ရန်ကုန်မြို့၌ Apple သီးသန့်အရောင်းဆိုင်များ ဖွင့်လှစ်မှုများပြားလာ

ပို့စ်တင်ချိန် - 3/17/2014 09:13:00 PM


ပြည်တွင်း နည်းပညာဈေးကွက်တွင် Apple ကုမ္ပဏီ၏ iOS နည်းပညာထုတ်ကုန်များကို သီးသန့်ရောင်းချသည့် အရောင်းဆိုင်များ အများအပြား ပေါ်ထွက်လာကြောင်း စုံစမ်းသိရသည်။

အမေရိကန် နည်းပညာကုမ္ပဏီ၏ iOS Platform နည်းပညာထုတ်ကုန်များကို စိတ်ဝင်စားသူများပြားလာခြင်းနှင့် အသုံးပြုသူများ အနည်းငယ်များပြားလာခြင်းကြောင့် ယခုကဲ့သို့ ထုတ်ကုန်သီးသန့်အရောင်းဆိုင်များ ပေါ်ထွက်လာရခြင်းဖြစ်ကြောင်း သိရသည်။

“လူတွေက Apple ထုတ်ကုန်တွေကို အရင်ကထက်ပိုပြီး စိတ်ဝင်စားလာကြတယ်။ နည်းပညာကလည်း တခြားအမျိုးအစားတွေထက် သာလွန်တာရယ်၊ အသုံးပြုတဲ့အခါ သုံးစွဲသူတွေရဲ့ ကြိုက်နှစ်သက်မှုတွေကို ရရှိတာရယ်ကြောင့် အခုလိုမျိုး Apple Store တွေ အပြိုင်အဆိုင် ပေါ်လာတာလို့ထင်ပါတယ်” ဟု Apple အမှတ်တံဆိပ် နည်းပညာထုတ်ကုန်များကို သီးသန့်ရောင်းချသည့် iNora ဆိုင်မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ရန်ကုန်မြို့ရှိ မိုဘိုင်းဖုန်းနှင့် ဆက်စပ်နည်းပညာ ထုတ်ကုန်ဈေးကွက်တွင် Apple မှ ထုတ်လုပ်သည့် Tablet နှင့် iPhone အမျိုးအစား ဖုန်းအိမ်များကို အသုံးပြုသူ ယခုနှစ်ဆန်းပိုင်းအတွင်း အနည်းငယ် မြင့်တက်လာခဲ့သည်ဟု ရန်ကုန်မြို့၌ ဖွင့်လှစ်ထားသည့် Apple Store အချို့မှ သိရသည်။ Apple \ iPad Mini နှင့် iPad Air တို့သည် ယခုအချိန်တွင် Samsung အမှတ်တံဆိပ် Tablet များထက် လူအများ၏ စိတ်ဝင်စားခြင်းကို ပိုမိုရရှိနေသည်ဟု ရန်ကုန်အခြေစိုက် မိုဘိုင်းနှင့်ဆက်စပ်အရောင်းဆိုင်များမှ စုံစမ်းသိရသည်။

ထို့အပြင် Apple အမှတ်တံဆိပ် MacBook Air နှင့် MacBook Pro အစရှိသည့် ကွန်ပျူတာထုတ်ကုန်များ၏ ၀ယ်လိုအားသည်လည်း ယခုနှစ်ဆန်းပိုင်းအတွင်း၌ပင် အနည်းငယ်တက်လာသည်ဟု ရန်ကုန်မြို့တွင်း ဖွင့်လှစ် ထားသည့် ကွန်ပျူတာနှင့် ဆက်စပ်ပစ္စည်းအရောင်းဆိုင်များမှ သိရသည်။

Sony, Dell, MSI အစရှိသည့် အမှတ်တံဆိပ် Laptop များ၏ နောက်ဆုံးပေါ် မော်ဒယ်ဈေးနှုန်းများသည် ကျပ်ရှစ်သိန်းဝန်းကျင်အထိ ရှိနေခြင်းက ကျပ်ဆယ်သိန်းမှ တစ်ဆယ့်သုံးသိန်းကျော် ဈေးနှုန်းရှိသော Apple\ MacBook Air နှင့် MacBook Pro များ၏ ဝယ်လိုအားကို ယခင်ထက် အနည်းငယ်တက်လာစေခြင်းဟု အထက်ပါ အရောင်းဆိုင်များမှ ဈေးကွက်ကျွမ်းကျင်သူများက သုံးသပ်ကြသည်။ယခုလက်ရှိအချိန်တွင် Apple ကုမ္ပဏီမှ တရားဝင်ခွင့်ပြုချက်ဖြင့် ဖွင့်လှစ်ခွင့်ပေးထားသည့် mDrive အမည်ဖြင့် အရောင်းဆိုင်တစ်ဆိုင်ရှိနေပြီဖြစ်ပြီး ယင်းအရောင်းဆိုင်သည် ပြည်တွင်း၌  iPhone ဆက်သွယ်မှုကွန်ယက်မရှိသေးသဖြင့် iPhone မှလွဲ၍ အခြား Apple ထုတ်ကုန်များကို ရောင်းချနေသည်။

ယုဇနကိုကို
Internet Journal