ဥပဒေအချို့တွင် အင်္ဂလိပ်အသုံးအနှုန်းများသည်ကို အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဝေဖန်

ပို့စ်တင်ချိန် - 3/08/2014 12:26:00 AM


မင်းမင်း | သောကြာနေ့၊ မတ်လ ၇ရက်၊ ၂၀၁၄ခုနှစ်။

နေပြည်တော်၊ မဇ္ဈိမ။ ။ မတ်လ ၇ရက်က အမျိုးသားလွှတ်တော်တွင် ဥပဒေတစ်ခုကို ပြန်လည်ပြင်ဆင်ပြီး တစ်ပိုဒ်ချင်းစီအတည်ပြုခဲ့ရာ ယင်းဥပဒေတွင် အင်္ဂလိပ်အသုံးအနှုန်းများစွာ ပါနေသည့်အတွက် အများပြည်သူ နားလည်နိုင်မည်မဟုတ်ဘဲ “ဘိုလိုတွေဖတ်ရတာ ရေငတ်တယ်” ဟု အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်က ငြီးတွားခဲ့သည်။

အပိုဒ် ၂၀ ကျော်နှင့် ပုဒ်မပေါင်း ၁၀၀ ကျော်ပါသည့် “တရားမကျင့်ထုံးဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်း” ကို လွှတ်တော်၏ အတည်ပြုချက်ရယူစဉ် အင်္ဂလိပ်အသုံးအနှုန်းမှာ သုံးပုံနှစ်ပုံကျော်ပါနေသည့်အတွက် ဦးခင်အောင်မြင့်က မတ်လ ၇ ရက်က ပြောခဲ့ခြင်းဖြစ်သည်။

“ဘိုလိုတွေဖတ်ရတာ ရေငတ်တယ်။ ဒီဥပဒေတွေ ဘာသာပြန်တာလည်း ကြာလှပြီ။ ခုထက်ထိ မပြီးသေးဘူးဆိုတော့ အများပြည်သူ ဘယ်လိုလုပ်နားလည်နိုင်မလဲ” ဟု ပြောကာ ဥပဒေကြမ်းအတည်ပြုမပြီးခင် ဦးခင်အောင်က ရေသောက်ခဲ့သည်။

အဆိုပါ “တရားမကျင့်ထုံးဥပဒေကိုပြင်ဆင်သည့်ဥပဒေကြမ်း” ကို အမျိုးသားလွှတ်တော်၊ ဥပဒေကြမ်းကော်မတီက ပြန်လည်ပြင်ဆင်ခဲ့ပြီး ယင်းပြင်ဆင်ချက်ကို ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များကို ဖိတ်ခေါ်ခဲ့သော်လည်း တစ်ဦး တစ်ယောက်မျှ ဆွေးနွေးရန် စာရင်းမပေးထားပေ။

ပြည်သူ့လွှတ်တော်ကလည်း ပြင်ဆင်ဆွေးနွေးမှုမရှိသည့် ယင်းဥပဒေကြမ်းကို ဦးခင်အောင်မြင့်က တစ်ပိုဒ်စီ ဖတ်ပြပြီး လွှတ်တော်၏ အတည်ပြုချက်ရယူခဲ့ခြင်းဖြစ်သည်။

ထိုဥပဒေကြမ်းကို အတည်ပြုခဲ့ပြီးနောက် အစည်းအဝေးရပ်နားခဲ့သည်။ ထိုသို့ အစည်းအဝေး ခေတ္တရပ်နားချိန်တွင် အသက်ငါးဆယ်ကျော် လွှတ်တော်အမတ်တစ်ဦးကလည်း “သူတို့ဟာတွေ ငါလည်း ဘာမှနားမလည်ဘူး” ဟု ညဉ်းညူခဲ့သည်။

ထို့ကြောင့် အင်္ဂလိပ်ဘာသာဖြင့် ကျန်ရှိနေသေးသည့် ဥပဒေများကို စာတမ်းပြုစုပြီး လွှတ်တော်သို့ တင်ပြရန် ယဉ်ကျေးမှုဝန်ကြီးဟောင်းဖြစ်သည့် ဦးခင်အောင်မြင့်က အမျိုးသားလွှတ်တော်၏ နိုင်ငံရေး၊ စီးပွားရေးနှင့် ဥပဒေရေးရာ ကော်မရှင်ကို ထိုဥပဒေကြမ်း အတည်ပြုချက်ရယူမှုအပြီးတွင် တာဝန်ပေးသွားသည်။

အင်္ဂလိပ်ဘာသာဖြင့် ရှိနေသည့် ဥပဒေများကို လွတ်လပ်ရေးရပြီးနောက် ဘာသာပြန်ရန် ကြားဖူးသည်ဟုဆိုကာ ဦးခင်အောင်မြင့်က “မြန်မာဘာသာကို ရုံးသုံးဘာသာစကားအဖြစ် တရားဝင်သတ်မှတ်ထားတာလည်း ကြာပါပြီ။ ဖွဲ့စည်းပုံ အခြေခံဥပဒေမှာလည်း ဒီအတိုင်းပြဋ္ဌာန်းထားပါတယ်။ ဒါပေမယ့် ဘာ့ကြောင့် ဒီဥပဒေတွေကို ဘာသာပြန်ဖို့အတွက် လက်နှေးနေသလဲဆိုတာ စာတမ်းပြုစုပြီး လွှတ်တော်ကို တင်သွင်းပေးပါ” ဟု ပြောသည်။

Mizzima Burmese