မောင်တောအစီရင်ခံစာထုတ်ပြန်၊ ပျောက်ဆုံးရဲတပ်ကြပ်ကြီး အသက်ရှင်နိုင်ခြေ နည်းပါး

ပို့စ်တင်ချိန် - 3/12/2014 08:46:00 AM


ရခိုင်ပြည်နယ် မောင်တောမြို့ ဒူချီရာတန်းမှာ ရဲတပ်ကြပ်ကြီး ပျောက်ဆုံးခဲ့မှုနဲ့ပတ်သက်ပြီး သမ္မတကို အစီရင်ခံစာတင်ခဲ့တဲ့ စုံစမ်းရေးကော်မရှင်က ရဲတပ်ကြပ်ကြီး အသက်ရှင်နိုင်ခြေ နည်းပါးနေပြီး မီးလောင်မှုဟာ ရဲတပ်ဖွဲ့ဝင်တွေမဟုတ်ဘဲ နိုင်ငံရေးရည်ရွယ်ချက်နဲ့ တစ်ဖွဲ့ဖွဲ့ကလုပ်တာလို့ ပြောလိုက်ပါပြီ။

ဒူချီရာတန်းရွာသားတွေအများစု ပျောက်ဆုံးနေတာဟာ လုံခြုံရေးတပ်ဖွဲ့ဝင်တွေ အင်အားနဲ့ဝင်ရောက်တဲ့အချိန် ထွက်ပြေးပုန်းရှောင်ခဲ့တာဖြစ်ပြီး သေဆုံးတယ်ဆိုတဲ့စွပ်စွဲမှုနဲ့ပတ်သက်ပြီး ခိုင်လုံတဲ့ အထောက်အထား တစ်ခုမှ မတွေ့ခဲ့ဘူးလို့ စုံစမ်းရေးကော်မရှင်ခေါင်းဆောင် ဒေါက်တာ သာလှရွှေက ဆိုပါတယ်။

သမ္မတကိုတင်သွင်းခဲ့တဲ့ အစီရင်ခံစာထဲမှာ ၁၉၈၂ နိုင်ငံသားဥပဒေအတိုင်း နိုင်ငံသားဖြစ်ခွင့်ရှိတဲ့စစ်ဆေးတဲ့ ဖြစ်စဉ်ကို အကောင်အထည်ဖော်ပေးဖို့၊ မွတ်ဆလင်အများစုနေထိုင်တဲ့ ကျေးရွာတွေမှာ နယ်မြေရဲတပ်ဖွဲ့ဝင်တွေကို အစ္စလာမ်ဘာသာဆိုင်ရာ အချက်အလက်တွေကို နားလည်သဘောပေါက်အောင် သင်ပေးဖို့၊ သတင်းမှားတွေမဖြစ်အောင် အချိန်မီ တုံ့ပြန်ဖို့နဲ့ ရခိုင်နဲ့မွတ်ဆလင်တွေ ရောနှောနေတဲ့ဒေသကို မြို့နယ်ကနေ တိုက်ရိုက်အုပ်ချုပ်ဖို့ အကြံပြုထားပါတယ်။

ရခိုင်ပြည်နယ်က မွတ်ဆလင်တွေ နိုင်ငံသားမဖြစ်သင့်ဘူးလို့ အားလုံးက မြင်နေကြတယ်ဆိုတာ မှားတဲ့အကြောင်း၊ မွတ်ဆလင်တွေ နိုင်ငံသားဖြစ်လာရင် ပြဿနာတွေ ပိုပြီးလျော့ကျသွားမယ်လို့ ဒေါက်တာကျော်ရင်လှိုင်က ဆိုပါတယ်။

မောင်တောမှာ ဖြစ်ပျက်ခဲ့တာနဲ့ပတ်သက်ပြီး နိုင်ငံတကာက သံသယရှိနေကြပေမယ့် အခု အစီရင်ခံစာဟာ သမာသမတ်ကျတယ်လို့ ဒေါက်တာသာလှရွှေက ဆိုပါတယ်။ စုံစမ်းစစ်ဆေးရေးကော်မရှင်ဟာ အစိုးရက သတ်မှတ်ပေးတဲ့ လုပ်ပိုင်ခွင့်ဘောင်အတွင်းက အကောင်းဆုံး လုပ်ခဲ့တာကြောင့် သံသယတွေ ပယ်ဖျက်နိုင်မယ့်ကိစ္စ အစိုးရကိုသာ မေးပါလို့ ဒေါက်တာကျော်ရင်လှိုင်က တုံ့ပြန်ခဲ့ပါတယ်။
kamaryut media