စင်ကာပူ SEA Games အတွက် အားကစားအဖွဲ့များ ဖေဖော်ဝါရီလတွင် စခန်းပြန်သွင်းမည်

ပို့စ်တင်ချိန် - 2/01/2014 07:00:00 AM




ရန်ကုန်၊ ဇန်နဝါရီ ၃၀

မြန်မာအားကစား အဖွဲ့ချုပ်များမှ မြန်မာ့လက်ရွေးစင် အားကစားသမားများကို ဖေဖော်ဝါရီလ ဒုတိယပတ်မှ စတင်၍ ၂၀၁၅ ခုနှစ် စင်ကာပူ SEA Games အတွက် ပြန်လည် စခန်းသွင်း လေ့ကျင့်မည် ဖြစ်ကြောင်း အားကစားဝန်ကြီးဌာန ညွှန်ကြားရေးမှူး ဦးဌေးအောင်က ပြောကြားသည်။

(၂၇) ကြိမ်မြောက် SEA Games ပြိုင်ပွဲတွင် ယှဉ်ပြိုင်ခဲ့ကြသည့် အားကစား အဖွဲ့များမှ လက်ရွေးစင် ကစားသမားများ၏ အောင်မြင်မှုများကို ဆက်လက် ထိန်းသိမ်း နိုင်ရန်အတွက် စခန်းသွင်း လေ့ကျင့်စေခြင်း ဖြစ်သည်ဟု ၎င်းကဆိုသည်။

မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပစဉ်က အားကစားနည်း ၃၃ မျိုးအနက် ၂၀၁၅ SEA Games တွင် အားကစားနည်း ၁၃ မျိုးခန့် ပါဝင်မည် မဟုတ်သော ကြောင့် ၂၀၁၃ SEA Games အောင်မြင်မှုကို ဆက်လက် ထိန်းသိမ်းနိုင်ရန် ကစားသမားများကို နှစ်ရှည် လေ့ကျင့်စေခြင်း ဖြစ်ကြောင်းလည်း ၎င်းက ဆက်လက်ပြောဆိုသည်။

“စင်ကာပူ SEA Games မှာပါတဲ့ အားကစားနည်း အချို့ဆိုရင် မြန်မာနိုင်ငံမှာ အဖွဲ့ချုပ်လည်း မရှိဘူး။ ပြီးတော့ သူတို့က ဒီဇင်ဘာမှာ မဟုတ်ဘဲ ဇွန်၊ ဇူလိုင်မှာ ကျင်းပမှာဆိုတော့ အချိန်တစ်နှစ်ခွဲလောက်ပဲ လေ့ကျင့်ဖို့ အချိန်ရမှာ” ဟု ၎င်းက ရှင်းပြသည်။

ယင်းကြောင့် (၂၇) ကြိမ်မြောက် SEA Games ပြိုင်ပွဲ၌ အောင်မြင်မှု မရခဲ့သည့် အားကစားအဖွဲ့များက လက်ရွေးစင် ကစားသမားများကို ပြန်လည် စုစည်း၍ စခန်းသွင်း လေ့ကျင့်နိုင်ရန် ပြင်ဆင်လျက် ရှိကြောင်း အားကစားဖွဲ့ချုပ် အချို့ထံမှ စုံစမ်းသိရှိရသည်။

“အားကစားဝန်ကြီးဌာနက ဖေဖော်ဝါရီလမှာ နေပြည်တော်မှာ စခန်းသွင်း လေ့ကျင့်ရမယ်လို့ ညွှန်ကြားချက် ရထားပါတယ်” ဟု မြန်မာနိုင်ငံ ဘတ်စကက်ဘော အဖွဲ့ချုပ် အတွင်းရေးမှူး ဒေါ်ဥမ္မာအောင်က ပြောကြားသည်။

မြန်မာနိုင်ငံက နှစ်ပေါင်း ၄၄ နှစ်အကြာမှ အိမ်ရှင်အဖြစ် ပြန်လည်လက်ခံ ကျင်းပနိုင်ခဲ့သည့် (၂၇) ကြိမ်မြောက် SEA Games ပြိုင်ပွဲတွင် မြန်မာအားကစား အဖွဲ့သည် ရွှေတံဆိပ် ၈၆ ခု၊ ငွေတံဆိပ် ၆၂ ခု၊ ကြေးတံဆိပ် ၈၅ ခု ရရှိခဲ့ကာ ပြိုင်ပွဲသမိုင်း တစ်လျှောက် ဆုတံဆိပ် အများဆုံး ရရှိခဲ့သည်။

၂၀၁၅ ခုနှစ် စင်ကာပူ SEA Games တွင် ပါဝင်မည့် ပဏာမ အားကစားနည်း ၃၀ အနက် ဘိုးလင်း၊ အနောက်တိုင်း ဓားသိုင်း (Fencing)၊ ကျွမ်းဘား၊ ရပ်ဘီ၊ ရေလွှာလျှောစီး (Waterskiင)၊ သုံးမျိုးစုံ အားကစားနည်း (Triathlon) တို့မှာ မြန်မာ အားကစားသမားများနှင့် အလှမ်းဝေးသော အားကစားနည်းများ ဖြစ်ပြီး စားပွဲတင်တင်းနစ် ကဲ့သို့သော အားကစားနည်း များမှာလည်း မြန်မာအားကစားသမားများ အနေနှင့် အောင်မြင်မှု မရနိုင်သည့် အားကစားနည်းများ ဖြစ်သည်။

The Voice Weekly