မျိုးစောင့်ဥပဒေ ပြဋ္ဌာန်းလိုမှုကို ဝေဖန်သုံးသပ်ခြင်း

ပို့စ်တင်ချိန် - 3/03/2014 07:40:00 PM


Written by  မိုးသု (မန္တလေး)

ပြောဝံ့ဝံ့နဲ့ သာသနာ့ ထိပ်ခေါင်တင် အကျော်အမော် ဆရာတော် ဘုရားကြီးတွေနဲ့ ရဟန်းတော်များ ပါဝင် ဖွဲ့စည်းထားတဲ့ အမျိုးဘာသာ သာသနာတော် ထိန်းသိမ်းစောင့်ရှောက်ရေး အဖွဲ့ရဲ့ မျိုးစောင့်ဥပဒေ ပြဋ္ဌာန်းရေး ကိစ္စနဲ့ ပတ်သက်ပြီး ကိုယ့်ရဲ့ ထင်မြင်ယူဆချက်လေးတွေနဲ့ အကြံပြုချင်တာလေးတွေကို ပြောပြချင်ပါတယ်။ လူတိုင်းက ဒီထင်မြင် ယူဆချက်တွေကို၊ အကြုံပြုချက်တွေကို လက်ခံချင်မှ လက်ခံပါလိမ့်မယ်။ လက်ခံသည် ဖြစ်စေ၊ လက်မခံသည် ဖြစ်စေ အယူအဆ တစ်ခုကို ချပြတဲ့ အနေနဲ့ ပြောပြရခြင်း ဖြစ်ပါတယ်။

အမျိုးဘာသာ သာသနာတော် ထိန်းသိမ်းစောင့်ရေး အဖွဲ့လို့ ခေါ်တဲ့ မဘသမှ ထိပ်သီး တာဝန်ရှိသူများဟာ မျိုးစောင့်ဥပဒေ ပြဋ္ဌာန်းဖို့ ကြေညာချက် မထုတ်ခင်မှာ နိုင်ငံရေး ပါတီခေါင်းဆောင်တွေနဲ့ တပ်မတော်ကိုပါ ဖိတ်ကြားပြီး တံခါးပိတ် အစည်းအဝေး ကျင်းပ၍ အကျေအလည် ဆွေးနွေးပြီးခါမှ ကြေညာချက် ထုတ်သင့်ပါတယ်။ ဒါပေမဲ့ မဘသ အဖွဲ့ဟာ ဘုန်းကြီးတွေ အကုန်ပါရင် ရတယ်၊ လူထုကို တို့တစ်တွေ စည်းရုံးနိုင်တယ်ဆိုတဲ့ သဘောမျိုးနဲ့ အုပ်ချုပ်ရေး၊ ဥပဒေပြုရေး တပ်မတော်တို့နဲ့ နိုင်ငံရေး ပါတီကို ဦးစွာ တိုင်ပင် ဆွေးနွေးခြင်း မရှိဘဲ ဘုန်းကြီးတွေပဲ ဆွေးနွေး ပြောဆိုပြီး လုပ်သွားတာဟာ မဘသအဖွဲ့ ချို့ယွင်းချက် တစ်ခုဖြစ်တယ်လို့ ထင်မြင်မိပါတယ်။ ပြောခဲ့တဲ့ အဖွဲ့အစည်းတွေနဲ့သာ အကျေအလည် ဆွေးနွေးပြီးမှ ပြဋ္ဌာန်းရေး ကိစ္စကို လုပ်ဆောင်မယ် ဆိုရင် ဘုန်းကြီးတွေနဲ့ နိုင်ငံရေး ပါတီတွေ၊ ဘုန်းကြီးတွေနဲ့ ဒကာ ဒကာမတွေ၊ ဘုန်းကြီးအချင်းချင်း အငြင်းပွားစရာ စိတ်ဝမ်းကွဲစရာ မလိုတော့ဘူးလို့ ထင်မြင်မိပါတယ်။

