ဒုတိယမြောက်ကြားဖြတ် လာဦးမည်လား

ပို့စ်တင်ချိန် - 3/20/2014 05:49:00 AM


ဓာတ်ပုံ − ဂျေမောင်မောင်(အမရပူရ)

ပြည်ထောင်စု လွှတ်တော် အစည်းအဝေး ခန်းမအတွင်း ထိုင်ခုံနေရာ ၂၀ ကျော် လစ်လပ်နေသည်။ ထိုလစ်လပ် နေရာများသည် လွှတ်တော်အတွင်း အရေးကြီးသည့် ဆုံးဖြတ်ချက်များ အတွက် မည်မျှအရေးပါ သည်ဆိုသည်ကို မေးခွန်းထုတ်စရာ ဖြစ်လာခဲ့ပြီ ဖြစ်သည်။

လက်ရှိ နိုင်ငံရေး အသိုင်းအ၀ိုင်းတွင် လှုပ်ရှားနေသည့် အခြေခံ ဥပဒေပြင်ဆင်ရေးတွင် အဆိုပါ လစ်လပ်နေရာများ၏ အရေးပါမှုသည် အဓိကမေးခွန်း ဖြစ်လာခဲ့သည်။ ယခင်က ရွေးကောက်ပွဲကျင်းပရေးကော်မရှင်က ယခုနှစ်အတွင်း ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပပေးရန် အစီအစဉ်မရှိဟု လွှတ်တော်အစည်းအဝေးတစ်ခုတွင် ဖြေကြားခဲ့ဖူးသော်လည်း ယခုနောက်ပိုင်းတွင် ကြားဖြတ်ရွေးကောက်ပွဲ ပြန်လည်ကျင်းပမည့်အရိပ်အယောင်များ တွေ့မြင်လာခဲ့ရသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးအတွက် ကြားဖြတ်ရွေးကောက်ပွဲသည် အရေးပါသည့်အခန်းကဏ္ဍတွင် ပါဝင်သည်ဟု နိုင်ငံရေးလှုပ်ရှားသူအချို့က ယူဆသော်လည်း အချို့ကမူ အရေးမကြီးဟု ဆိုကြပြန်သည်။

အကြောင်းမှာ အခြေခံဥပဒေ အခြေခံပြင်ဆင်ရေးအတွက် ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်များ၏ ၇၅ ရာခိုင်နှုန်းကျော် သဘောတူရမည်ဟူသော အချက်တွင် လွှတ်တော်ကိုယ်စားလှယ်များစာရင်းအရှိကို ဆိုလိုခြင်းလား (သို့မဟုတ်) အစည်းအဝေးတက်ရောက်သည့် လွှတ်တော်ကိုယ်စားလှယ်အရေအတွက်ကို ဆိုလိုသည်လားဆိုသည်ကို တိကျစွာရေးသားထားခြင်း မရှိခြင်းကြောင့်ဖြစ်သည်။

လက်ရှိအချိန်တွင် ၂၀၁၀ ၌ ရွေးကောက်ပွဲ ကျင်းပပေးခဲ့ခြင်းမရှိသည့် မဲဆန္ဒနယ်အချို့ရှိခဲ့ခြင်း၊ ရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ်များထဲမှ အစိုးရအဖွဲ့တွင်ပါဝင်ရန် ရွေးချယ်ခံရသူများနှင့် ဆုံးပါးသွားသူများရှိနေခြင်းအတွက် လွှတ်တော်တွင် လစ်လပ်နေရာပေါင်း ၂၀ ကျော် ရှိနေသည်။

စစ်တပ်က ဦးဆောင်ရေးဆွဲခဲ့သည့် ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ပါဝင်သော ပုဒ်မ ၄၃၆ သည် ဖွဲ့စည်းပုံအခြေခံဥပေဒတစ်ရပ်လုံး ပြုပြင်ပြောင်းလဲရေးအတွက် အသက်သွေးကြောဖြစ်နေသော်လည်း ယင်းပုဒ်မ၏ဆိုလိုချက်ကို တိတိကျကျ ရေးသားထားခြင်းမရှိသည့်အတွက် လွှတ်တော်တွင်း ဖွဲ့စည်းပုံပြင်ဆင်ရာတွင် ၀ိဝါဒကွဲလွဲစရာများ ဖြစ်နိုင်ကြောင်း ကျွမ်းကျင်သူများက ထောက်ပြလာသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ရန် လွှတ်တော်ကိုယ်စားလှယ်အားလုံး၏ ၇၅ ရာခိုင်နှုန်းကျော်က ထောက်ခံရန်လိုအပ်သည်ဟု ဥပဒေက ဆိုထားခြင်းကြောင့် အခြေခံဥပဒေ ပြင်ဆင်ရန် သတ္တိရှိသော တပ်မတော်သားတစ်ဦး အနည်းဆုံးလိုအပ်ကြောင်း ဒီချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က မကြာခဏပြောကြားသည်။

