မန်ယူရှယ်ယာ ၂၄ရာခိုင်နှုန်းကို Baron Capital ၀ယ်ယူခဲ့

ပို့စ်တင်ချိန် - 3/12/2014 09:18:00 AM


မန်ယူ၏ ရှယ်ယာ ၂၄ရာခိုင်နှုန်းကို အမေရိကန် ရင်းနှီးမြှပ်နှံမှု လုပ်ငန်းစု Baron Capital က ၀ယ်ယူခဲ့ပြီး ဖြစ်ကြောင်း goal.com မှ ဖော်ပြသွားခဲ့သည်။ မန်ယူအသင်းပိုင်ရှင် ဂလေဇာ မိသားစုမှာ အသင်းရှယ်ယာများကို ရောင်းချရန် ၂၀၁၂ခုနှစ်ကတည်းက နယူးယောက် စတော့ရှယ်ယာ ဈေးကွက်တွင်း ၀င်ရောက်ခဲ့သော်လည်း ရှယ်ယာ (၉၀)ရာခိုင်နှုန်းအထိ ဆက်လက် ထိန်းသိမ်းထားနိုင်ခဲ့သည်။

မန်ယူမှာ နည်းပြ မိုရက်စ်လက်ထက်တွင် ခြေစွမ်းကျဆင်းနေပြီး ယခုရာသီ၌ အောင်မြင်မှုရဖွယ် မရှိသော်လည်း ပြီးခဲ့သည့်ရက်ပိုင်းအတွင်း Baron Capital မှ မန်ယူရှယ်ယာများကို လိုက်လံဝယ်ယူခဲ့ပြီးနောက် မန်ယူ၏ ရှယ်ယာဈေးနှုန်း မြင့်တက်လာခဲ့သည်။ မန်ယူ၏ ရှယ်ယာဈေးမြင့်တက်မှုတွင် အင်္ကျီစပွန်ဆာ ပေးထားသည့် Nike ကုမ္ပဏီနှင့် ယူရိုသန်း ၇၀၀တန်ကြေးရှိ စပွန်ဆာ စာချုပ်ချုပ်ဆိုမည်ဟု သတင်းထွက်ခဲ့ခြင်းကလည်း အကြောင်းရင်းတစ်ရပ်ဖြစ်သည်။

Baron Capital မှာ ပေါင်(၉၀.၉)သန်း တန်ကြေးရှိသည့် ရှယ်ယာအစုပေါင်း ၉၅၈၁၆၃၆ စု ၀ယ်ယူခဲ့ပြီးဖြစ်သည်ဟု အတည်ပြုခဲ့ပြီး အဆိုပါပမာဏမှာ (၂၄)ရာခိုင်နှုန်းအထိ ရှိကြောင်း သိရသည်။ ထို့အပြင် Baron Capital မှာ မန်ယူရှယ်ယာများကို ထပ်မံဝယ်ယူသွားရန် အလားအလာရှိကြောင်း ၎င်းတို့၏၀က်ဘ်ဆိုက်တွင် ရေးသားဖော်ပြခဲ့သည်။


@z (ရိုးရာလေး)