ယူကရိန်းအရေး စစ်အင်အားသုံးရန် မလိုသေးဟု ပူတင်ပြော

ပို့စ်တင်ချိန် - 3/05/2014 07:56:00 PM


မော်စကို၊ မတ် ၎

ယူကရိန်းနိုင်ငံ ကရိုင်းမီးယားဒေသ အရေးနှင့် ပတ်သက်၍ လောလောဆယ် ကာလတွင် စစ်အင်အား အသုံးပြုရန် မလိုအပ်သေးဟု ရုရှားသမ္မတ ဗလာဒီမာပူတင်က ပြောကြားလိုက်ပြီး အရှေ့-အနောက် တင်းမာမှု လျှော့ကျလာစေရန် ရည်ရွယ် လုပ်ဆောင်ခြင်း ဖြစ်ကြောင်း Reuters သတင်းတွင် သုံးသပ် ပြောကြားလိုက်သည်။

ယူကရိန်းအရေးတွင် စစ်အင်အား အသုံးပြုရေး နည်းလမ်းကို နောက်ဆုံးအနေနှင့် ရွေးချယ်သွားမည် ဖြစ်ပြီး မော်စကိုအပေါ် အနောက်နိုင်ငံများက စီးပွားရေးအရ အရေးယူ ပိတ်ဆို့ပါက တန်ပြန် သက်ရောက်မှုများ ပေါ်ပေါက်လာမည်ဟု သမ္မတပူတင်က သတိပေးလိုက်သည်။

ထို့အပြင် ရုရှား၏ မဟာမိတ် တစ်ဦးဖြစ်သော ယူကရိန်းသမ္မတ ဗစ်တာယာနျူကိုဗစ်ကို အခြေခံဥပဒေနှင့် မညီညွတ်ဘဲ အာဏာသိမ်း ဖြုတ်ချလိုက်ကြောင်း၊ ယာနျူကိုဗစ်မှာ ယူကရိန်းနိုင်ငံ၏ တရားဝင် ခေါင်းဆောင် ဖြစ်ကြောင်း သတင်းစာ ရှင်းလင်းပွဲတွင် ပူတင်က ပြောကြားလိုက်သည်။

သို့သော်လည်း အင်္ဂါနေ့ အစောပိုင်းတွင် ယူကရိန်းနှင့် နယ်မြေချင်း ထိစပ်နေသော ရုရှားနိုင်ငံ အနောက်ပိုင်း ဒေသများတွင် စစ်ရေးလေ့ကျင့်နေသော တပ်ဖွဲ့ဝင်များကို စစ်အခြေစိုက် စခန်းများသို့ ပြန်လည် ဝင်ရောက်ရန် ပူတင်က အမိန့်ပေးလိုက်သည်။

ကရိုင်းမီးယားဒေသကို ပူတင်၏ တပ်ဖွဲ့ဝင်များ ထိန်းချုပ်လိုက်ပြီးနောက် ရုရှားစတော့ဈေးနှုန်း၊ ရူဘယ်ငွေဈေးနှုန်း၊ ဘွန်းဈေးနှုန်းများမှာ သိသိသာသာ ကျဆင်းသွားပြီး ဘဏ္ဍာရေးဆိုင်ရာ ဆုံးရှုံးမှုများ တနင်္လာနေ့တွင် ဖြစ်ပေါ်ခဲ့သော်လည်း အင်္ဂါနေ့တွင် ပြန်လည် မြင့်တက်လာပြီ ဖြစ်သည်။

ယင်းကဲ့သို့သော ဘဏ္ဍာရေး ကျဆင်းမှုများကြောင့် ရုရှားကုမ္ပဏီများမှာ ဒေါ်လာ ၆၀ ဘီလီယံ တန်ဖိုးအထိ ဆုံးရှုံးခဲ့ရပြီး နောက်တွင် စစ်အင်အား အသုံးပြုရန် မလိုဟု သမ္မတပူတင်က ပြောကြားလိုက်ခြင်း ဖြစ်သည်။

