နိုင်ငံရေး အကျပ်အတည်းများ မဖြစ်စေရန် လေးပွင့်ဆိုင် တွေ့ဆုံရန် တောင်းဆိုခြင်းဖြစ်

ပို့စ်တင်ချိန် - 3/27/2014 09:46:00 PM


အိအိတိုးလွင်နှင့် စုလှိုင်ထွန်း   |   Thursday, 27 March 2014

ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး ကြိုးပမ်းချက်များသည် နိုင်ငံရေး အကျပ်အတည်း မဖြစ်စေရန်
တွေ့ဆုံဆွေးနွေးရေးကို တောင်းဆိုနေရခြင်း ဖြစ်ကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ
ဒေါ်အောင်ဆန်းစုကြည်က မတ်လ ၂၆ ရက်နေ့က ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင်
ပြောကြားလိုက်သည်။

၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးအတွက် လူထုဆန္ဒထုတ်ဖော်မှုများ အရှိန်မြင့်တက်
လာသည့်အချိန်တွင် ပြင်ဆင်ရေးအတွက် တာဝန်ယူထားသူများအနေဖြင့် နိုင်ငံရေးအကျပ်အတည်း
ကိုရှောင်ဖယ်ကာ သိမ်မွေ့စွာကိုင်တွယ်သွားရန် သမ္မတဦးသိန်းစိန်က လွှတ်တော်တွင် သတိပေး
ပြောကြားချက်အပေါ် ဒေါ်အောင်ဆန်းစုကြည်က ပြည်ထောင်စု လွှတ်တော် နာယက သူရ
ဦးရွှေမန်းနှင့် ပူးတွဲ ရှင်းလင်းပွဲ၌ တုံ့ပြန်လိုက်ခြင်းဖြစ်သည်။

နိုင်ငံတော် သမ္မတ ဦးသိန်းစိန်သည် မတ်လ ၂၆ ရက်နေ့မနက်ပိုင်းတွင် ၎င်း၏ တာဝန်ယူမှု
သက်တမ်းသုံးနှစ်ပြည့်သည့် အထိမ်းအမှတ်အဖြစ် ပြည်ထောင်စုလွှတ်တော်တွင် မိန့်ခွန်း
လာရောက်ပြောကြားခဲ့ပြီး ညနေပိုင်း လွှတ်တော် အစည်းအဝေးများ ပြီးဆုံးချိန်တွင် ပြည်ထောင်စု
လွှတ်တော် နာယက သူရ ဦးရွှေမန်းနှင့် ဒေါ်အောင်ဆန်းစုကြည်တို့သည် ပူးတွဲ သတင်းစာ
ရှင်းလင်းပွဲကို ပြုလုပ်ခဲ့သည်။

"နိုင်ငံရေးအကျပ်အတည်းကို ဦးတည်နိုင်စရာ အကြောင်းမရှိပါဘူး။ စောစောက ပြောသလိုပဲ
ပြဿနာတွေမှာ ပြဿနာကို ဖြေရှင်းပုံ ဖြေရှင်းနည်းပဲလိုပါတယ်။ တွေ့ဆုံ ဆွေးနွေးတယ်ဆိုတာ
လည်း အခုမှမဟုတ်ပါဘူး။ အမြဲတမ်း တွေ့ဆုံဆွေးနွေးရေးကိုဘဲ တောင်းဆိုခဲ့တာပါ။ ဘယ်လို
ပြဿနာဘဲဖြစ်ဖြစ် တွေ့ဆုံဆွေးနွေးခြင်းဖြင့် ဖြေရှင်းနိုင်တယ်ဆိုတဲ့မူကို ကျွန်မတို့ ကိုင်စွဲထားပါ
တယ်" ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်သည် နိုင်ငံရေး ပြဿနာများအား နိုင်ငံရေးအရ တရားဝင်တွေ့ဆုံ
ဆွေးနွေးခွင့်ရရန် လွန်ခဲ့သည့်နှစ်က နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၊ တပ်မတော်ကာကွယ်ရေး
ဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် လွှတ်တော် နာယက သူရ ဦးရွှေမန်းတို့ ပါဝင်သည့်
တွေ့ဆုံ ဆွေးနွေးခွင့်ကို သမ္မတထံ လိပ်မူတောင်းဆိုခဲ့သည်။

"အမျိုးသားရင်ကြားစေ့ရေးဆိုတာ တွေ့ဆုံ ဆွေးနွေးခြင်းအပေါ်မှာပဲ အခြေခံထားပါတယ်။
မတွေ့ဆုံဘဲနဲ့ မဆွေးနွေးဘဲနဲ့ ဘယ်လိုမှ အမျိုးသားရင်ကြားစေ့ရေးကို လုပ်လို့မရပါဘူး။ မတွေ့ဘဲနဲ့
မတူညီတဲ့သဘောထားတွေကို ညှိမရပါဘူး။ အဲဒါကြောင့် ကျွန်မတို့က နိုင်ငံရေးမှာ သဘောမတူ
တာတွေ ရှိတိုင်း အကျပ်အတည်း ဖြစ်မသွားနိုင်ပါဘူး။ ဒါကြောင့်မို့လည်း ကျွန်မက လေးပွင့်ဆိုင်
တွေ့ဆုံရေးကို တောင်းဆိုတာပါ။ အကျပ်အတည်းကိုလည်း မဖြစ်စေချင်ဘူး"ဟု ၎င်းက ပြောသည်။

လေးပွင့်ဆိုင်တွေ့ဆုံရေး ဖြစ်မြောက်ရေးမှာ မိမိတစ်ဦးတည်း မတတ်နိုင်ဘဲ သမ္မတတစ်ဦးတည်း
ကသာ ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း ၎င်းကပြောသည်။

သတင်းစာရှင်းလင်းပွဲသို့ အတူတကွ တက်ရောက်လာသည့် သူရ ဦးရွှေမန်းကမူ တွေ့ဆုံညှိနှိုင်းရေး
မူကို လက်ခံကြောင်း ပြောဆိုလိုက်ပြီး လေးပွင့်ဆိုင် တွေ့ဆုံဆွေးနွေးရေးသည် အခြေခံ ဥပဒေ
ပြင်ဆင်ရေးအတွက် အဓိကကျသည့် အခန်းကဏ္ဍတွင် ပါဝင်နေကြောင်း ပြောကြားလိုက်သည်။

Myanmar Times