ဖွဲ့စည်းပုံပြင်ချင်ရင် ပုဒ်မ ၄၃၆အတိုင်းလုပ်ပါလို့ မြန်မာကာချုပ် သဘောထားပေး

ပို့စ်တင်ချိန် - 3/28/2014 10:01:00 AM


ဖွဲ့စည်းပုံကို အချိန်အခါနဲ့မလျော်ညီလို့ ပြင်ဆင်ဖို့လိုအပ်လာရင် အခန်း၁၂ပါ ပုဒ်မ ၄၃၆အတိုင်း ဆောင်ရွက်ပါလို့ မြန်မာ့တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က ၆၉နှစ်မြောက် တပ်မတော်နေ့မှာ ပြောဆိုလိုက်ပါတယ်။ ဒါဟာ တပ်မတော်ရဲ့သဘောထားလား။

၂ဝဝ၈ ဖွဲ့စည်းပုံဟာ ပါတီ၊ အဖွဲ့အစည်း၊ လူမျိုးတစ်မျိုးနဲ့ တပ်မတော်အတွက် ပြဌာန်းခဲ့တာမဟုတ်ဘဲ ပြည်သူ ၉၂.၄၈ ရာခိုင်နှုန်းရဲ့ဆန္ဒကို လေးစားဖို့လိုတယ်လို့ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က နေပြည်တော်မှာ ကျင်းပတဲ့ စစ်ရေးပြအခမ်းအနားမှာ ပြောဆိုခဲ့ပါတယ်။

အရင်တုန်းက တပ်မတော်သာအမိ၊ တပ်မတော်သာအဖဆိုတဲ့လမ်းစဉ်ကို တစိုက်မတ်မတ် ယုံကြည်ခဲ့ရာ ကနေ အခုတော့ တပ်မတော်သားတွေဟာ ပြည်သူကို အမိအဖသဖွယ်သဘောထားဖို့နဲ့ ဒီမိုကရေစီ တည်ဆောက်ရေးမှာ ပြည်သူနဲ့ပူးပေါင်းဖို့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဆိုပါတယ်။ လက်ရှိမြန်မာစစ်တပ်ဟာ တိုင်းရင်းသားလူမျိုးတွေနဲ့ ပါဝင်ဖွဲ့စည်းထားတဲ့ ပြည်ထောင်စု တပ်မတော်ဖြစ် ပြီးသားလို့လည်း ထည့်သွင်းပြောဆိုခဲ့ပါတယ်။

တိုက်လေယာဉ်တွေ၊ တင့်ကားတွေနဲ့ စစ်ကြောင်းသရုပ်ဖော်တဲ့ စစ်ရေးပြအခမ်းအနားကို မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်လည်းတက်ရောက်ခဲ့ပါတယ်။ အရင်စစ်အာဏာ ရှင်ဟောင်း ဗိုလ်ချုပ်မှူးကြီးသန်းရွှေချမှတ်ပေးခဲ့တဲ့ စည်းကမ်းပြည့်ဝတဲ့ ဒီမိုကရေစီစနစ် ကို တပ်မတော်ကို အကောင်အထည်ဖော်သွားမယ်လို့ ပြောဆိုခဲ့ပြီး ထူးခြားတဲ့ပုံသဏ္ဍာန်အဖြစ် နိုင်ငံတကာက အသိအ မှတ်ပြုခံထားရတယ်လို့ ဆိုပါတယ်။

ဗိုလ်ချုပ်အောင်ဆန်းအပါအဝင် ဗိုလ်ချုပ်နေဝင်းနဲ့ ဗိုလ်ချုပ်မှူးကြီးသန်ရွှေတို့ဟာ ပြည်သူအပေါ် အမိအဖသဖွယ် သဘောထားခဲ့တယ်လို့လည်း ထည့်သွင်းပြောဆိုသွားခဲ့ပါတယ်။

Kamayut Media