ပေါက်မြို့နယ်ရှိ အမှတ် (၂၄) ကာကွယ်ရေးပစ္စည်း စက်ရုံသတင်း ယူနတီဂျာနယ်တွင် ဖော်ပြအပြီး ဧက ၃၀၀၀၀ ကျော်ရှိ စီမံကိန်းဧရိယာအတွင်း ပုဒ်မ ၁၄၄ ထုတ်ပြန်မည်ဆိုသည့် သတင်းကြောင့် ကျေးရွာလေးရွာမှ ဒေသခံများစိုးရိမ်နေ

ပို့စ်တင်ချိန် - 3/22/2014 10:33:00 AM


(အမှတ် (၂၄) ကာကွယ်ရေး ပစ္စည်းစက်ရုံသို့သွားရာ ပေါက်မြို့အနီးရှိ ကွန်ကရစ်လမ်းမကြီး)
ပေါက်မြို့နယ်ရှိ အမှတ် (၂၄) ကာကွယ်ရေးပစ္စည်း စက်ရုံသတင်း ယူနတီဂျာနယ်တွင် ဖော်ပြအြ...

ယခုနှစ် ဇန်န၀ါရီလအတွင်း ယူနတီ အပတ်စဉ်ထုတ် သတင်းစာတွင် ပေါက်မြို့နယ်အတွင်းရှိ အမှတ်(၂၄) ကာကွယ်ရေးပစ္စည်းစက်ရုံ သတင်းဖော်ပြမှုအပြီး သက်ဆိုင်ရာမှ စီမံကိန်းဧရိယာအတွင်း ပုဒ်မ ၁၄၄ ထုတ်ပြန်မည်ဆိုသည့် သတင်းကြောင့် ကျေးရွာလေးရွာမှ ဒေသခံများ စိုးရိမ်နေကြောင်း သိရသည်။

အဆိုပါကျေးရွာ လေးရွာမှ ဒေသခံအများစုမှာ စိုက်ပျိုးရေးလုပ်ငန်းနှင့် နှီးဖျာရက်လုပ်ခြင်း လုပ်ငန်းများဖြင့် အသက်မွေးဝမ်းကျောင်း ပြုကြပြီး ယခုလ တတိယပတ်မှစ၍ ပုဒ်မ ၁၄၄ ထုတ်ပြန်မည်ဆိုသော သတင်းများ ထွက်ပေါ်လာသည့်အတွက် ဒေသခံများကြား စိုးရိမ်မှုများလည်း ရှိနေသည်။

"ပြီးခဲ့တဲ့ ၁၄ ရက်အစည်းအဝေးမှာ မြို့နယ်မှူးက ၁၄၄ ထုတ်မဲ့ အကြောင်းပြောလို့ ရွာပြန်ရောက်တော့ ရွာကသူတွေကို ပြန်ပြောလိုက်တယ်။ ခုချိန်ထိတော့ မထုတ်သေးဘူး။ လက်ရှိတောထဲ နှီးဖျာရက်ဖို့ ရွာသားတွေ ၀ါးသွားခုတ်တာတောင် အရင်လို ခွင့်မပြုတော့ဘူး။ သဘောကောင်းတဲ့ ရဲဘော်တွေနဲ့တွေ့မှပဲ အဆင်ပြေတယ်။ တချို့ကျတော့လည်း လက်မှတ်ထိုးခိုင်းပြီး မသွားရဘူး ဆိုပြီးတားတယ်။ နှီးဖျာရက်ရောင်းတဲ့ ရွာသားတွေမှာ ၀ါးမခုတ်ရတော့ လုပ်ငန်းတွေလည်း အဆင်မပြေဘူး။ ရွာနဲ့စက်ရုံနဲ့က အတော်လှမ်းသေးပေမယ့်ရွာက စီမံကိန်းဧရိယာထဲမှာ ပါနေတယ်။ ရွာလည်းပြောင်းစရာ မပေးဘဲ ပုဒ်မ ၁၄၄ ထုတ်လိုက်လို့ကတော့ သွားရေးလာရေးရော စားဝတ်နေရေးရော အဆင်ပြေမှာ မဟုတ်ဘူး" ဟု က.ပ.စ ၂၄ စီမံကိန်း ဧရိယာအတွင်းရှိ မျှားပိုင်းကျေးရွာမှ အုပ်ချုပ်ရေးမှူးက ပြောကြားသည်။

ပေါက်မြို့နယ်အတွင်း တည်ဆောက်လျက်ရှိသော အမှတ်(၂၄) ကာကွယ်ရေးပစ္စည်းစက်ရုံ ဧရိယာမှာ ဧကပေါင်း ၃၆၈၂၇ ရှိပြီး အဆိုပါ စီမံကိန်းကြောင့် ဒေသခံများ၏ လယ်ယာမြေ အများအပြား သိမ်းဆည်းခံ ခဲ့ရကြောင်းလည်း သိရသည်။

အဆိုပါစီမံကိန်း ဧရိယာတွင် ကန့်သတ်နယ်မြေ ဆိုင်းဘုတ်များ ယခင်ကစိုက်ထူထားခြင်းမရှိဘဲ ယူနတီဂျာနယ်၌ သတင်းဖော်ပြအပြီး ၂၀၁၄ ခုနှစ် ဖေဖော်ဝါရီလအတွင်းမှ ဆိုင်းဘုတ်များ စိုက်ထူခဲ့ကြောင်း သိရသည်။ ထို့ပြင် မတ် ၁၈ ရက် ရုံးချိန်းတွင် လုံခြုံရေးအရာရှိ ဗိုလ်ကြီးထက်ဝေအောင်မှ တရားရုံးတော်တွင် သက်သေထွက်ဆိုရာ၌ ကန့်သတ်နယ်မြေဆိုင်းဘုတ် ၁၂ ခု ယခင်ကတည်းက ရှိခဲ့သည်ဟု ထွက်ဆိုခဲ့ကြောင်း၊ သို့သော် တရားရုံးတော်တွင် တရားခံရှေ့နေများက လိုပြသက်သေ (၃)၊ ဦးကြည်ဝင်း (လေးပင်အိုင့်ကျေးရွာသား)ကို မေးမြန်းသည့်အခါ အဆိုပါဆိုင်းဘုတ်များ ထောင်ထားခြင်း ယခင်က မရှိကြောင်း ထွက်ဆိုခဲ့သည်။


Eleven Media Group