သန်းခေါင်စာရင်း ကောက်ရာတွင် ရိုဟင်ဂျာဟု ထည့်ခွင့်ပြုလျှင် ရခိုင်တိုင်းရင်းသားများ သပိတ်မှောက်မည်

ပို့စ်တင်ချိန် - 3/10/2014 06:10:00 PM




ရန်ကုန်၊ မတ် ၉

မြန်မာနိုင်ငံတွင် နှစ်ပေါင်း ၃၀ အတွင်း ပထမဆုံးအကြိမ်အဖြစ် သန်းခေါင်စာရင်း ကောက်ရာတွင် ဘင်္ဂါလီဟု မကောက်ဘဲ ရိုဟင်ဂျာဟု ထည့်သွင်း ကောက်ယူပါက ရခိုင်တိုင်းရင်းသားများ သန်းခေါင်စာရင်း အကောက်မခံဘဲ သပိတ်မှောက်မည် ဖြစ်ကြောင်း စစ်တွေမြို့ရှိ ရခိုင် လူမှုကွန်ရက်မှ နာယက တစ်ဦးဖြစ်သူ ဦးသန်းထွန်းက ပြောကြားသည်။

စစ်တွေမြို့ရှိ စစ်ကဲတော်မင်း ကျောင်းတိုက်တွင် မတ်လ ၈ ရက်နေ့က ထေရ်ကြီးဝါကြီး ဆရာတော်ကြီးများ၊ စည်းကမ်း ထိန်းသိမ်းရေး ရဟန်းတော်များအဖွဲ့၊ မြို့မိမြို့ဖများ၊ လူမှု အဖွဲ့အစည်းများ ပြုလုပ်သည့် အစည်းအဝေးတွင် ယင်းသို့ ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။

နိုင်ငံတော်က အသိအမှတ် မပြုသည့် ရိုဟင်ဂျာ အမည်ကို အသုံးပြုကာ သန်းခေါင်စာရင်း ထည့်သွင်း ကောက်ယူမည့် အစီအစဉ်ကို ရခိုင်ပြည်နယ် တစ်ခုလုံးတွင် ဆန္ဒပြ ကန့်ကွက်မည် ဖြစ်ပြီး စစ်တွေမြို့တွင် မတ်လ ၁၆ ရက်နေ့တွင် လူအင်အား ၃၀၀၀ ကျော်ဖြင့် ဆန္ဒပြရန် စီစဉ်နေကြောင်း ဦးသန်းထွန်းက ဆိုသည်။

ဆန္ဒပြရာတွင် ၁၉၈၂ ခုနှစ် နိုင်ငံသား ဥပဒေအတိုင်း ချက်ချင်း အကောင်အထည် ဖော်ရန်၊ သန်းခေါင်စာရင်းတွင် ရိုဟင်ဂျာဟု ထည့်ကောက်ပါက ရခိုင်တိုင်းရင်းသားများ သန်းခေါင်စာရင်း အကောက်မခံဘဲ သပိတ်မှောက်မည့် အချက်အပါအဝင် အချက် ခုနစ်ချက်ကို တောင်းဆို ဆန္ဒပြမည် ဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။

သန်းခေါင်စာရင်းတွင် ရိုဟင်ဂျာဟု ထည့်သွင်း ကောက်ယူခဲ့ပါက မြန်မာနိုင်ငံတွင် ရိုဟင်ဂျာ ရှိသည်ဟု အထောက်အထား ပြစရာ ရရှိသွားမည် ဖြစ်ပြီး ရှုပ်ထွေးမှုများ ဖြစ်လာနိုင်ကြောင်း ရခိုင် တိုင်းရင်းသားများက ပြောကြားကြသည်။

ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ (RNDP) ကလည်း ဘင်္ဂါလီများကို သန်းခေါင်စာရင်း ကောက်ရာတွင် ရိုဟင်ဂျာ ဆိုသည့်အမည်ကို အသုံးမပြုဘဲ ဘင်္ဂါလီဟုသာ ကောက်ရန်၊ သန်းခေါင်စာရင်း ကောက်ယူမည့် နည်းစနစ်များကို ပြင်ဆင်ပေးရန်၊ နိုင်ငံသား ဟုတ်မဟုတ် စစ်ဆေးခြင်း မရှိဘဲ ဘင်္ဂါလီ ၁၃၀၂ ဦးကို သန်းခေါင်စာရင်း ကောက်ရန် တာဝန်ပေးထားသဖြင့် ရရှိသည့် လူဦးရေ စာရင်းကို လုံးဝအသိအမှတ် ပြုမည်မဟုတ် စသည့်အချက်များ ပါဝင်သည့် သဘောထား ထုတ်ပြန်ချက် တစ်စောင်ကို မတ်လ ၄ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။

သန်းခေါင်စာရင်းတွင် နိုင်ငံတကာ စံချိန်စံညွှန်းများ၊ လူ့အခွင့်အရေးများအပေါ် အခြေခံကာ လူဦးရေနှင့် စုဖွဲ့မှုများကို ကောက်ယူမည် ဖြစ်သော်လည်း နိုင်ငံတော်၏ လုံခြုံရေးနှင့် အမျိုးသား အကျိုးစီးပွားကို ထိခိုက်ခံမည် မဟုတ်ကြောင်း၊ ရိုဟင်ဂျာဟု သန်းခေါင်စာရင်းတွင် ထည့်သွင်းရုံဖြင့် နိုင်ငံသား ဖြစ်ခွင့်ရမည် မဟုတ်ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက ပြောဆိုထားသည်။

The Voice Weekly