ဒဏ္ဍာရီများစွာမြှုပ်နှံထားတဲ့ ပျောက်ကွယ်နေသောနှလုံးသား

ပို့စ်တင်ချိန် - 3/12/2014 08:34:00 PM


ကမ္ဘာကျော် အသည်းနှလုံးပုံရေကန်ကြီးမှာ ထိန်းသိမ်းစောင့်ရှောက်မှုအားနည်းချက်ကြောင့် အကြီးမားဆုံးစိန်ခေါ်ချက် ကြုံနေရပြီဖြစ်သည်
-----------------
ရေးသားသူ- ကိုစိုင်း

‘‘လမ်းပန်းဆက်သွယ်ရေးကခက်တော့ ဒီလမ်းကို ပြည်ပကနေ ရိဒ်ရေအိုင်ကို လာလည်တဲ့သူနည်းတယ်’’ဟု မြန်မာစကားကို ကြိုးစားပမ်းစားနှင့် ပြည်မက မြန်မာတစ်ဦး နားလည်အောင် ပြောပြနေသူကတော့ ရိဒ်ခေါ်ဒါရ်မြို့နယ်နေ ဒေသခံချင်းတိုင်းရင်းသားကြီး ကပူးကြီးထန်ပီးဖြစ်သည်။

တောင်ပေါ်သားတို့ထုံးစံအတိုင်း အသားအရေကခပ်ညိုညို ကိုယ်ဟန်တောင့်တောင့်တင်းတင်းရှိသူ ထန်ပီးသည် အသက်အရွယ်(၅၀)နီးပါးရှိနေပြီဖြစ်သော်လည်း အမြင့်ပေထောင်ကျော်မြင့်သော တောင်အောက်မှ ဂေါ်ဖီထုပ်များကို တောင်ပေါ်အထိ ထမ်းတင်နေနိုင်ဆဲ။ သူက ရိဒ်ခေါဒါရ်မြို့နယ်တွင် ငယ်ငယ်ကတည်းက ဘယ်မှမပြောင်းမရွှေ့ဘဲ နေထိုင်လာခဲ့သူ။ သို့သော်လည်း မြန်မာစကားကိုတော့ လည်လည်ဝယ်ဝယ်ပြောနိုင်သည်။ မြန်မာစကားကို ထိုကဲ့သို့ပြောနိုင်သည်မှာ သူငယ်စဉ်က ရိဒ်ခေါဒါရ်မြို့ရှိ မူလတန်းကျောင်းတစ်ကျောင်းတွင် စာသင်ကြားခဲ့ရ၍ဖြစ်သည်ဟု သူက ဂုဏ်ယူဝင့်ကြွားစွာ ပြောပြနေသေးသည်။

ရိဒ်ခေါဒါရ်မြို့သည် ချင်းပြည်နယ်မြောက်ပိုင်း ဖလမ်းခရိုင်အတွင်း ပင်လယ်ရေမျက်နှာပြင် အထက်ပေပေါင်း ၂,၅၈၀ ပေအထက်တွင် တည်ရှိသည်။ ရိဒ်ခေါဒါရ်မြို့သည် မြန်မာ-အိန္ဒိယ နှစ်နိုင်ငံကုန်သွယ်မှုပြုလုပ်ရာ အဓိကအကြီးဆုံးကုန်သွယ်ရေးလမ်းကြောင်းပေါ်တွင် ရှိသော်လည်း တစ်နှစ်လျှင် ခြောက်လကျော်သာ ကုန်စည်ကူးသန်းရောင်းဝယ်နိုင်သော လမ်းမပေါ်တွင်တည်ရှိနေခြင်းကလည်း လမ်းပန်းဆက်သွယ်ရေးခက်ခဲနေမှုကို ဖော်ပြနေသည်။

အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်နှင့် မြန်မာနိုင်ငံ၊ ချင်းပြည်နယ်တို့ကြား နှစ်နိုင်ငံနယ်စပ်တွင် တည်ရှိနေသော မြို့ကလေး။ ဒါက တောင်တန်းသားတွေ သိထားသော မြို့အနေအထား။ ပြည်မသားတွေအတွက်တော့ ရိဒ်ခေါဒါရ်မြို့ဆိုတာ အသိဉာဏ်ထဲမှာ ရှိလိမ့်မည်မဟုတ်။ ဒါပေမဲ့ ရိဒ်ရေအိုင်ဟုအမည်ရသော ကမ္ဘာကျော်အသည်းနှလုံးပုံ ရေအိုင်ကြီးကိုတော့ ချစ်သူများ၏ ၀ိညာဉ်များဆုံစည်းရာ ရေအိုင်ကြီးအဖြစ် လူတိုင်းသိနေကြသည်။ ဘယ်မှာရှိနေတယ်ဆိုတာကတော့ လူတိုင်းသိနိုင်ကြလိမ့်မည်မဟုတ်။ ဒဏ္ဍာရီထဲကလား၊ အခြားနိုင်ငံကလားဆိုတာ ဝေခွဲမရဖြစ်နေကြမည်သာ။

