အသက် ခုနစ်ဆယ်အရွယ် အမျိုးသားကြီးတစ်ဦး ဂင်းနစ်မှတ်တမ်းဝင်နိုင်ရန် ထူးခြားစွမ်းဆောင်ရည်များကို ပြသ

ပို့စ်တင်ချိန် - 3/10/2014 12:55:00 PM


ခြေသလုံးပေါ်ရှိ ရေခဲတုံးပေါ်တွင် အုတ်ခဲသုံးလုံးတင်၍ သံတုတ်ဖြင့် ရိုက်ခွဲပြသနေသော အသက်ခုနစ်ဆယ်ဟုဆိုသည့် အမျိုးသားကြီး ဓာတ်ပုံ − ဂျေမောင်မောင်(အမရပူရ)

အသက်ခုနစ်ဆယ်အရွယ် အမျိုးသားကြီးတစ်ဦးက ဂင်းနစ်မှတ်တမ်းဝင်နိုင်ရန် ၎င်း၏ ထူးခြားစွမ်းရည်များကို မတ်လ ၉ ရက်တွင် မီဒီယာများရှေ့၌ ပထမဆုံးအကြိမ် ထုတ်ဖော်ပြသခဲ့သည်။

မော်ကင်းထံမသီမျိုးနွယ်စုဝင်(ဆလုံတိုင်းရင်းသား) ဖြစ်သော ဦးငြိမ်းချမ်းအောင်သည် ဂင်းနစ်စံချိန်တင်နိုင်ရန်အတွက် ၎င်း၏စွမ်းရည်များအား ကမ္ဘာကသိစေရန် ရည်ရွယ်၍  ပြကွက် ၁၀ ကွက်ကို ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ် တုလွတ်အောင်မြေကျောင်းတိုက်တွင် ပြည်သူများ၊ မီဒီယာများရှေ့၌ ပြသခြင်းဖြစ်သည်။
         
ဦးငြိမ်းချမ်းအောင်ပြသသွားသော ပြကွက်များမှာ ကားသုံးစီးကို ကြိုးသွယ်ကာ ၎င်း၏ ဆံပင်ရှည်နှင့်ချီပြီး ကိုက် ၁၀၀ ၀န်းကျင်ထိ ဆွဲပြသော ပြကွက်၊ ဗိုက်ပေါ်တွင် လေးလက်မအရွယ် ရေခဲတုံးတစ်တုံးတင်ကာ ထိုရေခဲတုံးပေါ်တွင် အုတ်ခဲသုံးလုံးတင်ပြီး အပြင်မှ လူတစ်ယောက်က သံတုတ်ဖြင့်ရိုက်ခြင်း၊ ခြေသလုံးပေါ်တွင်လည်း ထိုကဲ့သို့တင်ကာ သံတုတ်ဖြင့် ရိုက်ခြင်း၊ လေးလက်မအရွယ် ရေခဲတုံးကို ခေါင်းဖြင့်  ရိုက်ခွဲခြင်း၊ ငှက်ပျောတုံးအား လက်ချောင်းဖြင့် ထိုးသွင်းခြင်း၊ ငှက်ပျောတုံးကို သံလုံးအချွန်ဖြင့် ထောက်ကာ တစ်ဖက်သံချွန်ကို လည်ပင်းတွင်ထောက်၍ ငှက်ပျောတုံးကို လည်ပင်းအားဖြင့်ထိုးသွင်းခြင်း စသည့်ပြကွက်များကို တစ်နာရီခွဲဝန်းကျင် ပြသခဲ့သည်။
         
ထို့အပြင် သရက်ပင်ပေါ်သို့ နောက်ပြန်တက်၊ နောက်ပြန်ဆင်းသော ပြကွက်၊ ကလေးတစ်ယောက်၏ ဗိုက်၊ လည်ပင်း၊ ကုတ် စသည့်တို့ပေါ်တွင် သခွားသီးတစ်လုံးတင်ကာ ဓားဖြင့်ခုတ်ခြင်း၊ အုတ်ခဲဖြင့် ၎င်း၏လည်ပင်းအား ထိုးခြင်း၊ ပုလင်းတစ်လုံးပေါ်တွင် ဓာတ်ခဲတစ်လုံးတင်ကာ ခြေထောက်နှစ်ဘက်တင်၍ ဗိုက်အောက်တွင် ဓားထောင်ထားကာ ဒိုက်ထိုးခြင်း စသည့်ပြကွက်များကို စင်မြင့်ပေါ်တွင် ပြသခဲ့သည်။
         
ငှက်ပျောတုံးအား သံလုံးအချွန်ဖြင့်ထောက်ကာ တစ်ဘက်သံချွန်ကို လည်ပင်းတွင်ထောက်၍ ငှက်ပျောတုံးအား လည်ပင်းအားဖြင့် ထိုးသွင်းသော ပြကွက်တွင် ၎င်း၏လည်ပင်း အနည်းငယ်ဒဏ်ရာရရှိခဲ့ပြီး ဗိုက်ပေါ်တွင် လေးလက်မအရွယ်ရေခဲတုံးတစ်တုံးတင်ကာ ထိုရေခဲတုံးပေါ်တွင် အုတ်ခဲသုံးလုံးတင်ပြီး အပြင်မှလူတစ်ယောက်က သံတုတ်ဖြင့်ရိုက်သော ပြကွက်တွင် ရေခဲတုံးများ မျက်နှာတွင်စင်ကာ ဒဏ်ရာအနည်းငယ်ရရှိခဲ့သည်။
         
