ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ ပြည်သူများအပေါ် အကျိုးသက်ရောက်မှုမရှိသေးဟု KNU/KNLA (PC) ပြော

ပို့စ်တင်ချိန် - 2/21/2014 11:04:00 AM


နန်းလွင်နှင်းပွင့်|ဖေဖော်ဝါရီ ၂၁၊ သောကြာနေ့၊ ၂၀၁၄ ခုနှစ်။

အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများအကြား ငြိမ်းချမ်းမှုဖော်ဆောင်ရေး လုပ်ငန်းစဉ် များ လုပ်ဆောင်နေသော်လည်း အဆိုပါလုပ်ငန်းစဉ်များသည် ပြည်သူများအပေါ် အကျိုးသက်ရောက်မှု မရှိသေးဟု KNU/KNLA(PC) ငြိမ်းချမ်းရေးကောင်စီ၏ ထိပ်တန်း ဗဟိုကော်မတီဝင် ဗိုလ်မှူးချုပ် ဒေါက်တာတင်မိုသီက မဇ္ဈိမကို ပြောသည်။

ဖေဖော်ဝါရီ၂၀ ရက် ရန်ကုန်မြို့၊ အလုံမြို့နယ်ရှိ My Garden စားသောက်ဆိုင်တွင်ပြုလုပ်ခဲ့သည့် ဒေါက်တာတင်မိုသီ၏ သတင်းစာရှင်းလင်းပွဲတွင် ၎င်းက ယင်းသို့ ပြောကြားလိုက်ခြင်းဖြစ်သည်။

“ငြိမ်းချမ်းရေးက လုပ်နေတာ ရှည်ကြာနေပြီ။ တကယ်ခံစားခဲ့ရတဲ့ ပြည်သူတွေအပေါ်ကို ဘာမှ အကျိုး သက်ရောက်မှုမရှိဘူး။ တကယ့် အမျိုးသားရေးကဏ္ဍ ပြန်လည် ရင်ကြားစေ့ရေးရဲ့ အခြေခံက လူထုတွေ ရဲ့ ပြဿနာကနေ စတင်ခဲ့တာ။ အခု ငြိမ်းချမ်းရေးပြန်လုပ်တော့ နိုင်ငံရေးတွေ ဆွေးနွေးနေတယ်။ ငြိမ်း ချမ်းရေးဆိုတာ လူထုကို တိုက်ရိုက် အကျိုးသက်ရောက်မှု ရှိရမယ်”ဟု ဗိုလ်မှူးချုပ်က ပြောသည်။

ပြည်တွင်း၌ အစိုးရသစ်တက်ပြီးနောက်ပိုင်း ၂၀၁၂ ခုနှစ် မေလအတွင်းက ပြည်ထောင်စု ငြိမ်းချမ်းရေး လုပ်ငန်းကော်မတီနှင့် ဗဟိုကော်မတီတို့ကို ဖွဲ့စည်းခဲ့ပြီး ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို ဆောင်ရွက်ခဲ့ ရာ တိုးတက်မှုများရှိလာသည်ဟု ဆိုနိုင်သော်လည်း ပြည်သူလူထုအပေါ်တွင် တိုက်ရိုက် အကျိုးသက် ရောက်မှုများ မခံစားရသေးဘဲ ကချင်ပြည်နယ်တွင်လည်း တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေဆဲဖြစ်ကာ ပြည်ပက ပြန်မလာနိုင်သည့်လူများလည်း ရှိနေဆဲဖြစ်သည်။

ယင်းအပြင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များမှာ ပြည်သူလူထုအပေါ် အကျိုးသက်ရောက်မှုမရှိသဖြင့် အပစ် ရပ်ရေးတွင် ပါဝင်လက်မှတ်ထိုးရန် အဖွဲ့အစည်းတွင်း ပြန်ဆွေးနွေးနေသည်ဟုလည်း ဗိုလ်မှူးချုပ်ဒေါက် တာတင်မိုသီက ဆိုသည်။

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များသည် အောက်ခြေလူထုကို အကျိုးမပြုခြင်းနှင့် ပတ်သက်၍လည်း ဗိုလ်မှူး ချုပ်ဒေါက်တာတင်မိုသီက “ငြိမ်းချမ်းရေးလုပ်နေတယ်ဆိုပြီး အဲကွန်းခန်းထဲမှာထိုင်ပြီး အချိန်တွေကိုဆွေး နွေးလိုက် ပြန်ချိန်းလိုက်၊ နိုင်ငံရေးအရ မပြေလည်ရင် ပြန်ပြင်လိုက်နဲ့ အချိန်တွေ ကြာနေပြီ။ အောက်ခြေ ကလူထုတွေက အခုထိ စိတ်ချလက်ချ ကိုယ့်အိမ်မှာ မနေနိုင်သေးတဲ့သူတွေ ရှိတယ်။ ဘာမှ ဖွံ့ဖြိုးမှု ပြောင်းလဲမှု မရှိသေးဘူး။ ငြိမ်းချမ်းရေးလမ်းစဉ်ကြီးက လုပ်နေတာသာ အချိန်ကြာလာတာ စစ်ရဲ့ဒဏ်ကို ခံခဲ့ရတဲ့လူထုက ဘာမှ မပြောင်းလဲသေးဘူး။ ဒီအတိုင်းပဲ”ဟု ဆိုသည်။