‘‘လပြည့်ညတွေဆိုရင် ရိဒ်ရေအိုင်ထဲက နဂါးကြီိးတစ်ကောင် ကန်ရေပြင်ထဲကနေထွက်လာပြီး ကန်ထဲမှာ ရေကစားနေလေ့ရှိတယ်’’ဟု ရိဒ်ရေအိုင်၏ ပါးစပ်ရာဇဝင်များထဲမှ ပြောစမှတ်များသော စကားလုံးအချို့ကို ရိဒ်ရေအိုင်ပတ်ဝန်းကျင်တွင် နေထိုင်ကြသော ချင်းတိုင်းရင်းသားကြီး ကပူကြီးထန်စေးကပြောသည်။

ရိဒ်ရေအိုင်ဆိုတာ ချင်းပြည်နယ်မြောက်ပိုင်း ဖလမ်းခရိုင်ထဲတွင်တည်ရှိပြီး အိုင်၏ဧရိယာအကျယ်အဝန်း ၈၃၂ ဧက ရှိသည်။ ထို့အပြင် ချင်းတိုင်းရင်းသားတို့အတွက် ညအိပ်ရာဝင်ဒဏ္ဍာရီပုံပြင်မြောက်မြားစွာ မြှုပ်နှံထားသော အိုင်တစ်ခုလည်းဖြစ်ပါသည်။

အရှေ့ဘက်တောင်တန်းကြီးသည် အသည်းနှလုံးပုံ၏အောက်ခြေ အချွန်ပိုင်းသဏ္ဌာန်တည်ရှိပြီး အနောက်ဘက်တောင်တန်းကြီးကတော့ ကန်ဘက်ကိုချွန်ထွက်နေကာ အသည်းနှလုံးပုံ၏ အပေါ်ပိုင်းချိုင့်ဝှမ်းပုံသဏ္ဌာန်။ ချင်းတောင်တန်းကြီးက သဘာဝအတိုင်း အသည်းနှလုံးပုံရေးဆွဲထားသော သဘာဝပန်းချီကားတစ်ချပ်။ ရိဒ်ရေအိုင်ကြီး စတင်တည်ရှိသောနှစ်ကို မည်သူမျှ တပ်အပ်သေချာမပြောနိုင်သော်လည်း အိန္ဒိယနိုင်ငံနေ မိဇိုးလူမျိုးတို့၏ နှစ်စဉ်ဘိုးဘွားဝိညာဉ်များ လာရောက်ကန်တော့ရာ ဒေသ။ မိမိအိမ်၏ စီးပွားလာဘ်လာဘရွှင်စေရန် ရိဒ်ရေအိုင်ထဲရှိ ဘိုးဘွားများ၏ဝိညာဉ်များကို လာရောက်ကန်တော့ အကူအညီတောင်းခံရာ လူသားများ၏ ဘဝအမောများကို ကူညီဖြေရှင်းပေးနေသည့် နှလုံးသားတစ်ခု။

‘‘သူတို့ရဲ့အယူအဆက ဒီအိုင်ထဲမှာ သေဆုံးသွားပြီဖြစ်တဲ့ သူတို့ရဲ့ဘိုးဘွားဝိညာဉ်တွေရှိတယ်။ သူတို့ကို နှစ်စဉ်လာရောက်ကန်တော့ခြင်းဖြင့် စီးပွားလာဘ်လာဘရွှင်တယ်ဆိုပြီး ကားလမ်းတွေကောင်းတဲ့အချိန် ဒီဇင်ဘာကနေ ဧပြီလအထိ လာရောက်ကန်တော့ကြတာတွေ ပြုလုပ်ကြတယ်’’ဟု ရေအိုင်ကြီးဘေးတွင်နေထိုင်သော
ကပူးကြီးထန်စေးကပြောသည်။

