တရုတ်လေယာဉ်အနီး မြောက်ကိုရီးယား ဒုံးကျည်ဖြတ်သန်း လွန်စွာစိုးရိမ်ဟု ဘေဂျင်းထုတ်ပြန်

ပို့စ်တင်ချိန် - 3/08/2014 01:48:00 PM


ဘေဂျင်း၊ မတ် ၇

တရုတ် လေယာဉ်ပျံသန်းရာ လမ်းကြောင်းအနီး မြောက်ကိုရီးယား ဒုံးကျည် ဖြတ်သန်းသွားသဖြင့် တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနက လွန်စွာစိုးရိမ်သည်ဟု ထုတ်ပြန်လိုက်ကြောင်း Reuters သတင်းတွင် ဖော်ပြထားသည်။

မြောက်ကိုရီးယား ဒုံးကျည် ဆင်းသက်ရာ လမ်းကြောင်းတွင်းသို့ တရုတ်အရပ်ဘက် လေယာဉ်တစ်စင်း ဝင်ရောက် ဖြတ်သန်းသွားကြောင်း တောင်ကိုရီးယား ကာကွယ်ရေး ဝန်ကြီးဌာနက ကြာသပတေးနေ့တွင် ထုတ်ပြန်သည်။

တရုတ် အရပ်ဘက် လေယာဉ်မှာ ဂျပန်နိုင်ငံ နာရီတာလေဆိပ်မှ တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်း ရှန်ယန်မြို့သို့ ဦးတည် ပျံသန်းလာခဲ့ခြင်း ဖြစ်သည်။
“ဒီဖြစ်ရပ်နဲ့ ပတ်သက်ပြီး ကျွန်တော်တို့ရဲ့ စိုးရိမ်မှုကို သိရှိစေဖို့ မြောက်ကိုရီးယားကို ဆက်သွယ် ပြောကြားခဲ့ပါတယ်” ဟု တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေး ဆိုခွင့်ရှိသူ ချင်ဂန်က ပြောကြားသည်။

တရုတ်နိုင်ငံမှာ မြောက်ကိုရီးယား နိုင်ငံအပေါ် စီးပွားရေး၊ သံတမန်ရေး အဓိက ထောက်ပံ့ပေးနေသော နိုင်ငံဖြစ်သော်လည်း နျူကလီးယား လက်နက် သုံးကြိမ်တိုင်တိုင် စမ်းသပ်ခြင်း၊ တာဝေးပစ် ဒုံးကျည် ပစ်လွတ်ခြင်းတို့ လုပ်ဆောင်လာပြီးသည့် နောက်တွင် ပြုံယမ်းအပေါ် တရုတ်၏ သည်းခံနိုင်မှုမှာ နိမ့်ပါးလာခဲ့သည်။

ထို့အပြင် တရုတ်လေယာဉ်အနီး မြောက်ကိုရီးယား ဒုံးကျည် ဖြတ်သန်းသွားခြင်းကြောင့် အရပ်ဘက် လေယာဉ်များ လုံခြုံရေး သေချာဆောင်ရွက်ရန် မြောက်ကိုရီးယားနိုင်ငံကို တရုတ်နိုင်ငံက တောင်းဆိုလိုက်သည်။

တရုတ် အရပ်ဘက် လေယာဉ်မှာ တရုတ်တောင်ပိုင်း လေကြောင်းလိုင်းမှ ဖြစ်ပြီး ဘေးအန္တရာယ် ကင်းရှင်းစွာ ဆင်းသက်နိုင်ခဲ့ကြောင်း မီဒီယာများတွင် ဖော်ပြထားသည်။

ယင်းကဲ့သို့သော သတင်းကို ကြားသိထားသော်လည်း မတော်တဆဖြစ်ရပ် ဖြစ်ပွားခြင်း မရှိကြောင်း တရုတ် အရပ်ဘက် လေကြောင်းဦးစီးဌာန (CAAC) မှ ပြောရေးဆိုခွင့်ရှိသူက Reuters သတင်းကို ပြောကြားသည်။

The Voice Weekly Myanmar