နောက်တစ်ခုက မျိုးစောင့်ဥပဒေ ပြဋ္ဌာန်းရေးဟာ အုန်းအုန်းကျွက်ကျွက် မလုပ်သင့်တဲ့ ကိစ္စတစ်ခု ဖြစ်ပါတယ်။ အုန်းအုန်းကျွက်ကျွက် မလုပ်သင့်တာကို အုန်းအုန်းကျွက်ကျွက် လုပ်ခြင်းဟာ သိပ်ကို မှားပါတယ်။ ဒီလို လုပ်လိုက်တဲ့အတွက် နိုင်ငံတကာက အမြင်စောင်းစရာတွေ ဖြစ်လာပါတယ်။ နိုင်ငံ့ ဖွံ့ဖြိုးတိုးတက်ဖို့ အတွက်ဆိုရင် နိုင်ငံတကာရဲ့ ကြည်ဖြူမှု ရမှဖြစ်မယ် ဆိုတာလည်း မမေ့သင့်ပါဘူး။ မြန်မာနိုင်ငံအနေနဲ့ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး၊ နည်းပညာ စသလို အဘက်ဘက်က ခြွတ်ခြုံ ကျနေတာမို့ နိုင်ငံတကာက ငြိုငြင်စရာ ဖြစ်စေမယ့် အပြုအမူတွေကို တတ်နိုင်သမျှ ရှောင်ကြဉ်ရမှာပါ။ ဒါမှသာလျှင် မိမိတို့ နိုင်ငံတော်ကြီး ဖွံ့ဖြိုးတိုးတက်ဖို့ အတွက် လိုအပ်တဲ့ အကူအညီတွေကို နိုင်ငံတကာဆီ ကနေ ရရှိနိုင်မှာ ဖြစ်ပါတယ်။ လိုအပ်တဲ့ အကူအညီတွေ နိုင်ငံတကာဆီမှ ရရှိမှသာလျှင် မိမိတို့ နိုင်ငံတော်ကြီးဟာ ဖွံ့ဖြိုးတိုးတက်နိုင်မှာ ဖြစ်ပါတယ်။ ဘုန်းကြီးတွေ အနေနဲ့ ဒါကိုလည်း နားလည်သင့်ပါတယ်။

ဥပမာအားဖြင့် YMBA လို အသင်းအဖွဲ့ကို အသက်ပြန်သွင်းပြီး ဘုန်းကြီးတွေက နောက်ကွယ်ကနေ ကြိုးကိုင် လှုပ်ရှားရမှာကို ရှေ့ထွက်ပြီး ရုပ်လုံးပြ လိုက်တာဟာလည်း ချို့ယွင်းချက်လို့ ထင်မြင်မိပါတယ်။ ဘုန်းကြီးတွေ အနေနဲ့ YMBA ကို စနစ်တကျ ပြန်လည် ဖွဲ့စည်းကာ အသက်သွင်းလို့ပဲ ဖြစ်ဖြစ်၊ အဆိုပါ အသင်းကြီးကဲ့သို့သော အသင်းမျိုး ဖြစ်ပေါ်လာအောင် လုပ်ဆောင်လို့ပဲ ဖြစ်ဖြစ် မိမိတို့ ဆန္ဒကို အကောင်အထည် ဖော်ကြမယ် ဆိုရင် နိုင်ငံတော် သံဃမဟာနာယက အဖွဲ့နဲ့လည်း ထိပ်တိုက် တွေ့မှာကိုလည်း တွေးပူနေစရာ မလိုတော့သလို အက်ကြောင်းတွေ ဖြစ်ပေါ်လာမှာကို စိုးရိမ်ပူပန်နေဖို့ မလိုတော့ပါဘူး။ မြန်မာနိုင်ငံအတွင်းမှာ ဂိုဏ်းကြီး ကိုးဂိုဏ်းမှအပ ကျန်သံဃာ အဖွဲ့အစည်း အသစ်များ ထပ်မံ မဖွဲ့စည်းရ ဆိုတဲ့ ဥပဒေ ပုဒ်မနဲ့လည်း ငြိစွန်းနေစရာ အကြောင်း မရှိတော့ပါဘူး။

