလို့မရဘူးတဲ့။ ပစ်ကွင်းမှာ ရောက်ကြတယ်တဲ့။ ဒုလ္လဘကိုရင်တွေလို့ ပြောတယ်။ အဲဒါကြောင့် အခုဆိုရင် ကျောင်းမှာတောင်မှ လေး၊ ငါးပါးပဲ ထားတော့တယ်။ ဟိုစပ်စပ်ဒီစပ်စပ်ပါတဲ့ ကိုရင်တွေကို အကုန်မောင်းထုတ်ထားတယ်။ တချို့ကိုလည်း လူဝတ်လဲခိုင်းလိုက်ပြီ" ဟု အရှင်ဝိလာသက မိန့်ကြားသည်။

Facebook တွင် တပ်မတော်သားများက ပြည်သူ့စစ်တပ်ဖွဲ့ဝင်များကို သေနတ်ပစ်သင်တန်းပေးနေစဉ် ကိုရင်သုံးပါးက သေနတ်ပစ်လေ့ကျင့်မှု ၀င်ရောက်ပြုလုပ်နေသည့် ဓာတ်ပုံကို ဖော်ပြခဲ့ခြင်းဖြစ်သည်။

နယ်မြေလုံခြုံရေးအတွက် ယင်းကဲ့သို့ စစ်သင်တန်းပေးနေခြင်းများ ပြုလုပ်ခြင်းဖြစ်ပြီး ကိုရင်များအနေဖြင့် စစ်သင်တန်းသွားရောက်တက်ခြင်းမဟုတ်ဘဲ အပျော်သဘော ၀င်ရောက်ကိုင်တွယ်ခြင်းသာဖြစ်ကြောင်း အရှင်ဝိလာသက မိန့်ကြားသည်။

အဆိုပါဒေသရှိ ရဟန်းတော်များအနေဖြင့် နယ်မြေငြိမ်းချမ်းရေးအတွက် နှုတ်ဖြင့်သာ တစ်ဖက်တစ်လမ်းမှ ကူညီခြင်းများရှိကြောင်း၊ နောက်နောင် ထိုကဲ့သို့ ပြုလုပ်သည့်ရဟန်းတော်များရှိပါကလည်း ထိထိရောက်ရောက် အရေးယူခြင်းများ ပြုလုပ်သွားမည်ဖြစ်ကြောင်း ၎င်းကမိန့်ကြားသည်။

မည်သို့ပင်ဆိုစေ ကမ္ဘာကြီးမှာ ရွာကဲ့သို့ ဖြစ်လာနေပြီဖြစ်သည့်အတွက် သံဃာတော်များအနေဖြင့် သတိထားသင့်ကြောင်း၊ သေနတ်ကိုင်ထားသည်ဆိုခြင်းမှာ ၀ိနည်းနှင့် လုံးဝမညီသည့် ကိစ္စဖြစ်ကြောင်း၊ စစ်တိုက်လိုသည်ဆိုပါက လူဝတ်လဲသင့်ကြောင်း ရွှေည၀ါဆရာတော် ဘဒ္ဒန္တပညာသီဟက မိန့်ကြားသည်။

"ဘာမှဝင်လုပ်စရာအကြောင်းစရာမရှိဘူး။ ဒါဟာ ထေရ၀ါဒသာသနာကို သိက္ခာကျစေပါတယ်။ ကိုယ့်ကြောင့် သာသနာတော် ညှိုးမှိန်စေရင်တော့ ဘယ်ကောင်းမလဲ။ သံဃာတော်တွေပေါ်မှာက ဘာသာခြားတွေကရော၊ ဘာသာဝင်တွေကရော ကဲ့ရဲ့စရာဖြစ်တာပေါ့။ ကမ္ဘာကြီးဟာ ရွာကြီးတစ်ရွာလောက်ပဲဖြစ်နေပြီဆိုတာကို သံဃာတော်တွေရော၊ လူပုဂ္ဂိုလ်တွေရော သဘောပေါက်ဖို့ လိုတယ်။ အစိုးရလည်း ကိုယ်ထင်ရာ ကိုယ်လုပ်လို့ မရတော့ဘူး" ဟု ရွှေည၀ါဆရာတော်က မိန့်ကြားသည်။

