အများပိုင်မြေတွေ ဘယ်ရောက်သွားပြီလဲ

ပို့စ်တင်ချိန် - 3/12/2014 08:34:00 PM


ရေးသားသူ- သူရကျော်၊ ဇေနွေထွန်း၊ ယမင်း

ပုလဲမြို့သစ်ရပ်ကွက်သုံးခုထိပ်ရှိ မီးတားမြေဟုခေါ်သည့် အများပိုင်မြေလွတ်ထဲ၌ ယမန်နှစ်မှစတင်ကာ အုတ်တံတိုင်းခတ်၍ နာရေးကူညီမှုအသင်း တည်ဆောက်ထားသည်။ ထပ်မံ၍ အဆောက်အအုံဆောက်လုပ်ရန်အတွက်လည်း အကွက်ရိုက်နေကြသည်။

အဆိုပါမြို့သစ်အတွင်း၌ အကြီးမားဆုံး ကတ္တရာသိုလှောင်ရုံ (ဗဟို)ရှိ၍ ရပ်ကွက်နေပြည်သူများ၏ မီးဘေးအန္တရာယ် အကာအကွယ်ဖြစ်စေရန်အတွက် မြို့သစ်စတည်ကတည်းကရှိပြီး အဆိုပါမြေကွက်လပ်သည် အလျား ၇၅ ပေ × အနံ ပေ ၃၇၀၀ ကျော် ရှည်လျားကာ ရပ်ကွက်မီးဘေးလုံခြုံရေးအတွက် လွန်စွာအရေးကြီးသည်ဟု ပုလဲမြို့နယ်အုပ်ချုပ်ရေးမှူးဟောင်းဦးရဲမြင့်ကဆိုသည်။

‘‘ရပ်ကွက်မှာ မီးတားမြေဆိုတာ ထားပေးရမှာ။ အခုလို အဆောက်အအုံတွေ ဆောက်ဖို့လုပ်လာကြတာဟာ ကျွန်တော်တို့ ရပ်ကွက်ထဲကလူတွေအတွက် အကြီးမားဆုံးအန္တရာယ်ပဲ။ လုံးဝလက်မခံနိုင်ဘူး’’ဟု အဆိုပါ မြို့နယ်အုပ်ချုပ်ရေးမှူးအဖြစ် ငါးနှစ်တာ တာဝန်ထမ်းဆောင်လာခဲ့သော ဦးရဲမြင့်ကဆိုပါသည်။

မီးတားမြေဆိုသည်မှာ မီးဘေးအန္တရာယ်ကြုံပါက ရပ်ကွက်တစ်ခုနှင့်တစ်ခု မီးမကူးစေရန်၊ မီးသတ်ကားများ အ၀င်အထွက်ပြုလုပ်နိုင်ရန်၊ ကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်ရန်နှင့် ဒုက္ခသည်များခိုလှုံနိုင်ရန် ထားရှိသောမြေဖြစ်ပါသည်။

အများပြည်သူနှင့်သက်ဆိုင်နေသော အများပိုင်မြေထဲတွင် အဆိုပါမီးတားမြေလည်း တစ်ခုအပါအ၀င်ဖြစ်ကာ ယခုကဲ့သို့ အများပိုင်မြေများပေါ်၌ အဆောက်အအုံများ ဆောက်လုပ်လာခြင်းသည် နိုင်ငံတစ်ဝန်း အများအပြားရှိနေပြီး ရပ်ကွက်နေပြည်သူများမှလည်း ထောက်ခံသူမရှိ ကန့်ကွက်နေကြဆဲဖြစ်သည်။ ထို့အပြင် အများပိုင်မြေများပေါ်တွင် ခေတ္တ နေအိမ်၊ ဆိုင်ခန်း၊ ကားဝပ်ရှော့ စသဖြင့်ဆောက်ပြီး နှစ်ကြာရှည်လာသောအခါ သူပိုင်မြေလုပ်သွားသူများလည်း ရန်ကုန်မြို့အပါအ၀င် နိုင်ငံတစ်ဝန်းမနည်းပါ။

မြောက်ဥက္ကလာပမြို့နယ်၌လည်း နှစ်ငါးဆယ်သက်တမ်းရှိခဲ့သော မီးတားမြေကွက်ပေါ်တွင် ယခင်အစိုးရလက်ထက်က ဘောလုံးကွင်း၊ ထိုမှတစ်ဆင့် ကန်စွန်းခင်းဖြစ်သွားကာ ရေနုတ်မြောင်းပျောက်ကွယ်ပြီး လူနေအိမ်များဖြစ်လာကြောင်း မြို့သစ်စတည်ကတည်းက နေထိုင်လာသူတစ်ဦးကပြောသည်။