နောက်ပြီးတော့ မဘသ အဖွဲ့ကြီးမှ ထိပ်ပိုင်းခေါင်းဆောင် တချို့ဟာ လူမှုကွန်ရက်တွေ ဖြစ်ကြတဲ့ Facebook မှာပဲ ဖြစ်ဖြစ်၊ တခြား လူမှုကွန်ရက်များပဲ ဖြစ်ဖြစ် မျိုးစောင့်ဥပဒေကို သဘောမတူသူတွေရဲ့ ဝေဖန်ပြစ်တင် ဆဲဆိုမှုတွေကို သည်းခံပြီး စိတ်အေးအေးထားကာ လုပ်ငန်းစဉ်တွေကို ရှင်းပြရမယ့် အစား ဆတ်ဆတ်ထိမခံ မျိုးချစ်စိတ်ဓာတ် မရှိတဲ့သူတွေ၊ မျိုးမစောင့်တဲ့သူတွေ စသဖြင့် စကားလုံး ကြမ်းကြမ်းတွေနဲ့ တုံ့ပြန် နေတာတွေဟာလည်း မှားယွင်းမှု တစ်ခုလို့ မြင်မိပါတယ်။ ဖြစ်သင့်တာက ကိုယ့်လုပ်ငန်းစဉ်ကို စနစ်တကျ ရှင်းပြပေးပြီး တစ်ဖက်သား နားလည် လက်ခံချင်လာအောင် ပြောဆိုရမှာပါ။ သေချာ ရှင်းပြလျက်နဲ့ လက်မခံဘူး ဆိုရင်လည်း ဥပေက္ခာ ပြုထားလိုက်ရမှာပါ။ ရဟန်းတော်တွေ ဖြစ်တာကြောင့် စကားလုံး ကြမ်းကြမ်းတွေနဲ့ မတုံ့ပြန်သင့်ပါဘူး။ အဲဒီလို တုံ့ပြန်မှုတွေကြောင့် ကြားနေ ပုဂ္ဂိုလ်တချို့တောင် ဘုန်းကြီးတွေကို စိတ်ပျက်သွားတာတွေ ရှိပါတယ်။

အောင်ဆန်းတောရ တပ်ဦးမှာ ကျင်းပတဲ့ ပထမအကြိမ် အစည်းအဝေးကြီးမှာ မဘသ အဖွဲ့ကြီးရဲ့ အတွင်းရေးမှူး ဖြစ်တဲ့ မော်လမြိုင် မြစေတီ ဆရာတော်က မျိုးစောင့်ဥပဒေကို လွှတ်တော်မှာ ပြဋ္ဌာန်းတဲ့အခါမှာ သဘောမတူတဲ့ အမတ်ကို မဲမပေးအောင် စည်းရုံးမယ်လို့ ခြိမ်းခြောက်ခဲ့တာ ဟာလည်း မှားယွင်းချက် တစ်ခုလို့ ထင်မြင်မိပါတယ်။ လုပ်တာ မလုပ်တာ နောက်ထား ရဟန်းတော် တစ်ပါးအနေနဲ့ ခြိမ်းခြောက်တဲ့ စကားကို တရားဝင် ထုတ်မပြောသင့်တာကတော့ သေချာပါတယ်။ ဘယ်သူနေနေ မိမိကို သူတစ်ပါးက ခြိမ်းလားခြောက်လား လာလုပ်တာကို မကြိုက်နှစ်သက်ကြပါဘူး။ လူတိုင်းမှာ မခံချင်စိတ်တို့၊ မာနတို့ ရှိကြပါတယ်။

