စင်္ကြာဝဋ္ဌာ နဲ့ Big Bang

ပို့စ်တင်ချိန် - 3/23/2014 10:11:00 AM



စင်္ကြာဝဋ္ဌာဖေါင်းပွမှုကြောင့် တွေ့ရတဲ့ ကမ္ဘာ့ဆွဲအားလှိုင်းရိုက်ခတ်မှု ကို အာကာသ မိုက်ခရိုဝေဖ့် နောက်ခံမှာတွေ့နိုင်ပါတယ်

စင်္ကြာဝဋ္ဌာရဲ့ အစဦး အရင်းခံအယူအဆဖြစ်တဲ့ Big Bang လို့ခေါ်တဲ့ အလွန်သေးငယ်တဲ့ သိပ်သည်းခြင်း  သိပ်ကိုများလှတဲ့ အစက်ကလေးတခု အာကာသနေရာမှာ cosmic inflation လို့ခေါ်တဲ့ စင်္ကြာဝဋ္ဌာ ဖေါင်းပွမှုက စပါတယ်လို့ သိပ္ပံပညာရှင်တွေက ပြောကြပါတယ်။

ဒါဟာလွန်ခဲ့တဲ့ နှစ်သန်းပေါင်း တသောင်း သုံးထောင် ရှစ်ရာလောက်က စခဲ့တယ်လို့ ဆိုပါတယ်။ အချိန်နဲ့ နေရာအစပြုတဲ့ ဒီစက္ကန့်ပိုင်းဟာ အရင်းခံအားကြီး ၄ ခု (မြေဆွဲအား၊ လျှပ်စစ်သံလိုက်အား၊ Strong နဲ့ Weak Force) စုစည်းတဲ့ plank ကာလပါ။  နောက်စက္ကန့်ပိုင်းဟာ cosmic inflation လို့ခေါ်တဲ့ ဖေါင်းပွမှုဖြစ်နေပြီး  ဒြဗ်အခြေခံ အမှုံတွေဟာ - အခဲ၊ အရည်၊ အငွေ့အခြေနေတွေ မရှိပဲ ပူနေတဲ့ စွပ်ပြုတ်လိုဖြစ်နေပြီး ကြည်ကြည်လင်လင် မမြင်ရပဲ အလင်းပိတ်တဲ့အနေထားမျိုး ရှိနေခဲ့တယ်လို့ ဆိုပါတယ်။

နောက် ၃ မိနစ်လောက်အကြာမှာ တဖြေးဖြေး ကြည်လင်လာပြီး အခြေခံ အမှုန်- (proton, neutron, Quark) တို့ ၊ အမှောင်ထုဒြဗ် -(dark matters) တို့ ဖြစ်လာပြီး  နောက်ထပ် နှစ်ပေါင်း သုံးသိန်းရှစ်သောင်းကြာမှ စကြာဝဋ္ဌာ အရင်းခံလက္ခဏာဖြစ်တဲ့  အာကာသနောက်ခံ မိုက်ခရိုလှိုင်း စတင်ပြန့်နှံ့ခဲ့ တာဖြစ်ပါတယ်။

စင်္ကြာဝဋ္ဌာအာကာသနယ်- space ကို အဝတ်ထည် - fabric တခုလို သဘောထားကြည့်ရင် ကနဦး တွန်းကန်လာတဲ့ မြေအားလှိုင်း - gravitational wave ဟာ နောက်ခံ မိုက်ခရိုလှိုင်းကို ရိုက်ခတ်တဲ့အခါ လှိုင်းတွန့်လေးတွေ ဖြစ်သွားနိုင်တာမို့   ဒါကိုရှာတွေ့ရင် big bang အယူအဆ မှန်ကန်တာကို သက်သေပြနိုင်တယ်လို့ ဆိုပါတယ်။

အခုဒီလှိုင်းတွန့်ကို  ဟားဗတ် Smithsonian က အာကာသရူပဗေဒ လေ့လာရေးဌာနက John Kovac ဦးဆောင်တဲ့ အဖွဲ့က တောင်ဝင်ရိုးစွန်းကိုသွားပြီး ရေဒီယိုတယ်လီစကုပ်တွေ၊ မိုက်ခရိုဝေဖ့် တယ်လီစကုပ်တွေနဲ့ ရှာဖွေရင်း တွေ့လာတာဖြစ်ပါတယ်။

စကြာဝဋ္ဌာကြီးဟာ အဲဒီအချိန်ကစပြီး နောက်နှစ် သန်းပေါင်း ၃၀၀ လောက် ဓါတ်ငွေ့တွေ၊ မြေဆွဲအားတွေကြောင့် အမှောင်ကာလဖြစ်နေပြီးတဲ့ နောက်မှ ကြယ်တွေ galaxy လို့ခေါ်တဲ့ ကြယ်စုတွေဖြစ်လာတာပါ။  နောက်ထပ် သန်းပေါင်း တထောင်လောက်မှာ အခုလှမ်းပြီး လေ့လာစူးစမ်းနိုင်တဲ့ ကြယ်စုတွေ ဖြစ်လာသလို နောက်နှစ် သန်းပေါင်း သောင်းနဲ့ချီမှ နေမိသားစု စတင်ပေါက်ဖွားလာခဲ့တာ ဖြစ်ပါတယ်။

VOA