လွှတ်တော်ကိုယ်စားလှယ် တာဝန် ရုပ်သိမ်းလိုလျှင် မဲဆန္ဒရှင် တစ်ရာခိုင်နှုန်းက တိုင်တန်းနိုင်

ပို့စ်တင်ချိန် - 3/26/2014 04:26:00 PM


တာဝန်မှ ပြန်လည်ရုပ်သိမ်းလိုသည့် လွှတ်တော် ကိုယ်စားလှယ်အား မဲဆန္ဒရှင် တစ်ရာခိုင်နှုန်းက
တိုင်တန်းနိုင်ကြောင်း ပါဝင်သည့် လွှတ်တော်ကိုယ်စားလှယ် တာဝန်များမှ ပြန်လည်ရုပ်သိမ်းခြင်း
ဆိုင်ရာ ဥပဒေကြမ်းကို ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ သဘောတူညီချက်ဖြင့် မတ်လ
၁၈ ရက်နေ့တွင် ပြည်သူ့လွှတ်တော်တွင် အတည်ပြုလိုက်သည်။

သက်ဆိုင်ရာ မဲဆန္ဒနယ်၏ မူလမဲဆန္ဒရှင်တစ် ရာခိုင်နှုန်းက ကိုယ်စားလှယ်နှင့် ပတ်သက်သည့်
တိုင်တန်းချက်များကို ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်သို့ တင်သွင်းရ မည်ဖြစ်သည်။

ထိုကဲ့သို့ တိုင်တန်းချက် မှန်ကန်ကြောင်းကို စုံစမ်းစစ်ဆေးရေးကော်မရှင်က စစ်ဆေးရမည်ဖြစ်ပြီး
ကိုယ်စားလှယ်ကို တာဝန်မှ ရုပ်သိမ်းရန်ကိုမူ မူလမဲဆန္ဒရှင်များက မဲပေးခြင်းဖြင့် ဆုံးဖြတ်စေရမည်
ဟု ထိုဥပဒေကြမ်းတွင် ဖော်ပြပါရှိသည်။

တိုင်တန်းချက် တင်သွင်းခြင်းခံရသူ လွှတ်တော်ကိုယ်စားလှယ်အား တာဝန်မှ ပြန်လည်ရုပ်သိမ်း
ကြောင်း (သို့) ရုပ်သိမ်းခြင်း မပြုကြောင်းကို မဲပေးဆုံးဖြတ်ရာတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူအားလုံး၏
ထက်ဝက်ကျော် လာရောက် ဆန္ဒမဲပေးရမည့်အပြင် ဆန္ဒမဲ ပေးသူအားလုံး၏ ထက်ဝက်ကျော်
ဆန္ဒမဲဖြင့်သာ ဆုံးဖြတ်ရမည်ဖြစ်သည်။

"ပြည်သူတွေဘက်က ကြည့်ပြီး ဒီ တစ်ရာခိုင်နှုန်းကို ကျွန်တော်ကြိုက်တယ်။ ပြည်သူတွေမှာလည်း
အခွင့်အရေးအပြည့်ရှိရမယ်။ လွှတ်တော်ကိုယ်စားလှယ်တွေကလည်း မှန်နေတယ်ဆို စိုးရိမ်စရာ
မရှိပါဘူး"ဟု အမျိုးသားဒီမိုကရေစီအင်အားစုပါတီ ဥက္ကဋ္ဌ ဦးခင်မောင်ဆွေက ပြောသည်။

အထက်ပါ ဥပဒေကြမ်းကို ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးက ၂၀၁၂ ခုနှစ်
နှစ်လယ်ပိုင်းက စတင်အဆိုပြုတင်ပြခဲ့ခြင်း ဖြစ်သည်။

Myanmar Times