အိန္ဒိယမှ ထူးထူးခြားခြား ကြွက်ဘုရားကျောင်း

ပို့စ်တင်ချိန် - 3/03/2014 05:17:00 PM



သာမန်အားဖြင့် ကြွက်များကို စက်ဆုပ်စရာ၊ ရွံစရာ အဖျက်အနှောင့်အယှက် သတ္တဝါများအဖြစ်သာ လူအများစုက ရှုမြင်ကြသည်။ သို့သော်လည်း အိန္ဒိယ နိုင်ငံတွင်မူ ကြွက်များကို အမြတ်တနိုး တန်ဖိုးထား ကိုးကွယ်သည့် ထူးထူးခြားခြား ဘုရားကျောင်းတစ်ခု တည်ရှိနေသည်။ အဆိုပါ ဘုရားကျောင်းထဲတွင် ကြွက်ကောင်ရေ (၂၀၀၀၀)ကျော် နေထိုင်သည်။ ရာဂျက်စ်သန်ရှိ ကာနီမာတာ ဘုရားကျောင်းသည် အမွေးထူထူ အမြီးရှည်ရှည် သတ္တဝါလေးများ ပြေးလွှားဆော့ကစားရင်း ပျော်ရွှင်ကျက်စားနေသည့် နေရာတစ်ခုအဖြစ် ကမ္ဘာလှည့် ခရီးသွားများကို ဆွဲဆောင်လျှက်ရှိသည်။ ကြွက်များကို ကိုးကွယ်သည့် ထူးခြားသော အယူဝါဒ ရှိသူအချို့သည် အဆိုပါ ကျောင်းတိုက်ထဲ လာရောက်ကာ ကြွက်များကို အစာကျွေးမွေးခြင်း၊ ဝတ်ပြုခြင်းတို့ လုပ်ဆောင်ကြသည့်အပြင် ၎င်းတို့ကိုလည်း ကာကွယ်စောင့်ရှောက်မှု ပေးထားသေးသည်။

ယင်းဘုရားကျောင်းသို့ သွားရောက်လည်ပတ်ခဲ့သူ တစ်ဦးဖြစ်သော ဆူရန်ဒါ ရှာမားက "ဒီဘုရားကျောင်းကို အရင်ဆုံး ရောက်ဖူးတာပါ။ ဒီလောက်ကြွက်တွေ အများကြီး ရှိပေမယ့် ပတ်ဝန်းကျင်မှာ ပလိပ်ရောဂါ ဖြစ်တာမျိုး ဘယ်တုန်းကမှ မကြားဖူးဘူး။ ဒီမှာ ကြွက်တွေ နေထိုင်နေကြတာ နှစ်ပေါင်းများစွာ ကြာပါပြီ။ ဒီနားတဝိုက်က လူတွေက ကြွက်တွေကို နတ်ဘုရားတွေ အနေနဲ့ လာပြီး ဝတ်ပြုတတ်ကြပါတယ်"ဟု ပြောကြားခဲ့သည်။ ယင်းကျောင်းတိုက်တွင် ကြွက်များကို ကျွေးမွေးသည့် အစာရေစာကိုလည်း ကြီးမားလှသည့် အိုးကြီးများတွင် ထည့်သွင်းကာ အထူးတလည် စီစဉ်လေ့ရှိသည်။

ကြွက်များသည် ဘုရားကျောင်းတွင်း၌ လွတ်လွတ်လပ်လပ် သွားလာနေပြီး ၎င်းတို့ကို တင်မြှောက်ပူဇော်ထားသည့် သလေးစပါး အကောင်းစားများကို စားသုံးကာ သတ္တုခွက်ထဲမှ နွားနို့များကို သောက်နေလေ့ရှိသည်။ ယင်းဘုရားကျောင်း၏ ထူးခြားသော အခြေအနေကြောင့် လာရောက်လည်ပတ်သူ အရေအတွက်လည်း တဖြည်းဖြည်း တိုးမြင့်လာခဲ့သည်။ အနက်ရောင်နှင့် အညိုရောင် အမွေးအမင်များ ဖုံးလွှမ်းနေသော ကြွက်များကို နေရာအနှံ့ တွေ့မြင်နိုင်သည်။ ဝတ်ပြုသူများက အဖြူရောင် ကြွက်တစ်ကောင်ကို တွေ့မြင်ရသည် ဆိုပါက မိမိတို့အတွက် လာဘ်ကောင်းသည်ဟု အယူရှိကြောင်းလည်း ရှင်းပြခဲ့ကြသည်။ အဆိုပါ ဘုရားကျောင်း၏ စည်းမျဉ်းအရ ကြွက်တစ်ကောင်ကို မတော်တဆ တက်နင်းမိပြီး ကြွက်သေသွားလျှင် အပြစ်မြောက်သည်။ ထိုအခါ အပြစ်သားသည် ရွှေသား၊ သို့မဟုတ် ငွေသားဖြင့် ထုလုပ်ထားသည့် ကြွက်ရုပ်လေးတစ်ခုကို ဝယ်ယူကာ အဆိုပါကျောင်းဆောင်တွင် လာရောက် ထားရှိခြင်းဖြင့် အပြစ်ကို ချေဖျက်နိုင်ကြောင်းလည်း သိရှိရသည်။

Planet