‘‘ဒီလိုမျိုး ဘောလုံးကွင်းတစ်ကွင်းစာမကတဲ့ မီးတားမြေက အခုကန်စွန်းခင်းတွေဖြစ်ပြီးတော့ မိုးတွင်းဆို ရေလျှံတဲ့ဒုက္ခကို တစ်ရပ်ကွက်လုံး ခံရတာပေါ့။ ကျွန်တော်တို့အနေနဲ့ ဘယ်လိုမှလက်မခံနိုင်ဘူး’’ဟု ၎င်းကဆိုသည်။

ထို့ကြောင့် နောက်ဆက်တွဲဆိုးကျိုးအနေဖြင့် မိုးတွင်းကာလတွင် ရပ်ကွက်အတွင်း ရေလျှံခြင်းများ နှစ်စဉ်ဖြစ်ပေါ်လျက်ရှိပြီး အထက (၂)၊ အမက (၄) နှင့် အမက (၂၆) ကျောင်းနေရာများတွင် ရေနစ်မြုပ်၍ ကျောင်းပိတ်ရခြင်းများရှိခဲ့ကြောင်း ရပ်ကွက်သားများကပြောသည်။

မြို့ပြင်၌ရှိသည့် အများပိုင်မြေကွက်များတွင် ယင်းပြဿနာ အများဆုံးတွေ့နေရပြီး ပြဿနာအများစုမှာ မြေပွဲစားများက ခြယ်လှယ်လုပ်ကိုင်ခြင်းဖြစ်ကြောင်း
ပုလဲမြို့သစ်ရှိ ပြည်ခိုင်ဖြိုးပါတီမှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးတင်မောင်ဝင်းက သုံးသပ်ပြောဆိုသည်။

‘‘မီးတားမြေကွက်တို့ဆိုတာက အများပိုင်မြေကွက်တွေပါ။ စည်ပင်သာယာက ပိုင်တယ်ဆိုရင်တောင် လုပ်ငန်းရှင်တွေနဲ့ပေါင်းပြီး နေရာချပေးတာတို့ မလုပ်သင့်ပါဘူး။ ခုဆို ရပ်ကွက်ထဲက အများပိုင်မြေတွေက စည်ပင်မြေလား၊ အိုးအိမ်မြေလားဆိုတာမရှင်းဘူး။ ဒီကိစ္စတွေ ကွဲကွဲပြားပြားသိရဖို့ လွှတ်တော်ထဲတင်သွားမယ်’’ဟု ၎င်းကဆိုသည်။

‘‘မီးတားမြေကွက်တွေရှိထားမယ်ဆိုရင် အရေးနဲ့အကြောင်းဆိုရင် မီးသတ်ကားတွေ အလွယ်တကူ ၀င်ထွက်သွားလာလို့ရတာပေါ့။ ခုနောက်ပိုင်း မီးသတ်ကန်တွေပိတ်ပြီး အိမ်ဆောက်လာတာ မီးသတ်ကားတွေဝင်ဖို့အတွက် လမ်းတွေမရှိတော့လို့ ဆုံးရှုံးမှုတချို့ ကြုံနေတာကိုတွေ့ရတယ်။ မီးသတ်ကန်တွေကိုပိတ်ပြီး အိမ်ဆောက်တာ အဆိုးဆုံးပဲ။ တစ်ခါဆို မီးလောင်လို့ ရေသွားယူတဲ့အခါ မီးသတ်ကန်ပျောက်နေတဲ့အတွက် မီးသတ်ကန်နေရာမှာဆောက်ထားတဲ့ အိမ်ကို တစ်ခြမ်းဖျက်ပြီး ရေသွယ်ယူရတဲ့အဖြစ်တွေ ကြုံရတယ်။ ဒီလိုအဟန့်အတားတွေ ရှိနေတာက ပြည်သူတွေအတွက် နစ်နာဆုံးရှုံးမှုပိုများတာပေါ့’’ဟု မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့(ဗဟိုဌာနချုပ်)မှ အကြီးတန်းအရာရှိတစ်ဦးကပြောသည်။

လွန်ခဲ့သော နှစ်ပေါင်း ၇၀ ၀န်းကျင်ခန့်က ဗိုလ်ချုပ်အောင်ဆန်းရှိစဉ် ချပေးထားသည့် ဗဟန်းမြို့နယ် ဗိုလ်စိန်မှန်ရပ်ကွက်၌လည်း လမ်းမြေနေရာ၌ ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီက ဖြိုးစေတနာအမည်ရှိ ဆေးခန်းတစ်ခုကို ၂၀၀၉ ခုနှစ်က ဖွင့်လှစ်ခဲ့သည်။

