မြို့ပတ်ရထားလမ်းစနစ်နှင့် ဟိုင်းဝေးရထားလမ်းစနစ် ရောထွေးမောင်းနှင်မှု ရှိနေသည့် ရန်ကုန်မြို့ ရထားလမ်းစနစ်ကို အမြန်ဆုံးပြင်ဆင်ရန် JICA စီစဉ်နေ

ပို့စ်တင်ချိန် - 2/23/2014 01:00:00 PM

မြို့ပတ်ရထားလမ်းစနစ်နှင့် ဟိုင်းဝေးရထားလမ်းစနစ် ရောထွေမောင်းနှင်နေရသည့် ရန်ကုန်ဘူတာကြီးအား ၂၀၁၄ ခုနှစ် ဖေဖော်ဝါရီလအတွင်းက တွေ့ရစဉ် (ဓာတ်ပုံ-အောင်ရဲကို)

မြို့ပတ်ရထားလမ်းစနစ်နှင့် ဟိုင်းဝေးရထားလမ်းစနစ် ရောထွေမောင်းနှင်နေရသည့် ရန်ကုန်ရထားလမ်းပိုင်းစနစ်ကို အမြန်ဆုံးပြင်ဆင်ရန် JICA (Japan Intern-ational Cooperation Agency) က စီစဉ်လျက်ရှိကြောင်း ရထားပို့ဆောင်ရေးဝန်ကြီးဌာနမှ သိရသည်။

ယင်းသို့ ပြုပြင်မည့် လမ်းကြောင်းမှာ ရန်ကုန်ဘူတာကြီးနှင့် ပုဇွန်တောင်ဘူတာတွင် ဆုံမှတ်အဖြစ် ရောက်ရှိနေသည့် ရန်ကုန်မြို့ပတ်နှင့် ဟိုင်းဝေးရထားခရီးစဉ် ရထားလမ်းကြောင်းများကြောင့် ယာဉ်ကြောကျပ်တည်းမှုကို ဖြစ်ပေါ်စေကြောင်း JICA အဖွဲ့၏ အဆိုပြုထားချက်များအရ သိရသည်။

“မလွှကုန်းဘူတာပေါ့။ အဲဒီနားမှာ သွားဆုံနေတာ။ မြို့ပတ်က ၇၊ ၈၊ ၉ လမ်းကြောင်းအတိုင်းသွားရင် ဟိုင်းဝေးက ၄၊ ၅၊ ၆ လမ်းကြောင်းအတိုင်း မောင်းနေရတယ်။ အဲဒါကြောင့် ယာဉ်ကြောက ကျပ်တည်းလို့သိရတယ်။ အဲဒီအတွက် အခု JICAအဖွဲ့က လုပ်မယ့် “မဟာရန်ကုန်မြို့ပြ သယ်ယူပို့ဆောင်ရေး စီမံကိန်း” YUTRA Report တွင် အမြန်ဆုံးလုပ်ဆောင်မယ့် စီမံကိန်းနှစ်ခုတည်းက တစ်ခုအဖြစ် သတ်မှတ်ထားတယ်”ဟု ရထားပို့ဆောင်ရေးဝန်ကြီးဌာန လက်ထောက်အထွေထွေမန်နေဂျာ ဦးကျော်ကျော်မျိုးက ပြောကြားသည်။

JICA အဖွဲ့က အမြန်ဆုံးလုပ်ဆောင်ရန် စီစဉ်ထားသော လုပ်ငန်းနှစ်ခုအတွင်း ပါရှိသောရထားဘူတာဂိတ် နည်းပညာအဆင့်မြှင့်တင်မှုကိုလည်း ယခုနှစ်ပိုင်းအတွင်း လုပ်ဆောင်နိုင်ရန် စီစဉ်ထားရှိကြောင်း သိရသည်။ လက်ရှိတွင် ရန်ကုန်မြို့ပတ်ရထားလမ်းပိုင်းစနစ်ကို အရှိန်မြှင့်ပြေးဆွဲနိုင်ရန် ပြင်ဆင်မှုများ ပြုလုပ်နေသည့်အပြင် ရထားတွဲများကိုလည်း ပြင်ဆင်အစားထိုးမှုများ ပြုလုပ်နေကြောင်း ရထားပို့ဆောင်ရေးဝန်ကြီးဌာနမှ သိရသည်။

ယင်းအပြင် ဂျပန်နိုင်ငံနှင့် ပူးပေါင်းကာ ရန်ကုန်-ပဲခူးလမ်ပိုင်းရှိ ကီလိုမီတာ ၂၀ ခန့်ကိုလည်း ပြင်ဆင်နေပြီး လာမည့်နှစ်နှစ်အတွင်း ပြီးစီးရန်မျှော်မှန်းထားကြောင်း၊ ရန်ကုန် -မန္တလေးရထားလမ်းပိုင်းမှာမှု လေ့လာနေဆဲဖြစ်ကြောင်း ရထားပို့ဆောင်ရေးဝန်ကြီိးဌာနမှ သိရသည်။

ရထားပို့ဆောင်ရေးလက်အောက်ရှိ ကဏ္ဍအမျိုးမျိုးကို ပြုပြင်ပြောင်းလဲမှုများကို မကြာမီနှစ်များမှ စတင်ကာ အကောင်အထည်ဖော် လုပ်ဆောင်နေပြီး လက်ရှိတွင် ရန်ကုန်-မန္တလေးရထားလမ်း၊ ရန်ကုန်ဘူတာကြီး၊ ရထားမြို့ပတ် ရထားလမ်းစနစ်အစရှိသည်တို့ကို ပြည်တွင်းပုဂ္ဂလိကသို့ လွှဲပြောင်းပေးခြင်းအပြင် ပြည်ပကုမ္ပဏီများသို့ပါ လုပ်ကိုင်ခွင့်ပေးနိုင်ရန် စီစဉ်ထားရှိကြောင်း သိရသည်။

Eleven Media Group