ယင်းအပြင် KNU/KNLA (PC) က ငြိမ်းချမ်းရေးလုပ်ငန်းစဉ်သည် လူထုထံသို့ အကျိုးသက်ရောက်မှုရှိစေ ရန် အစိုးရဘက်ကို တိုက်တွန်း ပြောဆိုသွားမည်ဟုလည်း ဆိုသည်။ KNU/KNLA(PC)သည် တစ်နိုင်ငံ လုံးအတိုင်းအတာ ငြိမ်းချမ်းရေးနှင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီမှု ပြုလုပ်ရန် ဆွေးနွေးပွဲများတွင် ပါဝင်ဆွေးနွေးနေသည့် အဖွဲ့အစည်းဖြစ်သည်။

ယင်းသို့ ပြောဆိုလိုက်ခြင်းနှင့်ပတ်သက်ပြီး အစိုးရငြိမ်းချမ်းရေးဖော်ဆောင်ရေးကော်မတီမှ ကော်မတီဝင် ဒေါက်တာမင်းဇော်ဦးကို မဇ္ဈိမက ဖုန်းဖြင့် ဆက်သွယ်မေးမြန်းရာ KNU/KNLA(PC)မှ ပြောဆိုချက်များမှာ မိမိတို့ထံသို့ တရားဝင်ပြောဆိုလာခြင်းမျိုး မရှိသေးသဖြင့် မည်သည့်မှတ်ချက်မျိုးမှ ပေးလိုခြင်းမရှိဟု ဖြေ ကြားသည်။

ဒေါက်တာမင်းဇော်ဦးက “ကျွန်တော်တို့နဲ့ကတော့ အပစ်ရပ်ထားတယ်။ သူတို့အဖွဲ့အစည်းနဲ့ ကျွန်တော် တို့ တိုက်ရိုက် ပြောဆိုနေတာကတော့ ဗိုလ်ချုပ်ထိန်မောင်နဲ့ ဆက်သွယ်နေတာရှိတော့ အခုက ဘယ်လို လဲ ဘာကိုပြောတာလဲဆိုတာ တရားဝင် ပြောကြားလာတာမဟုတ်တော့ ပြောရခက်တယ်”ဟု ဆိုသည်။

KNU/KNLA (PC) မှာ KNU မှခွဲထွက်သည့် လက်နက်ကိုင် အဖွဲ့အစည်းတစ်ခုဖြစ်ပြီး အစိုးရနှင့် ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီ ၇ ရက်တွင် အပစ်အခတ်ရပ်စဲရေး သဘောတူညီမှုရယူကာ ပြည်နယ်အဆင့် ငြိမ်းချမ်း ရေးသဘောတူညီမှု ရယူပြီးဖြစ်သည်။

တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများကို ငြိမ်းချမ်းရေးဆွေးနွေးမှုများ ပြုလုပ်ရန် ၂၀၁၁ ခုနှစ် သြ ဂုတ်လက စတင်ကမ်းလှမ်းခဲ့သည်။ နောက်ပိုင်းတွင် အစိုးရ၏ ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေး ကော်မတီက တိုင်းရင်းသားအဖွဲ့အစည်းများဖြင့် တစ်ဖွဲ့ချင်းစီ တရားဝင်သာမက အလွတ်သဘော တွေ့ ဆုံမှုများလည်းရှိခဲ့ရာ အကြိမ် ၂၀ ထက်မနည်း တွေ့ဆုံပြီးဖြစ်သည်။

အစိုးရက တစ်နိုင်ငံလုံးရှိ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း ၁၇ ဖွဲ့နှင့်လည်း အပစ်ရပ်ရေးသ ဘောတူညီမှုယူပြီးဖြစ်ကာ နိုင်ငံရေးဆွေးနွေးပွဲသို့ သွားနိုင်ရန် တွေ့ဆုံမှု သုံးကြိမ်ရှိခဲ့ပြီး၊ တိုင်းရင်းသား အဖွဲ့အစည်းများ၏ တစ်နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး ညှိနှိုင်းရေးအဖွဲ့ (NCCT) အဖွဲ့နှင့်လည်း အလွတ်တွေ့ဆုံခြင်း၊ ဖိတ်ခေါ်တွေ့ဆုံမှုများဖြင့် ၂၀၁၃ ခုနှစ်၊ ဒီဇင်ဘာလမှစ၍ တစ်လတစ်ကြိမ်တွေ့ဆုံ ခဲ့သည်။

Mizzima Burmese