ထိုသို့ဖွင့်လှစ်ခဲ့ခြင်းမှာ ရပ်ကွက်ရှိ ပြည်သူများမှ တောင်းဆိုမှုကြောင့်ဖြစ်ကာ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ဦးအောင်သိန်းလင်းတို့ကိုယ်တိုင် ဆေးခန်းကိုဖွင့်ခဲ့ကြောင်းနှင့် စည်ပင်က ဂရန်ချပေးထားကြောင်း ယင်းဆေးခန်းတာဝန်ခံ ဦးတေဇာဝင်းကဆိုသည်။

‘‘ဆေးခန်းနေရာက စည်ပင်မြေဖြစ်ပါတယ်။ စည်ပင်ကခွင့်ပြုထားလို့ အခုဂရန်လည်းရှိပါတယ်’’ဟု ၎င်းက ရှင်းလင်းပြောဆိုသည်။

ထို့ပြင် အများပိုင်ဆိုင်သော အားကစားကွင်းနေရာကို ရာပြည့်ဈေးပြောင်းရန် စည်ပင်ကစီစဉ်မှုကို ရပ်ကွက်မှဝိုင်းကန့်ကွက်၍ အစီအစဉ်ပျက်သွားကြောင်း ဗိုလ်စိန်မှန်ရပ်ကွက်သားများက ပြောကြားသည်။

ပြီးခဲ့သည့် ၂၅ နှစ်တာကာလအတွင်း ဘောလုံးကွင်းနှင့် အားကစားကွင်း ရှစ်ကွင်းထက်မနည်းကို အဆောက်အအုံများ ဆောက်လုပ်ကာ အသွင်ပြောင်းလိုက်ကြောင်း ပန်းဥယျာဉ်နှင့် အားကစားကွင်းအဆောက်အအုံများ ဆောက်လုပ်ခြင်းမှ ကာကွယ်ရေးကော်မတီ (ယာယီ) အထွေထွေအတွင်းရေးမှူးဦးအေးမင်းကပြောသည်။

သမ္မတဦးသိန်းစိန်လက်ထက်တွင် တစ်ချိန်က ဈေးများ၊ ဘီယာဆိုင်များ၊ လူနေအဆောက်အအုံများဖြင့် အသွင်ပြောင်းခံရသည့် ဘောလုံးကွင်းများကို ယခင်အစိုးရနှင့်မတူသည့် ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ခဲ့သည်။ အစိုးရသစ်၏မူဝါဒအသစ်က ဘောလုံးကွင်း၊ အားကစားကွင်းများဖြစ်အောင် ပြုလုပ်ပေးခြင်းမျိုးမဟုတ်။ အထပ်မြင့်ကွန်ဒိုများ၊ ဆိုင်ခန်းများ၊ စက်သုံးဆီဆိုင်များ အသွင်ပြောင်းကာ ၎င်းတို့နှင့်နီးစပ်သည့် သူဌေးသူကြွယ်များထံ လက်ဆင့်ကမ်းခြင်းပင်ဖြစ်သည်။ ထိုနည်းလမ်းဖြင့် အများပိုင်အားကစားကွင်းများ ပျောက်ကွယ်လာရသည်။

ပန်းခြံ၊ အားကစားကွင်းများနှင့်ပတ်သက်၍ ဆန္ဒထုတ်ဖော်ဖူးသူ တောင်ဥက္ကလာပမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးဖုန်းမြင့်အောင်က ‘‘ပန်းခြံလို၊ အားကစားကွင်းလို မြေနေရာမျိုးမှာ ဆိုင်းဘုတ်တွေတင်ပြီး ကိုယ်ကျိုးစီးပွားရှာတာတွေ ရှိလာတယ်။ ဒီလူတွေက ဘယ်လိုလုပ်စားရမလဲဆိုတာကို သက်ဆိုင်ရာကို နည်းအမျိုးမျိုးနဲ့ ပေါင်းတတ်သင်းတတ်တဲ့အတွက် အခုလက်ရှိ အစိုးရအနေနဲ့ ဒါတွေကိုဖြေရှင်းပေးသင့်တာပေါ့’’ဟု မှတ်ချက်ပြုသည်။