သံဃ အဖွဲ့အစည်းကြီးဟာ အောက်ခြေကနေ ခေါင်အထိ ပျက်စီးချင်တိုင်း ပျက်စီးနေတာတွေ အများကြီးပါ။ လူပုဂ္ဂိုလ်တွေ မသိမမြင်ဘဲ ရဟန်းတော်ချင်းသာ သိမြင်တဲ့ ပျက်စီးမှုတွေလည်း ရှိနေပါတယ်။ ထင်ရှားတဲ့ ပြုပြင်စရာတွေကတော့ ရဟန်းတု ရဟန်းယောင်တွေ ပေါများလာတာ၊ လက်ဖက်ရည်ဆိုင်၊ ဈေး၊ ကားဂိတ်၊ ရထားဘူတာ၊ ကားပေါ်၊ ရထားပေါ်တို့ကို သင်္ကန်းဝတ် အများအပြား အရက်ခိုးတွေ ဝေ့နေတဲ့ မျက်နှာတွေနဲ့ ဓားပြတိုက်သလို ပိုက်ဆံ အလှူခံနေတာ၊ မလှူရင်ပဲ ဖြစ်ဖြစ် လှူတာ နည်းရင်ပဲ ဖြစ်ဖြစ် ညစ်ညမ်းစွာ ဆဲဆို ကြိမ်းမောင်းသွားတာ၊ ဘောလုံးပွဲဒိုင်၊ ချဲဒိုင်ခံတာ၊ လူမြင်ကွင်း လက်ဖက်ရည်ဆိုင်တွေမှာ နေ့လွဲ ညစာတွေ ထိုင်စားတာ၊ အရက်သေစာ သောက်စားနေကြတာ၊ နယ်စပ်က သယ်ဆောင်လာတဲ့ ကားမှောင်ခိုသမားတွေဆီက ခေါက်ကြေး ပိုက်ဆံရယူပြီး မှောင်ခိုကားတွေ သယ်ပေး နေကြတာတွေ ဖြစ်ပါတယ်။

ဘုန်းတော်ကြီးတွေ အနေနဲ့ သံဃ အဖွဲ့အစည်းကို ဦးစွာ ပထမ ပြုပြင် ပြီးခါမှ လူ့အဖွဲ့အစည်းကို ပြုပြင်သင့်ပါတယ်။ သံဃအဖွဲ့အစည်းကို အရင်မပြုပြင်ပါဘဲ လူ့အဖွဲ့အစည်းကို သွားပြီး အလျင်လိုစွာ ပြုပြင်ခြင်းကြောင့် အခုအခါမှာ အရုပ်ဆိုး အကျည်းတန်စရာတွေ၊ အက်ကြောင်းတွေ များလာတာကို မြင်တွေ့ နေရပါပြီ။ အမြဲတစေ စည်းလုံး ညီညွတ်လာကြတဲ့ သံဃာထု အတွင်းမှာတောင်မှ အက်ကြောင်းရာတွေ ပေါ်လာနေပါပြီ။ အထူးသဖြင့် မဘသ အဖွဲ့ကြီးမှ ထိပ်သီး တာဝန်ရှိသူတချို့ ပါတီ နိုင်ငံရေးကို တရားဝင် စွက်ဖက်တဲ့ ပြင်းပြင်းထန်ထန် စကားလုံးတွေကြောင့် အက်ကြောင်းရာတွေက ပိုမို ကြီးမားလာပါတယ်။ ဘုန်းတော်ကြီးတွေ အနေနဲ့ မြွေပါလည်းဆုံး သားလည်းဆုံး အဖြစ်မျိုး မရောက်အောင် ခေါင်းအေးအေးနဲ့ စဉ်းစား ဆင်ခြင်ကြဖို့ လိုပါတယ်။