ပါဏာတိပါတသိက္ခာပုဒ်တွင် သံဃာတော်များအနေဖြင့် တုတ်ကိုင်၊ ဓားကိုင်ခြင်းများကိုပင် မပြုလုပ်ရဟုဆိုထားသောကြောင့် သေနတ်ကိုင်ခြင်းဆိုသည်မှာ ၀ိနည်းနှင့်လုံးဝ မညီကြောင်း၊ သို့သော် ယင်းဓာတ်ပုံမှာ ရည်ရွယ်ချက်ရှိရှိ လုပ်ခြင်းလားဆိုသည်ကို ဆန်းစစ်သင့်ကြောင်း ဓမ္မပိယဆရာတော် အရှင်သံဝရာလင်္ကာရက မိန့်ကြားသည်။

"ဒါကတော့ မြင်ကွင်းအားဖြင့် လုံးဝမကောင်းဘူးပေါ့နော်။ အစွန်အဖျားတွေဆိုတော့ ဒေသခံတွေရဲ့စရိုက်တွေကတော့ ဘယ်လိုမှန်းမသိဘူး။ အခုကခက်တယ်။ တစ်နှစ် နှစ်နှစ်အတွင်းမှာ အမျိုး၊ ဘာသာသာသနာကိစ္စတွေပေါ်လာမှ သာသနာမှာ အရမ်းညှိုးနွမ်းတယ်။ ဘုန်းကြီးတွေရဲ့ ဂုဏ်သိက္ခာလည်း အရမ်းထိခိုက်တယ်။ အင်တာနက်တွေ၊ ဖေ့စ်ဘွတ်တွေပေါ်မှာလည်း မသင့်လျော်တဲ့ဝေါဟာရတွေ တွေ့ရတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ကောင်းတဲ့လက္ခဏာတော့ မဟုတ်ဘူး။ အဲဒီလို ကောင်းတဲ့လက္ခဏာမဟုတ်တာက ရည်ရွယ်ချက်ရှိရှိ လုပ်နေကြတာလား။ မသိလို့ လုပ်နေကြတာလားဆိုတာတော့ ရှိတယ်ပေါ့နော်။ ဒါကတော့ အရေးကြီးလိမ့်မယ်။ ကောင်းတဲ့မြင်ကွင်းတော့ မဟုတ်ဘူး" ဟု ဆရာတော် အရှင်သံဝရာလင်္ကာရက မိန့်ကြားသည်။

၂၀၁၁ ခုနှစ် ဇွန်တွင် အစိုးရနှင့်ကချင် လွတ်လပ်ရေးတပ်မတော်(KIA) တို့အကြား တိုက်ပွဲများ ပြန်လည်ဖြစ်ပွားခဲ့ပြီးနောက်ပိုင်းတွင် ကချင်ပြည်နယ်ရှိ ကချင်မဟုတ်သည့် အခြားတိုင်းရင်းသားများ နေထိုင်သော ကျေးရွာအချို့တွင် တပ်မတော်က ပြည်သူ့စစ်များ ဖွဲ့စည်းပေးကာ စစ်သင်တန်းပေးခြင်းများ ရှိခဲ့ကြောင်း သိရသည်။

အဆိုပါဒေသသို့ လာရောက်တပ်စွဲသည့် တပ်မတော်စစ်ကြောင်း အများစုမှာ ကျေးရွာများရှိ ဘုန်းတော်ကြီးကျောင်းများတွင်သာ စခန်းချလေ့ရှိပြီး လက်နက်များ အလွယ်တကူ ရှိနေသည့်အတွက် ကိုရင်ငယ်အချို့မှ အပျော်သဘော ကိုင်တွယ်ကြည့်ခြင်းမျိုးများ ရှိနေခြင်းဖြစ်ကြောင်း ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။

Eleven Media Group