ရိဒ်ရေအိုင်ကို မြန်မာ-အိန္ဒိယ နယ်မြေပိုင်းခြားမှု သဘာဝအမှတ်အသားတစ်ခုဖြစ်သော တီအိုချောင်းကြီးက ရစ်ခွေစီးဆင်းလျက်ရှိသည်။ ရိဒ်ရေအိုင်သည် တဖြည်းဖြည်း ရေနည်းခန်းခြောက်လာလျက်ရှိရာ ယခုဆိုလျှင် ၁၅ ပေခန့် နိမ့်ဆင်းသွားပြီဟု ရိဒ်ရေအိုင်ပတ်ဝန်းကျင်နေ တောင်တန်းသားတို့က ဆိုကြသည်။ ထိုကဲ့သို့ဖြစ်ရခြင်းမှာ အကြောင်းရင်းတော့ရှိရမည်ဟု ပညာရှင်တို့က လေ့လာစူးစမ်းမှုများ ပြုလုပ်လာခဲ့ရာ အိုင်၏ရေနည်းခြင်း အဓိကအကြောင်းရင်းမှာ အိုင်၏ပတ်ဝန်းကျင်ရှိ သစ်တောသစ်ပင်များ ပြုန်းတီးလာသောကြောင့်ဖြစ်သည်ဟု ထောက်ပြကြသည်။

ရိဒ်ရေအိုင်ပတ်ဝန်းကျင်တွင် ရွှေ့ပြောင်းတောင်ယာ စိုက်ပျိုးထားမှုကို မြင်တွေ့နိုင်သည်။ တောင်ယာစိုက်ပျိုးကြသည်ဆိုသည့်အတိုင်း အိုင်၏ပတ်ဝန်းကျင်ရှိ သစ်တောသစ်ပင်များ ခုတ်လှဲကြရာမှ စတင်ဖြစ်ပေါ်လာကြသည်ဟု သုံးသပ်ကြသည်။

ရေအိုင်၏ပတ်ဝန်းကျင်တွင် မတာခြံစည်းရိုးပင်ခေါ် သစ်ပင်ငယ်များ ပေါက်ရောက်နေပြီး အဆိုပါအပင်များသည် ရိဒ်ရေအိုင်အတွင်း အနည်ပို့ချမှုနည်းအောင် သဘာဝကပေးထားသော အကောင်းဆုံးလက်ဆောင်တစ်ခု ဖြစ်သည်။ ထိုအပင်များကို ဒေသခံတိုင်းရင်းသားတို့က ခုတ်လှဲကြသောအခါ မိုးရာသီတောင်ပေါ်မှ ရေများစီးကျလာချိန် ရေနှင့်အတူမျောပါလာမည့် အမှိုက်သရိုက်များကို စစ်ယူထားနိုင်မှု အားနည်းလာသည်။ ထိုအပင်များ ခုတ်ယူလိုက်သောအခါ ကန်အတွင်း အနည်ကျမှုများလာခဲ့ပြီး အိုင်၏ရေဝပ်ဧရိယာ တဖြည်းဖြည်းကျဉ်းမြောင်းလာခဲ့သည်။

ရိဒ်ရေအိုင်အကြောင်း လေ့လာစာတမ်းပြုစုနေသူ ရုက္ခဗေဒဌာနမှ ဒေါက်တာတစ်ဦးက ‘‘ကုန်းမြင့်ကနေ ရေစပ်ရောက်တဲ့အထိ ၄၃ ပေလောက်မှာ မတာခြံစည်းရိုးပင်ရှိတယ်။ မတာခြံစည်းရိုးပင်နောက်မှာ ဗေဒါကိုင်းပင်တွေရှိတယ်။ သူတို့က ကျွန်းမျောပုံသဏ္ဌာန်တည်ရှိနေပြီး ရေအောက်ကြမ်းပြင်ပေါ် အနည်ကျမှုကို သူ့နည်းသူ့ဟန်နဲ့ ကာကွယ်ပေးနေတယ်။ ဒီအပင်တွေကို ခုတ်လိုက်တဲ့အခါကျတော့ ရေအိုင်ထဲကို အပေါ်ကရေစီးကျလာတဲ့အခါ အနည်တွေကိုစစ်ချရမယ့် အမြစ်တွေက နည်းသွားပြီး ရေအိုင် တဖြည်းဖြည်း ရေတိမ်လာရခြင်းဖြစ်တယ်’’ဟု ၎င်း၏တွေ့ရှိချက်ကို ပြောပြသည်။