အများပြည်သူနှင့်သက်ဆိုင်သောမြေကို အများပိုင်မြေဟုခေါ်၍ လွန်ခဲ့သော နှစ် ၁၀၀၊ နှစ် ၂၀၀ ၀န်းကျင်ကတည်းက ရှိခဲ့ခြင်းဖြစ်ပြီး အဆိုပါမြေများကို မီးတားမြေ၊ သာသနာ့မြေ၊ ဗလီမြေ၊ အစိုးရမြေ၊ တပ်မြေ၊ အိုးအိမ်မြေ၊ ဘုရားမြေ၊ စည်ပင်သာယာမြေဟူ၍ ခွဲခြားသတ်မှတ်ထားကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ တာဝန်ရှိသူတစ်ဦးကပြောသည်။

‘‘စည်ပင်သာယာမြေပေါ်မှာ အဆောက်အအုံဆောက်လုပ်ခွင့်၊ လူနေခွင့်မရှိသလို မီးတားမြေပေါ်မှာလည်း အဆောက်အအုံတွေ လုပ်ခွင့်မရှိဘူး။ တကယ်လို့ ဆောက်မယ်ဆိုရင်တောင် ယာယီအနေနဲ့သာ လုပ်ခွင့်ရှိပါတယ်’’ဟု စည်ပင်သာယာရေးကော်မတီမှ အကြီးတန်းအရာရှိတစ်ဦးကဆိုသည်။

အများပိုင်မြေများပေါ်တွင် အဆောက်အအုံများ ဆောက်လုပ်လာခြင်းနှင့်ပတ်သက်၍ ‘‘အခုမြို့နယ်တွေမှာ အများပိုင်မြေတွေပေါ် အဖွဲ့အစည်းကပဲဖြစ်ဖြစ် ပါတီတွေကပဲဖြစ်ဖြစ် ဆောက်နေကြတယ်ဆိုတာက အဲဒီမြေက ပုဂ္ဂလိကမြေလား၊ အစိုးရမြေလား။ အဲဒါမျိုးရှိတယ်။ အစိုးရနေရာပဲဖြစ်ဖြစ်၊ ပုဂ္ဂလိကပဲဖြစ်ဖြစ် ငှားရမ်းလုပ်နေကြတာဖြစ်နိုင်တယ်’’ဟု အထက်ပါအရာရှိကပင် ဆက်လက်ပြောကြားသည်။

ယခုအခါ အများပိုင်မြေများပေါ်၌ ရပ်ကွက်နေပြည်သူများက မြေနေရာချဲ့ယူခြင်း၊ အစိုးရပိုင်းက ပုဂ္ဂလိကများအား ဂရန်မြေချထားပေးခြင်းနှင့် လုပ်ငန်းရှင်များက အဆောက်အအုံများ ဆောက်လုပ်လာကြခြင်းကြောင့် အများပိုင်မြေနေရာများ ပျောက်ကွယ်လာကြောင်း ရန်ကုန်မြို့နေ ပြည်သူအချို့ကပြောသည်။

ရန်ကင်းမြို့နယ်အတွင်းရှိ တိုက်များရှေ့ အများပိုင်မြေကွက်လပ်များပေါ်၌ ကားပါကင်နေရာများယူထားခြင်း၊ ၀ပ်ရှော့များဆောက်လာခြင်းတို့ကြောင့် အများပိုင်မြေများ ပျောက်ဆုံးခဲ့ရကြောင်း ရန်ကင်းမြို့နယ်နေသူတစ်ဦးကပြောသည်။

‘‘ခွင့်ပြုချက် ရ၊ မရတော့ မသိဘူး။ ဘယ်လိုနားလည်မှုတွေနဲ့ လုပ်နေကြလဲမသိဘူး။ လမ်းမတန်းနဲ့ဆို အများပိုင်မြေနေရာက အတွင်းဘက်ကျလို့ ဘယ်သူမှလည်းမမြင်ကြတော့ဘူး။ ဒီလိုနဲ့ အများပိုင်မြေဆိုတာ မရှိတော့ဘူး’’ဟု ၎င်းကပြောသည်။

ဒဂုံမြို့သစ်မြောက်ပိုင်းရှိ ရပ်ကွက်များ၌လည်း မြေစရိတ်ကြီးမြင့်မှုများကြောင့် မြေမ၀ယ်နိုင်သော၊ အိမ်ငှားမနေနိုင်သော ပျံကျလုပ်ကိုင်စားသောက်သူများအနေဖြင့် အများပိုင်လမ်းနှင့် ရေမြောင်းများကြားတွင် ဆိုင်ခန်းများသဖွယ် အဖီဆွဲကာနေထိုင်ကြရသည်။