နိုင်ငံတိုင်းဟာ မိမိတို့နိုင်ငံရဲ့ အမျိုးသား အကျိုးစီးပွားကို ရှေ့တန်းတင်ကြတာ မှန်ပါတယ်။ မိမိတို့ နိုင်ငံအနေနဲ့လည်း မိမိတို့ အမျိုးသား အကျိုး စီးပွားကို ရှေ့တန်းတင်ကြရမှာပါပဲ။ ဒါပေမဲ့ အခြေအနေ အချိန်အခါကိုတော့ နားလည် သဘောပေါက်ဖို့ လိုပါတယ်။ နိုင်ငံတကာကို လက်ဖြန့်ခံ တောင်းနေရတဲ့ မိမိတို့ နိုင်ငံအနေနဲ့ အမျိုးသား အကျိုးစီးပွားကို ရှေ့တန်းတင်ရာမှာ နိုင်ငံတကာက မျက်စိစပါးမွေး စူးမနေဖို့ လိုအပ်ပါတယ်။ ပိကျိပိကျိ အော်ရမယ့် အချိန်မှာ ကတော်ကတော် အော်ရင် ရိုက်သတ်ခံရတတ်တယ် ဆိုတာ ဘုန်းတော်ကြီးတွေလည်း အသိ ဖြစ်ပါတယ်။ နိုင်ငံတကာရဲ့ အကူအညီကို လက်ဖြန့်ခံ နေရတဲ့ မိမိတို့ နိုင်ငံအနေနဲ့ ဘာသာခြား နိုင်ငံများမှာ လူဦးရေ သိန်းဂဏန်းအထိ အလုပ် သွားလုပ်နေရတဲ့ မိမိတို့ နိုင်ငံအနေနဲ့ ကတော်ကတော် အော်ဖို့ အချိန်မကျသေးပါဘူး။

လွန်ခဲ့တဲ့ ၅ နှစ်လောက်က တရုတ်ပြည် Xianjang မှာ Uhier တရုတ်လူမျိုး မွတ်ဆလင်တွေရဲ့ ထကြွမှုကို တရုတ်အစိုးရက စစ်ဆင်ရေးပုံစံ လုပ်ပြီး အပြတ်အသတ် နှိပ်ကွပ်ခဲ့တာကို ဘယ်မွတ်ဆလင် နိုင်ငံကမှ အသံ မထွက်ခဲ့ပါဘူး။ မွတ်ဆလင် နိုင်ငံတွေထဲမှာ သဘောထား တင်းမာလှတဲ့ Iran လည်း တရုတ်ဆီက အကြွေးမကင်း ပါကစ္စတန် နိုင်ငံဆိုလည်း အကြွေးမကင်းတာကြောင့် တုတ်တုတ်မျှ မလှုပ်ဝံ့ပါဘူး။ တရုတ်နိုင်ငံဟာ နိုင်ငံရေးမှာ တစ်ပါတီတည်း အာဏာရှင်ဆန်ဆန် အုပ်ချုပ်ပေမယ့် နိုင်ငံနဲ့ လူမျိုးကို ဖွံ့ဖြိုး တိုးတက်ပြီး အင်အား တောင့်တင်းအောင် လုပ်ချင်တဲ့ စိတ်ရှိပြီး နိုင်ငံကို အဘက်ဘက်က ဖွံ့ဖြိုးတိုးတက်ပြီး အင်အား တောင့်တင်းတဲ့ Supe Power အဖြစ် ရပ်တည်လာနိုင်တော့  ဘယ်အင်အားကြီး နိုင်ငံကမှ လူ့အခွင့်အရေး ဆိုတာကြီးနဲ့ မဖိနှိပ်ဝံ့ပါဘူး။ အကယ်၍ အခုနေအခါမှာ မြန်မာနိုင်ငံသာ တရုတ်နိုင်ငံလို အမျိုးသားရေး အကျိုးစီးပွားကို ဗြောင်ရှေ့တန်း တင်လိုက်မယ် ဆိုရင် နိုင်ငံတစ်စစီ ဖြစ်သွားနိုင်ပါတယ်။ ဘုန်းတော်ကြီးတွေ အနေနဲ့ အခြေအနေ အချိန်အခါကို နားလည်ပြီး ဘယ်လို လုပ်သင့်တယ် ဆိုတာကို စဉ်းစားကြဖို့ ကောင်းပါတယ်။