တစ်ချိန်တည်းမှာပင် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီလည်း ယူကရိန်းနိုင်ငံသို့ ရောက်ရှိနေပြီး ယူကရိန်းနှင့် ရုရှားအကြား စေ့စပ်ဆွေးနွေးနိုင်ရန် နည်းလမ်းများ တင်ပြပေးမည် ဖြစ်သည်။

ရုရှားနိုင်ငံ၏ လုပ်ဆောင်ချက်များကြောင့် ပူးတွဲစစ်ရေး လေ့ကျင့်မှုများ၊ ဆိပ်ကမ်းများသို့ သွားရောက် လည်ပတ်မှုများ အပါအဝင် ရုရှားနှင့် စစ်ရေး ပူးပေါင်းမှုများကို ဆိုင်းငံ့မည်ဟု အမေရိကန် ပြည်ထောင်စုက ထုတ်ပြန်လိုက်ပြီး ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံရေးဆိုင်ရာ ဆွေးနွေးမှု များကိုလည်း ရပ်တန့်ထားမည်ဟု ပြောကြားလိုက်သည်။

ထို့အပြင် ရုရှားနိုင်ငံအပေါ် အရေးယူ ပိတ်ဆို့မှုများ လုပ်ဆောင်ရန် ပြင်ဆင်သွားမည်ဟု အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနက ပြောကြားလိုက်ပြီး စီးပွားရေး ပိတ်ဆို့ပါက ဒေါ်လာကို အရန်ငွေအဖြစ် အသုံးပြုမည် မဟုတ်ဘဲ အမေရိကန် ချေးငွေများကို ပြန်မဆပ်ဟု ကရင်မလင် အရာရှိများက ပြောကြားသည်။

အနောက်တိုင်း ခေါင်းဆောင် များကလည်း စစ်ရေးအရ မစွက်ဖက်ရန် သမ္မတပူတင်ကို သတိပေးလိုက်ပြီး စီးပွားရေး၊ သံတမန်ရေးရာ အကျိုးဆက်များ ပေါ်ပေါက်လာမည်ဟု ပြောကြားလိုက်သော်လည်း စစ်ရေး အရေးယူမှုများ လုပ်ဆောင်မည်ဟု ပြောကြားခြင်း မရှိပေ။

ရုရှား၏ အနီးကပ် မဟာမိတ် တစ်ဦးဖြစ်သော တရုတ်နိုင်ငံကလည်း ယူကရိန်းအရေး ငြိမ်းချမ်းစွာ ဖြေရှင်းရန် ရုရှားနိုင်ငံကို ကုလသမဂ္ဂ အစည်းအဝေးတွင် တိုက်တွန်းလိုက်ကြောင်း RIA သတင်းတွင် ဖော်ပြထားသည်။

ပူတင်၏ မဟာမိတ်ဖြစ်သော ယူကရိန်းသမ္မတ ယာနျူကိုဗစ်ကို လူထု အုံကြွမှုများဖြင့် ရာထူးမှ ဖြုတ်ချပြီးနောက်တွင် ယူကရိန်း နိုင်ငံတွင်းရှိ ရုရှားလူမျိုးများနှင့် အကျိုးစီးပွားများကို ကာကွယ်ရန် စစ်အင်အား အသုံးပြုနိုင်ခွင့် ရှိသည်ဟု ရုရှားသမ္မတ ပူတင်က ထုတ်ပြန် ပြောကြားလိုက်သည့် နောက်တွင် တင်းမာမှုများ ပေါ်ပေါက်လာခြင်း ဖြစ်သည်။

ရုရှားနိုင်ငံ၏ မဟာဗျူဟာမြောက် အိမ်နီးချင်းနိုင်ငံဖြစ်သော ယူကရိန်းနိုင်ငံ၌ အနောက်လိုလားသော အစိုးရ အဖွဲ့သစ် တက်လာပြီး ဥရောပသမဂ္ဂနှင့် ပိုမို ပူးပေါင်းရေး လမ်းကြောင်း ရွေးချယ်လာမည်ကို စိုးရိမ်ခြင်းကြောင့် ရုရှားသမ္မတ ပူတင်က ယူကရိန်းအရေးတွင် ဝင်ရောက် စွက်ဖက်ခြင်း ဖြစ်သည်။

The Voice Weekly