ရိဒ်ရေအိုင်၏အောက်ခြေသည် ကန်အပေါ်ရေပြင်ထက် အပူချိန်လျော့နည်းတတ်သောသဘောရှိပြီး ရေအိုင်၏အောက်ခြေအပူချိန်သည် သုညဒီဂရီဆဲလ်စီးယပ်စ်ရှိနေသောအခါ အပေါ်ရေပြင်အပူချိန်က ၄ ဒီဂရီဆဲလ်စီးယပ်စ် ရှိနေတတ်သည်။ ထို့ကြောင့် ရာသီဥတုအေးသည့်ကာလဖြစ်သော ဒီဇင်ဘာအတွင်း အိုင်၏ရေပြင်သည် အနီရောင်အဖြစ် ပြောင်းလဲသွားတတ်ခြင်းကို ဒေသခံတိုင်းရင်းသားများက အိုင်အတွင်းနေထိုင်သော နဂါးလူးသောကြောင့်ဖြစ်သည်ဟု ပြောကြသည်။ သို့သော် ရိဒ်ရေအိုင်အကြောင်းလေ့လာနေသူ ကထိကဦးကျော်လင်းက အိုင်၏အောက်ခြေ ရေပြင်အေးလာသောအခါ အောက်ခြေရှိအနည်များက အပေါ်ပိုင်းရေအပူချိန်ရှိရာသို့ တက်လာခဲ့ပြီး အိုင်၏ရေပြင် နောက်ကျိရခြင်းဖြစ်သည်ဟု သူ၏လေ့လာတွေ့ရှိချက်ထဲမှ အချို့ကိုသုံးသပ်ပြသည်။

သို့သော် အသည်းနှလုံးပုံ ရိဒ်ရေအိုင်ကြီး ရေနည်းခန်းခြောက်လာခြင်းသည် လူသားတို့အတွက် စိုးရိမ်စရာအခြေအနေတစ်ခု ဖြစ်နေသည်ဆိုသည်ကိုတော့ တောင်ယာစိုက်တိုင်းရင်းသားတို့ ခဏမေ့လျော့နေခဲ့ကြသည်။

ထိန်းသိမ်းရန်မဆိုထားနှင့်၊ ရိဒ်ရေအိုင်ကို သွားရောက်လည်ပတ်ရာ ကားလမ်းကြောင်းကြီးဖြစ်သော တောင်တန်းပေါ်က လမ်းမကြီးက နွေရာသီတွင် ဖုံထူနေဆဲ၊ မိုးရာသီတွင် ရွှံ့နွံများနေဆဲ၊ တောင်ပြိုခြင်းများရှိနေဆဲ၊ ထို့ကြောင့် ခရီးသွားများလည်း သွားလာမှုနည်းပါးဆဲ။

ထိုအခြေအနေသည် ကမ္ဘာတွင် အသည်းနှလုံးပုံရိဒ်ရေအိုင်ဟု နာမည်ကြီးနေသော အိုင်ကြီးသို့ နှစ်စဉ်လာရောက်လည်ပတ်သူ ပြည်မသားမဆိုထားနှင့်၊ တောင်တန်းသားတို့ပင် လာရောက်လည်ပတ်ရန် အချိန်ယူစဉ်းစားရလျက်ရှိသော အနေအထားတွင် ရှိနေသေးသည်။

ထို့ကြောင့် ခရီးသွားလုပ်ငန်းမှ ပြည်နယ်၏ဝင်ငွေကို တစ်ဖက်တစ်လမ်းမှ ရှာထားပေးနိုင်သည်ဟူသော မျှော်လင့်ချက်မှာ ရိဒ်ရေအိုင်ပေါ်တွင် ကျဆင်းနေသော နှင်းငွေ့များအလား ဝေဝါးနေဆဲဖြစ်သည်။ သို့သော် မိမိတို့လူမျိုးများ၏ ပိုင်ဆိုင်မှုနယ်နိမိတ်တွင် ရှိခဲ့ဖူးသည်ဟူသော သမိုင်းစာမျက်နှာနှင့် ရိဒ်ရေအိုင်၏ ဒဏ္ဍာရီဆန်ဆန် အိပ်ရာဝင်ပုံပြင်ကိုတော့ အိန္ဒိယနိုင်ငံ မိဇိုရမ်ပြည်နယ် ဌာနေတိုင်းရင်းသားများကတော့ ရိဒ်ရေကန်ကို တန်ဖိုးထားကြသည်။ မိဇိုရမ်စာသင်ကျောင်းတွင် မူလတန်းကလေးငယ်များအတွက် ဗဟုသုတရဖွယ် ရိဒ်ရေအိုင်ကြီးအကြောင်း အော်ဟစ်ကျက်မှတ်နေသံ ရိဒ်ရေကန်ထက်ဝန်းကျင် တောင်တန်းများပေါ်တွင် လွင့်ပျံ့နေပါက အံ့သြဖွယ်ရှိမည် မဟုတ်ပေ။ ။

ဓာတ်ပုံ- ကိုစိုင်း

7Day News Journal