Android အတွက် iTunes application ထုတ်လုပ်ရန် Apple စဉ်းစားနေ

ပို့စ်တင်ချိန် - 3/24/2014 06:21:00 PM


ကယ်လီဖိုးနီးယား၊ မတ် ၂၃

Apple ကုမ္ပဏီက အွန်လိုင်းတွင် သီချင်းနားဆင်နိုင်သည့် ၀န်ဆောင်မှုပေးသော iTunes အား Android အတွက် ထုတ်လုပ်ပေးရန် စတင်ဆွေးနွေးနေပြီဖြစ်ကြောင်း အနုပညာသတင်းများကို ထုတ်ပြန်လျက်ရှိ သည့် Billboard က ဖော်ပြခဲ့သည်။

ကုမ္ပဏီက လက်ရှိအချိန်တွင် သီချင်းထုတ်လုပ်သူ အများအပြားနှင့် စတင်ဆွေးနွေးနေပြီဖြစ်ပြီး အခြားအွန်လိုင်းသီချင်း ၀န်ဆောင်မှုများဖြစ်သည့် Spotify နှင့် Beats music တို့ကို ယှဉ်ပြိုင်သွားမည်ဟု Billboardက ပြောကြားသည်။ ထုတ်လုပ်သူများနှင့် ဆွေးနွေးနေမှုများမှာ စတင်နေပြီဖြစ်ကြောင်း အမည်မထုတ်ဖော်နိုင် သေးသည့် သတင်းရင်းမြစ်များ၌ ဖော်ပြထားသည်။

ထို့နောက် Apple အနေဖြင့် Android အတွက် iTunes Store application တစ်ခု ထုတ်လုပ်ရန် ကြိုးစား နေကြောင်းလည်း သတင်းထွက်ပေါ်လျက်ရှိသည်။ Apple မှ အဆိုပါသတင်းများကို မှတ်ချက်ပေးရန် ငြင်း ဆိုထားလျက်ရှိသည်။

လက်ရှိအချိန်တွင် iTunes ၌ download လုပ်မှုများ တဖြည်းဖြည်းကျဆင်းလာပြီး အွန်လိုင်းသီချင်း ၀က်ဘ် ဆိုဒ်များဖြစ်သည့် Spotify, Pandora တို့တွင်သာ များပြားလျက်ရှိသည်။ လေ့လာဆန်းစစ်ရေးအဖွဲ့တစ်ခု ဖြစ်သည့် Nielsen က iTunes ပေါ်တွင် သီချင်းများ download ပြုလုပ်မှုက ယခင်နှစ်ထက် ၁၁ ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်း ဖော်ပြခဲ့သည်။

အွန်လိုင်းသီချင်းဝန်ဆောင်မှုလုပ်ငန်းမှာ လက်ရှိအချိန်တွင် ၀င်ငွေအကောင်းဆုံးလုပ်ငန်းများထဲ၌ တစ်ခု အပါအ၀င် ဖြစ်နေပြီး Recording Industry Association of America (PDF) ၏ အဆိုအရ အွန်လိုင်း သီချင်းဝန်ဆောင်မှုများ၏ တစ်နှစ်တာ ၀င်ငွေမှာ အမေရိကန်ဒေါ်လာ ၁ ဒသမ ၄ ဘီလီယံရှိကြောင်းနှင့် ၂၀၁၂ ခုနှစ်ထက် ၃၉ ရာခိုင်နှုန်းမြင့်တက်လာခြင်းဖြစ်ကြောင်း သိရသည်။

Apple အနေဖြင့် iTunes အား Android ပေါ်တွင် ထုတ်လုပ်ခဲ့လျှင် အွန်လိုင်းသီချင်းဝန်ဆောင်မှု ဈေးကွက် ထဲ၌ နာမည်ရှိပြီးသော အွန်လိုင်းသီချင်းဝန်ဆောင်မှုများကို ယှဉ်ပြိုင်ရန် ခက်ခဲမည်ဖြစ်ကြောင်း နည်းပညာ ရှင်များက ခန့်မှန်းထားကြသည်။ Apple က လက်ရှိအချိန်တွင် အွန်လိုင်းရေဒီယိုဝန်ဆောင်မှုဖြစ်သော iTunes Radio ကို ပြုလုပ်ထားပြီး iOS 8 တွင် သီးခြား application တစ်ခုအဖြစ် ခွဲထုတ်သွားရန် စီစဉ် လျက်ရှိသည်။

CNET
Mizzima Burmese