ပျောက်ဆုံးလေယာဉ်ရဲ့ အစိတ်အပိုင်းလို့ ယူဆနိုင်တဲ့ ပစ္စည်းတွေ တွေ့ရှိ

ပို့စ်တင်ချိန် - 3/10/2014 09:47:00 AM


ပြီးခဲ့တဲ့ စနေနေ့ မနက်က ရေဒါကနေ ပျောက်ကွယ်သွားတဲ့ ခရီးသည်နဲ့ လေယာဉ်အမှုထမ်း ၂၃၉ ဦးလိုက်ပါသွားတဲ့ မလေးရှားလေကြောင်းပိုင် လေယာဉ်ရဲ့ အစိတ်အပိုင်းလို့ ယူဆရတဲ့ အရာဝတ္ထုတချို့ကို ဗီယက်နမ် အရေးပေါ် ရှာဖွေရေးအဖွဲ့တွေက တွေ့ရှိခဲ့တယ်လို့ သိရပါတယ်။

အဲဒီအရာဝတ္ထုတွေကို တွေ့ရှိခဲ့တဲ့ အချိန်က ညအချိန် ဖြစ်နေတာကြောင့် အတိအကျပြောဖို့ ခက်ခဲနေသေးပေမယ့် အာရုံတက် အလင်းရောင်ရတဲ့ အချိန်မှာ ပိုပြီး ပြောပြနိုင်လိမ့်မယ် လို့ ဗီယက်နမ် အာဏာပိုင်တွေက ဆိုပါတယ်။

မလေးရှားလေကြောင်းလိုင်းရဲ့ MH-370 ဘိုးရင်း 777 လေယာဉ်ဟာ မလေးရှားနိုင်ငံ ကွာလာလာမ်ပူမြို့ကနေ တရုတ်နိုင်ငံ ဘေကျင်းမြို့ကို ထွက်ခွါလာတဲ့ လမ်းခုလတ်မှာ ပျောက်ဆုံးသွားခဲ့တာ ဖြစ်ပြီး ဝေဟင်ကပျောက်ကွယ်မသွားခင်မှာ ကွာလာလမ်ပူမြို့ဘက်ကို ဦးတည် ပြန်လှည့်ခဲ့တာ ဖြစ်ကောင်းဖြစ်နိုင်တယ်လို့ စုံစမ်းစစ်ဆေးရေးမှူးတွေက ယူဆနေကြပါတယ်။

ခရီးသည်စာရင်းထဲမှာ လွန်ခဲ့တဲ့ ၂ နှစ်ကတည်းက ထိုင်းနိုင်ငံမှာ အခိုးခံခဲ့ရတဲ့ အီတလီ နဲ့ သြစတြီးယား နိုင်ငံကူးလက်မှတ်တွေကို အသုံးပြုထားတာကို တွေ့ရှိခဲ့ရတဲ့အတွက် မလေးရှားအာဏာပိုင်တွေက ဒီအတွက် စုံစမ်းစစ်ဆေးမှုတွေ လုပ်နေပြီး လုံခြုံရေး တင်းကြပ်ထားဖို့ကိုလည်း လူဝင်မှုကြီးကြပ်ရေးဌာနကို ညွှန်ကြားလိုက်ပါတယ်။

ဒါ့အပြင် မသင်္ကာဖွယ် စာရွက်စာတမ်းအတုတွေ ကိုင်ဆောင်ခဲ့ကြသူ တခြား ခရီးသည် ၂ ယောက်နဲ့ ပတ်သက်ပြီးလည်း စတင်စုံစမ်းနေပြီလို့ မလေးရှား သယ်ယူပို့ဆောင်ရေးဝန်ကြီးက ပြောပါတယ်။

ခရီးသည်စာရင်းတခုလုံးကို အမေရိကန် ဗဟိုစုံစမ်းစစ်ဆေးရေးဗြူရို FBI အပါအဝင် နိုင်ငံတကာ စုံစမ်းရေးအဖွဲ့တွေနဲ့ မလေးရှားထောက်လှမ်းရေး အေဂျင်စီတွေ ပူးပေါင်းပြီး စုံစမ်းစစ်ဆေးနေတယ်လို့ သယ်ယူပို့ဆောင်ရေးဝန်ကြီး ဟီရှာမူဒင် ဟူစိန် (Hishammuddin Hussein) က တနင်္ဂနွေနေ့ သတင်းစာရှင်းပွဲမှာ ပြောခဲ့ပါတယ်။

လေယာဉ်နဲ့ နာရီပေါင်း ၃၀ကျော်လောက် အဆက်အသွယ် မရ ဖြစ်ခဲ့အပြီးမှာ လေယာဉ်ပေါ် ပါသွားတဲ့ ခရီးသည်တွေရဲ့ မိသားစုဝင်တွေကို အဆိုးဆုံး အခြေအနေတွေ ဖြစ်လာနိုင်တာမို့ ကြိုတင် ပြင်ဆင်ထားကြဖို့ ပြောခဲ့တယ်လို့ မလေးရှားလေကြောင်းလိုင်း ပြောခွင့်ရသူက ပြောသွားခဲ့ပါတယ်။

အခု ပျောက်ဆုံးနေတဲ့ လေယာဉ်ကို နိုင်ငံပေါင်း ၉နိုင်ငံက သင်္ဘော အစင်း၄၀၊ လေယာဉ် ၃၄စင်းနဲ့ ပူးပေါင်း ရှာဖွေနေတယ်လို့ မလေးရှား အာဏာပိုင်တွေက ပြောပါတယ်။

(Photo: AFP)
Radio Australia