‘‘ဒီ ၇၅ ရာခိုင်နှုန်းဆိုတာ လွှတ်တော်ထဲမှာ ရှိရမယ်လို့ သတ်မှတ်ထားတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ ရာခိုင်နှုန်းကို ဆိုလိုတာလား ဒါမှမဟုတ် လက်ရှိအစည်းအဝေးကို တက်ရောက်နေတဲ့ ကိုယ်စားလှယ်တွေရဲ့ ရာခိုင်နှုန်းကိုဆိုလိုတာလားဆိုတာ ရှင်းရှင်းရေးထားဖို့လိုတယ်’’ဟု ဒီချုပ်ပါတီမှ ဥပဒေပညာရှင် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကြည်ညွန့်ကပြောသည်။

မူလကပင် ပြင်ဆင်၍မရအောင် ရေးဆွဲထားသည့်ကြားမှ အခြေခံဥပဒေပြင်ဆင်ရေးအတွက် ပြဋ္ဌာန်းပေးထားသည့် ပုဒ်မ၏ အဓိပ္ပာယ်ကိုပင် ရှင်းလင်းအောင် ပြဋ္ဌာန်းထားခြင်းမရှိခြင်းကလည်း မလိုလားအပ်သည့် အငြင်းပွားမှုများကို ဖြစ်လာနိုင်သည်ဟု ဖွဲ့စည်းပုံအခြေခံဥပေဒ ပြင်ဆင်နိုင်ရေး အကောင်အထည်ဖော်မှု ကော်မတီဝင် လွှတ်တော်ကိုယ်စားလှယ်အချို့က သုံးသပ်သည်။

ဥပဒေတစ်ခုကို ပြဋ္ဌာန်းမည်ဆိုပါက တိတိကျကျ ပြဋ္ဌာန်းပေးရန်လိုအပ်ပြီး တိကျမှုမရှိသည့်အတွက် လွှတ်တော်ကိုယ်စားလှယ်များကြား၌ပင် ပုဒ်မ ၄၃၆ တွင်ပါဝင်သော ကိုယ်စားလှယ်အားလုံး၏ ၇၅ ရာခိုင်နှုန်းကျော်က ထောက်ခံရမည်ဟု ဖော်ပြထားမှုအပေါ် အဓိပ္ပာယ်ကောက်ယူမှုလွဲနိုင်သည်ဟု ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ဒွဲဘူက ပြောသည်။

‘‘ကျွန်မကတော့ လက်ရှိ လွှတ်တော်အစည်းအဝေးမှာရှိတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ ၇၅ ရာခိုင်နှုန်းကျော်လို့ပဲ ယူဆတယ်။ ဒါပေမဲ့ တိကျတဲ့ပြဋ္ဌာန်းချက်မရှိတော့ အခြားသူတွေက တစ်မျိုးမြင်နိုင်တယ်’’ဟု ဖွဲ့စည်းပုံအခြေခံဥပဒေကို ရေးဆွဲခဲ့သည့် အမျိုးသားညီလာခံတွင် ပါဝင်ခဲ့သူတစ်ဦးလည်းဖြစ်သူ ဒေါ်ဒွဲဘူကဆိုသည်။

ပုဒ်မ ၄၃၆ ၏ အဓိပ္ပာယ်ဖွင့်ဆိုချက်အရ ပြည်ထောင်စုလွှတ်တော်တွင် စာရင်းအရရှိရမည့် လွှတ်တော်ကိုယ်စားလှယ်ဦးရေ ၆၆၄ ဦးအပေါ်မူတည်ကာ ရာခိုင်နှုန်းတွက်ချက်ခြင်း၊ ပြည်ထောင်စုလွှတ်တော်အစည်းအဝေးကို တက်ရောက်ခွင့်ရှိသူ ကိုယ်စားလှယ်ဦးရေ ၆၄၀ ကျော်ကို မူတည်ကာ ရာခိုင်နှုန်းတွက်ချက်ခြင်းနှင့် မဲဆန္ဒပေးသည့်နေ့တွင်မှ တက်ရောက်သည့် လွှတ်တော်ကိုယ်စားလှယ်များ၏ ရာခိုင်နှုန်းအပေါ် တွက်ချက်ခြင်းဆိုသော ယူဆချက်များ ပေါ်လာသည်ဟု လွှတ်တော်ကိုယ်စားလှယ်အချို့က သုံးသပ်သည်။