ပြီးတော့ ဘာသာခြား လူမျိုးခြားကို လက်ထပ် ယူကြရတာဟာ အချစ်ကြောင့်၊ ဖြားယောင်း သွေးဆောင်မှုကြောင့် ဆိုတာတွေထက် အစာအိမ်ကြောင့် လက်ထပ်ကြရတာတွေက များပါတယ်။ ရှင်းအောင် ပြောရရင် ဘာသာခြား လူမျိုးခြားနဲ့ အိမ်ထောင်ပြုလိုက်ရင် စားဝတ်နေရေးလေး အဆင်ပြေလိမ့် နိုးနိုးနဲ့ လက်ထပ်ယူကြရတာပါ။ စားဝတ်နေရေး အဆင်ပြေအောင် ဖြေရှင်း မပေးနိုင်ရင် မျိုးစောင့်ဥပဒေကလည်း ဒီရောဂါဆိုးကြီးကို ကုစားနိုင်မှာ မဟုတ်ပါဘူး။ မူးယစ်ဆေးဝါး မရောင်းဝယ်ရလို့ ထိန်းချုပ်ထားပေမယ့် စားဝတ်နေရေး အတွက်ကြောင့် ကူးသန်း ရောင်းဝယ်နေကြတာ တွေကို ကြည့်ခြင်းအားဖြင့် သိသာ ထင်ရှားပါတယ်။

ငတ်မွတ်နေတဲ့ လူတစ်ယောက်က ဘာကိုမဆို ပြုလုပ်ရဲပါတယ်။ ဘယ်ဥပဒေကို မဆို ချိုးဖောက်ရဲပါတယ်။ အကယ်၍ မျိုးစောင့်ဥပဒေကို လွှတ်တော်က ပြဋ္ဌာန်းလိုက်ရင်တောင် စားဝတ်နေရေးက အဆင်မပြေဘူး ဆိုရင် ဒီပြဿနာက ဆက်ရှိ နေဦးမှာပါပဲ။ အဲဒီအခါကျရင် ဗုဒ္ဓဘာသာကို စွန့်လွှတ်သူတွေ ပိုများ လာနိုင်ဖွယ် ရှိပါတယ်။ တရားဝင် မယူရင် တရားမဝင် ယူကြမှာမို့ ဗုဒ္ဓဘာသာ မြန်မာမိန်းကလေး အများစု ဘာသာခြား၊ လူမျိုးခြားရဲ့ တရားမဝင် ပျော်တော်ဆက် မယားဘဝကို ရောက်သွားနိုင်ဖွယ် ရှိပါတယ်။ စားဝတ်နေရေးကြောင့် ဖြစ်လာတဲ့ ပြဿနာတွေမို့ စားဝတ်နေရေး အဆင်ပြေအောင် ပြုလုပ်ပေးခြင်းသည် သာလျှင် အကောင်းဆုံး ဖြေရှင်းနည်းလို့ ထင်မြင်မိပါတယ်။

မိမိတို့ နိုင်ငံဟာ အဘက်ဘက်က ဖွံ့ဖြိုးတိုးတက်ဖို့ အတွက် နိုင်ငံတကာရဲ့ အကူအညီကို ရယူနေရတဲ့ အခြေအနေ အချိန်အခါမှာ နိုင်ငံတကာရဲ့ ငြူစူမှုကို ခံရနိုင်တဲ့ ဒီဥပဒေကို အစိုးရနဲ့ လွှတ်တော်တို့က သဘောကျရင်တောင်မှ အတည်ပြုပေးဖို့က ခက်ခဲပါတယ်။ ဒါကို ဘုန်းကြီးအုပ်စုက ပြင်းပြင်းထန်ထန် ထပ်ပြီး ဖိအားပေးမယ် ဆိုရင်တော့ ရလဒ်တွေက မတွေးဝံ့စရာပါပဲ။ ဒါကြောင့် ဘုန်းတော်ကြီးတွေ အနေနဲ့ ပြည်တွင်းပြည်ပမှ ကျွမ်းကျင် ပညာရှင်များနဲ့ တိုင်ပင် ညှိနှိုင်းကာ ရှဥ့်လဲလျှောက်သာ ပျားလဲစွဲသာ အခြေအနေကို ဖော်ဆောင်သင့်တယ်လို့ ထင်မြင်မိပါတယ်။

The Voice