ယခင်ထက် ပိုပါးလာသည့် Sony PlayStation Vita ကိုဖေဖော်ဝါရီလတွင် ယူကေ၌ စရောင်းမည်

ပို့စ်တင်ချိန် - 2/03/2014 02:23:00 PM


မူလ PlayStation Vita ထက်ပိုမိုပါးလွှာသည့် PlayStation Vita လက်ကိုင်ဂိမ်းစက်ကို ယူကေတွင် ဖေဖော်ဝါရီလ ၇ ရက်မှစတင်ကာ ပေါင် ၁၈၀ ခန့်ဖြင့်ရောင်းချမည်ဟု Sony ကုမ္ပဏီက ကြေညာခဲ့သည်။ အဆိုပါ ဈေးနှုန်းသည် မူလ Play Station Vita ထက် ၅ ပေါင်ခန့်သက်သာစေမည် ဖြစ်သည်။

အဆိုပါ ဂိမ်းစက်ကို ယခုအခါ ကြိုတင်မှာယူထားနိုင်ပြီး မူလကဂျပန်နိုင်ငံရှိ သုံးစွဲသူများအတွက်သာ ရောင်းချရန် ရည်ရွယ်ထားကြောင်း၊ သို့သော် ပြည်တွင်းဈေး ကွက်တွင်သာမက ပြည်ပဈေးကွက်တွင်ပါ ရောင်းချရန် Sony ကုမ္ပဏီက ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မူလ PS Vita နှင့်နှိုင်းယှဉ်လျှင် PS Vita သစ်သည် ၂၀ ရာခိုင်နှုန်း ပိုမိုပါးလွှာပြီး အထူ ၁၅ မီလီမီတာခန့်သာ ရှိသည်။ အလေးချိန်မှာလည်း မူလက ၂၆၀ ဂရမ်ရှိရာမှ ယခုအခါ ၂၁၉ ဂရမ်သာရှိကြောင်း သိရသည်။

ထို့အပြင် PlayStation Vita ဂိမ်းစက်သစ်နှင့်အတူ ဂိမ်း ၁၀ မျိုးပါဝင်သည့် Megapack နှင့် 40GBmemory card တို့ကိုပေါင် ၂၀ ဖြင့်ရောင်းချ သွားမည်ဟု PlayStation မှစီနီယာထုတ်ကုန် မန်နေဂျာ Ben Law က ကြေညာသွားခဲ့သည်။

-နောင်နောင်၊
Ref: TNW
Internet Journal