ရန်ကင်းမြို့နယ်တွင် နေအိမ်တစ်အိမ်အား ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနပိုင်မြေတွင် ပါဝင်သည်ဟုဆိုကာ အင်အားသုံးဖယ်ရှားရန် စီစဉ်သဖြင့် သံဃာအပါး ၁၀၀ ကျော် ၀င်ရောက်တားမြစ်

ပို့စ်တင်ချိန် - 3/26/2014 08:33:00 AM

ပိုင်ဆိုင်မှု အငြင်းပွားဖွယ်ဖြစ်နေသည့် အိမ်ရှေ့တွင် သံဃာတော်များနှင့် ရဲတပ်ဖွဲ့ဝင်များကို တွေ့ရစဉ် (ဓာတ်ပုံ-ဝေလင်းအောင်)

Written by:
ဝေလင်းအောင်

ရန်ကင်းမြို့နယ် အမှတ်(၁၁)ရပ်ကွက် ကံဘဲ့ဘူတာရုံလမ်းတွင် နေထိုင်သည့် အိမ်အမှတ် (၁၁၅၃) အား ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနပိုင်မြေတွင် ပါဝင်သည်ဟုဆိုကာ သက်ဆိုင်ရာမှ မတ် ၂၅ ရက် နံနက် ၁၀ နာရီတွင် အင်အားသုံးဖယ်ရှားရန် စီစဉ်သဖြင့် မြို့နယ်နေ ကျောင်းတိုက်အသီးသီးမှ သံဃာတော် အပါး ၁၀၀ ကျော်က လာရောက်တားဆီးခဲ့ကြောင်း သိရသည်။

ယင်းအိမ်တွင် နေထိုင်သူများကို ဖယ်ရှားရန် ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနမှ ၀န်ထမ်းများ၊ ရဲတပ်ဖွဲ့ဝင် ၅၀ ခန့်၊ အရန်မီးသတ် တပ်ဖွဲ့ဝင်နှင့် ကြက်ခြေနီတပ်ဖွဲ့ဝင်များ ပါဝင်သည့် လူဦးရေ ၁၀၀ ၀န်းကျင် လာရောက်ခဲ့ကြောင်း သိရသည်။

ယင်းအခြေအနေတွင် ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနမှ ဒုတိယ၀န်ကြီး ဒေါက်တာတင်ရွှေက လာရောက်တားမြစ်သည့် ဦးဆောင်ဆရာတော်များ၊ နေထိုင်သူများနှင့် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့ပြီး မြို့နယ်စည်ပင်သာယာ နယ်နိမိတ်အတွင်းရှိ မြို့နယ်တစ်ခုတွင် ပေ ၂၀×၆၀ မြေနေရာ အစားပေးရန် စည်ပင်သာယာသို့ လျှောက်ထားခိုင်းခဲ့ကြောင်း သိရသည်။

“ဘုန်းဘုန်းတို့ ဒီမြို့မှာ သီတင်းသုံးလာတာ ကြာပါပြီ။ ဒီအိမ်ပိုင်ရှင်တွေက ၁၉၉၂ ခုနှစ်ကတည်းက ဒီမြေနေရာမှ နေထိုင်ကြတယ်။ ဟိုတယ်နှင့် ခရီးသွားလာရေး ၀န်ကြီးဌာနက ၁၉၉၄-၉၅ လောက်မှ ရောက်တာ။ ဒီလို အတင်းလာဖယ်ခိုင်းတဲ့ အခါကျတော့ တရားရုံး အမိန့်နဲ့လား၊ ဘယ်လိုအမိန့်နဲ့လဲလို့ ဘုန်းဘုန်းတို့က မေးတဲ့အခါ ၀န်ကြီးဌာနက တာဝန်ရှိတဲ့သူက အခွင့်အာဏာနဲ့ပါလို့ ဖြေတယ်။ အခွင့်အာဏာကို ဘယ်သူကပေးလဲလို့မေးတော့ ဆောက်လုပ်ရေးကပေးတယ်လို့ ဖြေတယ်။ ဆောက်လုပ်ရေးဝန်ကြီးဌာနနဲ့က အခွင့်အာဏာပေးတယ်ဆိုတော့ လွဲတော့လွဲနေပြီ။ ဘုန်းဘုန်းတို့က ဥပဒေတွေတော့ သေချာမသိပါဘူး။ ဒါပေမဲ့ ဒီလို အခွင့်အာဏာနဲ့ဆိုပြီး အတင်းဖယ်ရှားလို့တော့ မရဘူး။ ဒီမှာနေတဲ့သူတွေအတွက် နေထိုင်ဖို့အတွက် တစ်ခုခု စီစဉ်ပေးရမယ်လို့ပြောတော့ ဒုဝန်ကြီးက နေရာအစားထိုးပေးပါမယ်ဆိုပြီး ပြောတယ်။ ၀န်ကြီးဌာနနဲ့ဆိုတော့ အရှည်မဖြစ်ချင်တော့ဘူး။ ဒကာ၊ ဒကာမတွေကလည်း ဘုန်းဘုန်းစကားကို နားထောင်ကြတော့ လက်ခံလိုက်တယ်။ ဒါပေမဲ့ မိသားစုစီးပွားရေး လုပ်ကိုင်စားသောက်ဖို့ သင့်တော်တဲ့နေရာကိုသာပေးဖို့ ပြောခဲ့တယ်” ဟု ရန်ကင်းမြို့နယ် မစိုးရိမ်ကျောင်းတိုက် (မြို့နယ်သံဃာ့ဝန်ဆောင်အဖွဲ့) ဆရာတော် ဦးဉာဏောဘာသက မိန့်ကြားသည်။

