အောင်ဆုယူအေးစေတီ ထီးတော်တင်ပွဲ ဗိုလ်ချုပ်မှူးကြီး (ငြိမ်း) ဦးသန်းရွှေ ကျန်းမာရေးကြောင့် မတက်ရောက်

ပို့စ်တင်ချိန် - 3/16/2014 11:42:00 AM




မန္တလေး၊ မတ် ၁၅

ဘိုးဘွားဆွေစဉ် မျိုးဆက် တည်ထား ကိုးကွယ်ခဲ့သည့် စေတီတစ်ဆူဟု ဆိုသော စဥ့်ကိုင်မြို့နယ် ပလိပ်အုပ်စု စိတ္တရ ကျေးရွာရှိ အောင်ဆုယူအေးစေတီ ထီးတော် တင်လှူပွဲကို မတ်လ ၁၅ ရက်နေ့ (တပေါင်းလပြည့်) တွင် ကျင်းပရာ ယခင် တပ်မတော်အစိုးရ အကြီးအကဲနှင့် ကာကွယ်ရေး ဦးစီးချုပ်ဟောင်း ဗိုလ်ချုပ်မှူးကြီး (ငြိမ်း) ဦးသန်းရွှေမှာ ကျန်းမာရေးကြောင့် တက်ရောက်နိုင်ခြင်း မရှိကြောင်း ယင်းမိသားစု ဆွေမျိုးတစ်ဦးက ပြောကြားသည်။

ရွှေထီးတော် တင်လှူပွဲ ကျင်းပသည့် စိတ္တရ ကျေးရွာသည် ဗိုလ်ချုပ်မှူးကြီးဟောင်း သန်းရွှေ၏ ဖခင်ဇာတိ ဖြစ်ပြီး ထီးတော် တင်လှူပွဲသို့ ဗိုလ်ချုပ်မှူးကြီး (ငြိမ်း) ဦးသန်းရွှေ တက်ရောက်နိုင်ခြင်း မရှိဘဲ ၎င်း၏ ဇနီးဖြစ်သူ ဒေါ်ကြိုင်ကြိုင်နှင့် မိသားစုဝင်များ တက်ရောက်ကြကြောင်း ၎င်း၏ ဆွေမျိုး အသိုင်းအဝိုင်းထံမှ သိရှိရသည်။

ယင်းထီးတော် တင်လှူပွဲနှင့် ပတ်သက်၍ ယင်းမိသားစုဝင် တစ်ဦးက The Voice ၏ မေးမြန်းမှုကို ငြင်းဆိုသည်။

အဆိုပါ စေတီ ထီးတော် တင်လှူပွဲသို့ မန္တလေးတိုင်း ဒေသကြီး သစ်တောနှင့် သတ္တုဝန်ကြီး၊ ကျောက်ဆည်ခရိုင် အထွေထွေ အုပ်ချုပ်ရေးမှူး၊ မြို့နယ် အုပ်ချုပ်ရေးမှူးနှင့် တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်များ၊ ကျောက်ဆည်ခရိုင်မှ တာဝန်ရှိသူများ တက်ရောက်ကြကြောင်း ယင်းထီးတော် တင်လှူပွဲ အခမ်းအနား အရ သိရှိရသည်။

ယင်းစေတီတော်ကို ၂၀၁၃ ခုနှစ် အောက်တိုဘာလ ၁၀ ရက်နေ့ နံနက် ၉ နာရီ ၂၆ မိနစ် ၄ စက္ကန့်တွင် စတင် ပြုပြင်ခြင်း၊ ၂၀၁၄ ခုနှစ် ဖေဖော်ဝါရီလ ၄ ရက်နေ့ နံနက် ၉ နာရီ ၂၇ မိနစ် ၂၇ စက္ကန့်တွင် ပန္နက်တော်နှင့် မုခ်လေးရပ်နှင့် အတူ ကိုယ်လုံးတော်မြတ်နှင့် မဟာပိန္နဲအထိ ပြီးစီးခြင်း၊ ဖေဖော်ဝါရီလ ၁၃ ရက်နေ့ နံနက် ၉ နာရီ ၂၉ မိနစ်၂၈ စက္ကန့်တွင် လုံးတော်ပြည့် ရွှေသင်္ကန်း ကပ်လှူခြင်း၊ ဖေဖော်ဝါရီလ ၁၄ ရက်နေ့တွင် နံနက် ၉ နာရီ ၃၂ မိနစ် ၃၃ စက္ကန့်တွင် ဘုံ ၁၁ ဆင့် ထီးတော်မြတ်နှင့် အရံစေတီ လေးဆူ ထီးတင်ခြင်း၊ မတ်လ ၁၅ ရက်နေ့ နံနက် ၉ နာရီ ၂၆ မိနစ် ၄ စက္ကန့်တွင် ရွှေထီးတော် တင်လှူခြင်း ရေစက်ချ မင်္ဂလာတို့ကို ဆင်ယင် ကျင်းပခဲ့သည်။

ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေသည် ၁၉၉၂ ခုနှစ်မှ စတင်၍ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် အဖြစ် အသက် ၇၅ နှစ်တိုင်အောင် တာဝန်ယူပြီး ၂၀၁၁ ခုနှစ် မတ်လ ၃၀ ရက်နေ့တွင် နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီကို ဖျက်သိမ်း၍ အနားယူကာ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ရွေးကောက်ပွဲ ပြုလုပ်အပြီး ဦးသိန်းစိန် ဦးဆောင်သော အစိုးရ အဖွဲ့ကို တရားဝင် လွှဲပြောင်းပေးခဲ့သည်။

The Voice Weekly