‘‘အငြင်းပွားစရာဖြစ်လာနိုင်တဲ့ သဘောဖြစ်လာနိုင်တာပေါ့။ နောက်ဆုံးအငြင်းပွားစရာ တကယ်ဖြစ်လာရင်တော့ ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးရဲ့ အဆုံးအဖြတ်ကို ယူရမယ့်အထိ ဖြစ်လာတာပေါ့’’ဟု အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကြည်ညွန့်ကဆိုသည်။

‘‘ဖတ်လိုက်ရင်ရှင်းပါတယ်။ ပြည်ထောင်စုလွှတ်တော်ရဲ့ ၇၅ ရာခိုင်နှုန်းကျော်လို့ ရေးထားတာပဲ။ တက်ရောက်တဲ့သူရဲ့ ၇၅ ရာခိုင်နှုန်းကျော်လို့ ရေးတားတာမှမဟုတ်တာ တကယ်ရှင်းပါတယ်’’ဟု ပြည်ထောင်စုလွှတ်တော်ရှိ ကိုယ်စားလှယ်များ၏ ၆၆၄ ဦးပေါ်တွင်သာ ဆိုလိုခြင်းဖြစ်ကြောင်း တရားလွှတ်တော်ရှေ့နေ ဦးကိုနီကပြောသည်။

ဦးကိုနီ၏ပြောကြားချက်အရဆိုပါက ကြားဖြတ်ရွေးကောက်ပွဲကျင်းပခြင်း၊ မကျင်းပခြင်းသည် အခြေခံဥပဒေပြင်ဆင်ရေးနှင့် မဆိုင်ဟု ယူဆ၍ရသော်လည်း အချို့သော နိုင်ငံရေးလေ့လာသူများက အခြေခံဥပဒေပြင်ဆင်ရေးတွင် တရားမျှတမှုရှိလိုပါက ကြားဖြတ်ရွေးကောက်ပွဲ မဖြစ်မနေကျင်းပရန်လိုသည်ဟု မှတ်ချက်ပြုကြသည်။

ရွေးကောက်ပွဲကော်မရှင်က ယခင်က ကြားဖြတ်ရွေးကောက်ပွဲမကျင်းပဟု ဆိုခဲ့သော်လည်း လွှတ်တော်အစည်းအဝေးတွင် ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပမည်၊ မကျင်းပမည်နှင့် ပတ်သက်၍ မကြာမီ ပြန်လည်ဖြေကြားသွားမည်ဟု ဆိုသည်။

ထို့ကြောင့်လည်း ယခုနှစ်ကုန် စက်တင်ဘာလ၀န်းကျင်တွင် ကြားဖြတ်ရွေးကောက်ပွဲကျင်းပနိုင်မည်ဟု ပြောကြားနေကြခြင်းဖြစ်သည်။

‘‘သူတို့က မရှင်းလေ ကောင်းလေပဲထင်ပုံရတယ်’’ဟု ဖွဲ့စည်းပုံအခြေခံဥပဒေကို ၁၄ နှစ်ကြာ စစ်တပ်မှ အချိန်ယူရေးဆွဲခဲ့ခြင်းနှင့်ပတ်သက်ပြီး နိုင်ငံရေးဆောင်းပါးများ ရေးသားသူတစ်ဦးဖြစ်သည့် ဒေါက်တာရန်မျိုးသိမ်းကပြောသည်။

ယခုနှစ်အတွင်း ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပပေးမည်ဆိုပါက ပြည်သူ့လွှတ်တော်အတွက် ပန်းဘဲတန်း၊ လသာ၊ တောင်ဒဂုံ၊ ဖားကန့် အစရှိသည့် မဲဆန္ဒနယ်များနှင့် အမျိုးသားလွှတ်တော်အတွက် ဧရာဝတီတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး အစရှိသည့်မဲဆန္ဒနယ်တို့သည် လစ်လပ်လျက်ရှိသော မဲဆန္ဒနယ်များဖြစ်ကြသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေ ပြဋ္ဌာန်းချက်အရ ပြည်သူ့လွှတ်တော်တွင် ရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ် ၃၃၀ ဦးနှင့် တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် ၁၁၀ ဦး၊ အမျိုးသားလွှတ်တော်တွင် ရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ် ၁၆၈ ဦးနှင့် တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် ၅၆ ဦးတို့ ရှိရမည်ဟုပါရှိသောကြောင့် ပြည်ထောင်စုလွှတ်တော်တွင် လွှတ်တော်ကိုယ်စားလှယ်ဦးရေ ၆၆၄ ဦးရှိသည်။

ရေးသားသူ- ရန်မျိုးနိုင်၊ မင်းဟိန်းကျော်
7Day News Journal