အဆိုပါမြေနေရာကို နေထိုင်သူများက ၁၉၉၂ ခုနှစ်တွင် တပ်မတော်ထောက်လှမ်းရေး ၁၂ မှ ၁၆ သိန်းဖြင့် ၀ယ်ယူခဲ့ခြင်းဖြစ်ကြောင်းနှင့် သက်ဆိုင်ရာဝန်ကြီးဌာနမှ ၂၀၀၄ ခုနှစ်နှင့် ၂၀၀၉ ခုနှစ်တို့တွင် တရားစွဲဆိုမှုများ ပြုလုပ်ခဲ့ကာ မြို့နယ်တရားရုံးက နေထိုင်သူအား ထောင်ဒဏ်တစ်လနှင့် မြေပြန်ပေးရန် အမိန့်ချမှတ်ခဲ့ပြီး နေထိုင်သူများက တိုင်းတရားရုံးနှင့် ခရိုင်တရားရုံးသို့ အယူခံဝင်ရာတွင် မြို့နယ်တရားရုံးမှ အမိန့်အား ပယ်ဖျက်ကြောင်း အမိန့်ချမှတ်ခဲ့သည်ဟု နေထိုင်သူများ ပြသခဲ့သည့် တရားရုံး အမိန့်စာများအရ သိရသည်။

“အဖေနဲ့ အမေလည်း တရားဥပဒေနဲ့အညီ တရားရုံးတွေမှာ ရင်ဆိုင်ခဲ့ပြီးပါပြီ။ ကျွန်မတို့ အနိုင်ရရှိခဲ့ပါတယ်။ အခုတရားရုံးက ချမှတ်ထားတဲ့ အမိန့်က တရားမ၀င်ဘူးလို့ ဟိုတယ်နဲ့ ခရီးဝန်ကြီးဌာန တာဝန်ရှိသူတစ်ဦး ကဒီနေ့ ဖယ်ရှားဖို့လာတော့ ပြောတယ်။ အခု ကျွန်မတို့ကို ဘာကြောင့် ဖယ်ရှားခိုင်းရတယ် ဆိုတာကိုလည်း မပြောဘူး။ ကျွန်မကြားတာကတော့ ၀န်ကြီးနဲ့ပတ်သက်တဲ့သူ တစ်ဦးက လိုချင်တဲ့အတွက် ဖယ်ရှားခိုင်းတယ်လို့ သိရပါတယ်။ ကျွန်မတို့ကို ဒုဝန်ကြီးက မြေအစားပေးဖို့ စည်ပင်ကို လျှောက်ခိုင်းပေမယ့် မိသားစုအတွက် အဆင်မပြေတဲ့ နေရာဆိုရင်တော့ မယူနိုင်ပါဘူး။ ကျွန်မတို့ နေတဲ့နေရာက ၄၇ ပေ×ပေ ၈၀ ရှိပါတယ်” ဟု နေထိုင်သူ မဖြိုးမာလာက ဆိုသည်။

အငြင်းပွားမှုဖြစ်နေသည့် မြေနေရာမှာ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန၏ ၀န်ထမ်းအိမ်ရာအပိုင်တွင် ပါဝင်ခြင်းကြောင့် ၁၉၅၅ ခုနှစ် အစိုးရအိမ်ဥပစာ (နှင်ထုတ်ခြင်း) အက်ဥပဒေ၏ ပုဒ်မ ၃ အရ နှင်ထုတ်ခြင်းဖြစ်ကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန၏ နို့တစ်စာအရ သိရသည်။

News Eleven