ငါးကြီးအန်ဖတ်

ပို့စ်တင်ချိန် - 3/24/2014 06:57:00 PM






တစ်ခါတစ်ရံ ရေမွှေးတွင် ပါရှိသော အမွှေးအကြိုင်ကို စပယ်ပန်း၊ နှင်းပန်း စသည်တို့မှ ပေါင်းခံမယူဘဲ ငါးကြီးအန်ဖတ် ခေါ် ဝေလငါး၏ အူအတွင်းမှ ရရှိသော ပစ္စည်းတစ်မျိုးမှ ပေါင်းခံယူကြသည်။ ထိုပစ္စည်း၌ သွေးပြန်ကြောများ ပါရှိခြင်းကြောင့် အရောင်မှာ ညစ်ပုတ်ပုတ်ဖြစ်သည်။ ပင်လယ်တွင် ငါးကြီးအန်ဖတ်များကို အစုလိုက်အပြုံလိုက် မျောနေသည်ကို တွေ့ရတတ်၏။ အတ္တလန္တိတ်သမုဒ္ဒရာတွင် ပေါင် ၂၀၀ကျော်မျှ အလေးချိန်စီးသော ငါးကြီးအန်ဖတ်များကို တွေ့ရသည်။ တစ်ခါတစ်ရံ ငါးကြီးအန်ဖတ်ကို ဗရာဇီးနိုင်ငံ၊ မက်ဒါဂက်စကာကျွန်း၊ အာဖရိကတိုက်နှင့် အရှေ့တိုင်းနိုင်ငံတို့၏ ကမ်းခြေများတွင် တွေ့ရလေသည်။ အစိမ်းလိုက်တွေ့ရသော ငါးကြီးအန်ဖတ်များတွင် မနှစ်မြို့ဖွယ်ကောင်းသော အနံ့ရှိ၏။ ငါးကြီးအန်ဖတ်ကို အယ်လကိုဟောနှင့် အငွေ့ပျံဆီများတွင်ဖျော်၍ အမွှေးအကြိုင်များတွင် အနည်းငယ်ထည့်ပြီး အသုံးပြုကြသည်။ အချို့နိုင်ငံများတွင် အစားအစာကို မွှေးကြိုင်အောင် ငါးကြီးအန်ဖတ် အနည်းအကျဉ်းထည့်၍ သုံးဆောင်တတ်ကြသည်။ ငါးကြီးအန်ဖတ်သည် အလွန်အဖိုးတန်၏။

မှတ်ချက်။ မြန်မာ့စွယ်စုံကျမ်းအတွဲ ၃ မှ ကောက်နုတ်ဖော်ပြသည်။