‘‘လမ်းမနဲ့ ရေနုတ်မြောင်းနှုတ်ခမ်းကို ခွဆောက်ထားတာ။ အဲဒီလိုမျိုး ၁၅ အိမ်လောက်ရှိတယ်။ ပထမတော့ ဆိုင်ခန်းတွေဖွင့်ဖို့ဆိုပြီး ဆိုင်ခန်းဗန်းပြပြီး အဖီတွေဆွဲကြတာ။ နောက်တော့ လူနေအိမ်တွေဖြစ်သွားတယ်’’ဟု ယင်းမြို့နယ်တွင် ၁၅ နှစ်ကျော် နေထိုင်လာသူတစ်ဦးကပြောသည်။

အလားတူ ပုလဲမြို့သစ်ရှိ အမှတ်(၃)လမ်းမကြီး၏ ဘေးတစ်ဖက်တစ်ချက်ရှိ လမ်းနယ်မြေမှာ ပေ ၁၅၀ စီ သတ်မှတ်ထားသော်လည်း လက်ရှိတွင် လမ်းနယ်မြေများပေါ်၌ လက်ဖက်ရည်ဆိုင်၊ ပါတီရုံးခန်းအချို့နှင့် ဈေးဆိုင်ခန်းများ နေရာယူလာသည်ကို တွေ့နေရသည်။

‘‘ကိုယ်ကျိုးစီးပွားရှာနေကြတာက ၂၀၀၈ တွေ လက်ထက်က အခုထိပဲ။ ဒီလူတွေ ကြောက်ဖို့ကောင်းပါတယ်။ သမ္မတကလည်း လမ်းကြိုလမ်းကြားတွေအထိ မသွားဘူး။ အဲဒီအတွက် ဒါတွေကို ဘယ်သိမလဲ။ အဲဒီအတွက် အောက်မြေမှာက လက်ဝါးချင်းရိုက်ပြီးတော့ လုပ်ကြတာတော့ ဘယ်လောက်အထိ အချိန်ကြာကြာရှိနေမလဲဆိုတာပါပဲ’’ဟု လွှတ်တော်ကိုယ်စားလှယ် ဦးဖုန်းမြင့်အောင်ကမှတ်ချက်ပြုသည်။

‘‘ဘာအဖွဲ့အစည်း၊ ညာအဖွဲ့အစည်းတွေက စည်ပင်နဲ့ပေါင်းပြီးလုပ်ကြတာပဲ။ အများပိုင်မြေတွေပေါ်မှာ တင်ပြတော့လည်း အထက်ကိုတင်ပြရမယ်ဆိုတာကိုသာ ပြန်ဖြေကြတာပါ။ ဘယ်သူကမှ အတိအကျဆိုတာမရှိပါဘူး’’ဟု ၎င်းကဆိုသည်။

ရန်ကုန်မြို့၏ အကြီးမားဆုံး မီးတားမြေကွက်ဖြစ်သည့် ပုလဲမြို့သစ်ရှိ မီးတားမြေပေါ်တွင် ယခုအခါ ကုမ္ပဏီတစ်ခုက အဆောက်အအုံများ ဆောက်လုပ်နေခြင်းနှင့်ပတ်သက်၍ စလုပ်ကတည်းက ကန့်ကွက်ခဲ့သလို ရှေ့ဆက်ပြီး ကန့်ကွက်သွားကြမည်ဖြစ်ကြောင်း ဒေသခံများကဆိုသည်။

‘‘ဒီမီးတားမြေပေါ်မှာ အဆောက်အအုံတွေမလုပ်ဖို့အတွက် သမ္မတကြီးဆီ စာတင်ထားတယ်။ ဒါတောင် ဆက်လုပ်သွားမယ်ဆိုရင် ကျွန်တော်တို့က ဆက်ပြီးကန့်ကွက်သွားမှာပဲ’’ဟု ဦးရဲမြင့်က မာန်အပြည့်ဖြင့်ပြောသည်။

စစ်အစိုးရလက်ထက် ဗိုလ်ချုပ်ကြီးနေ၀င်း၏ လုံခြုံရေးယာဉ်၌ ယာဉ်မှူးအဖြစ် လုပ်ကိုင်ဖူးသူ အသက် ၈၀ အရွယ် အဘိုးအိုဦးရဲမြင့်က ‘‘အများပိုင်တဲ့မြေကွက်တွေပေါ် လုပ်ငန်းရှင်တွေက အာဏာပိုင်တွေနဲ့ပေါင်းပြီး နေရာယူလာတာ အခုခေတ်မှာ မရှိသင့်တော့ပါဘူး’’ဟု ဆိုသည်။

7Day News Journal