‘‘ဆရာက ဂင်းနစ်တွေဘာတွေလည်း နားမလည်ဘူး။ ဒါပေမယ့် အဲဒီဂင်းနစ်စံချိန်သမားတွေကို စိန်ခေါ်ရဲတယ်။ ဆရာက အပြင်မှာ တကယ်လုပ်နေတာ။ လေယာဉ်ပျံကိုတောင် ဆံပင်နဲ့ဆွဲချင်တာ။ ဆရာက လေးနှစ်သားကတည်းကကျင့်လာတာ ၂၄ နှစ်မှာ ကျင့်စဉ်တွေအားလုံးကျင့်ပြီးနေပြီ။ ဂင်းနစ်ရှေ့ပြေးအဖွဲ့ထံကို ဆရာရဲ့လုပ်ဆောင်ချက်တွေ ပို့သွားမယ်’’ဟု ဦးငြိမ်းချမ်းအောင်က စွမ်းရည်များမပြသမီ ပြောသည်။
         
၎င်း၏ဗိုက်ပေါ်တွင် ကားဘီးဖြင့် ဖြတ်မောင်းသောပြကွက်ကို ပြသရန်အတွက် အချိန်မရှိသောကြောင့် မပြသရခြင်းဖြစ်ကြောင်း ၎င်းကဆိုသည်။
         
‘‘ဂင်းနစ်ရှေ့ပြေးအဖွဲ့ကို ဆရာရဲ့လုပ်ဆောင်ချက်တွေ ပို့သွားမယ်။ ဂင်းနစ်အဖွဲ့ကရော ဘယ်လိုဟာတွေကို အဓိကထားပေးတယ် ဆရာရဲ့လုပ်ဆောင်ချက်တွေကရော ကိုက်ညီမှုရှိလားဆိုတာ တိုက်ကြည့်ရမယ်။ စံချိန်တွေနဲ့ ကိုက်ညီတယ်ဆိုရင် ဂင်းနစ်ရှေ့ပြေးအဖွဲ့ကို ခေါ်တွေ့ပြီး  လုပ်ဆောင်သွားမယ်’’ဟု တုလွတ်အောင်မြေကျောင်းတိုက်ဆရာတော် ဦးဝီလာသ၏ သက်တော်မွေးနေ့ ၈၄ နှစ်ပြည့်ပွဲတွင် အဆိုပါဦးငြိမ်းချမ်းအောင်၏ ပြကွက်များကို ပြသစေခဲ့ရာတွင် ဦးဆောင်သူ မြတ်ဘုန်းပွင့်ဆောက်လုပ်ရေးမှ ကိုမင်းမြတ်ဦးကပြောသည်။
         
အသက် ၇၀ အရွယ်ရှိ ဦးငြိမ်းချမ်းအောင်သည် အရပ် ငါးပေသုံးလက်မ၀န်းကျင်ရှိကာ ကျစ်လစ်သော ခန္ဓာကိုယ်အမျိုးအစားရှိပြီး ည ၁၂ နာရီနောက်ပိုင်းအချိန်များကို အိပ်စက်ခြင်းမရှိကြောင်း ၎င်းကဆိုသည်။ ၎င်းသည် ပြပွဲထောင်ဖြင့်ချီကာပြသခဲ့ပြီး နိုင်ငံခြားသားများကိုလည်း တစ်ပွဲလျှင် ဒေါ်လာ ၂၀၀၀ ဖြင့် သီးသန့်ပြသမှုများလည်းရှိခဲ့ကြောင်း ၎င်းကပြောသည်။
         
‘‘ဆရာကမနက်ထဲကပြနေတာ။ သူပြသွားတာတွေက မှော်ပညာတွေနဲ့မဆိုင်ဘူးလို့ထင်တယ်။ တကယ်ကျင့်ပြီးမှ လုပ်ပြတဲ့အကွက်တွေများတယ်။ ရေခဲတုံးကို ခေါင်းနဲ့ရိုက်ခွဲတာတွေ၊ ကားသုံးစင်းကို ဆံပင်နဲ့ဆွဲတာတွေက အံ့သြဖို့ကောင်းတယ်။ ဒီမှာ ဒီလိုပြပွဲလုပ်နေတယ်ဆိုတာ အပြင်က သိပ်မသိကြဘူး။ ကျွန်မတို့မြို့နယ်ကလောက်ပဲ ကောင်းကောင်းသိတာ’’ဟု အဆိုပါပြကွက်များကို လာရောက်ကြည့်ရှုသူ မရမ်းကုန်းမြို့နယ်မှ ဒေါ်ကြည်ကြည်ဝင်းကပြောသည်။
         
ပြကွက်များပြသနေချိန်များတွင် ၎င်း၏ ယခင်ကပြကွက်များကို ရိုက်ကူးထားသော ဒီဗီဒီအခွေတစ်ခွေကို တစ်ထောင်ကျပ်ဖြင့် လိုက်လံရောင်းချပြီး အလှူငွေများလည်း ကောက်ခံခဲ့သည်။ ထိုအလှူငွေများသည် အနယ်နယ်အရပ်ရပ်ရှိ ဆင်းရဲသားများကို လိုက်လံလှူဒါန်းမှုများပြုလုပ်ကြောင်း ၎င်းကဆိုသည်။

7 Day Daily