ရေမျောအရာဝတ္ထုငယ်များ အိန္ဒိယသမုဒ္ဒရာတောင်ပိုင်း၌တွေ့ရှိ လေယာဉ်ပျောက်ရှာဖွေရေးအတွက် မျှော်လင့်ချက်ပေါ်ထွက်

ပို့စ်တင်ချိန် - 3/24/2014 11:19:00 PM


ပါ့သ်၊မတ်-၂၃

အိန္ဒိယသမုဒ္ဒရာတောင်ပိုင်း လေယာဉ်ပျောက်ရှာဖွေရေးဇုန်အတွင်း
သစ်သားပြားတစ်ပြားအပါအ၀င် အမျိုးအမည်မသိ အပျက်အစီးများ
အား ရှာဖွေရေးလေယာဉ်တစ်စင်းက တွေ့ရှိထားရာပျောက်ဆုံးနေ
သည့် မလေးရှားလေကြောင်းလိုင်းခရီးစဉ်အမှတ် အမ်အိတ်ခ်ျ ၃၇၀ ရှာဖွေရေးလုပ်ငန်းအတွက် မျှော်လင့်ချက်များ ပေါ်ထွက်လာကြောင်း
သြစတြေးလျဝန်ကြီးချုပ် တိုနီအက်ဘော့ကမတ်၂၃ရက်တွင် ပြောကြား
သည်။

သြစတြေးလျနိုင်ငံ ပါ့သ်မြို့အနောက်တောင်ဘက် မိုင် ၁၅၀၀ ခန့်
အကွာ အိန္ဒိယသမုဒ္ဒရာရေပြင်အတွင်းပေါလောမျောနေသော အရာဝတ္ထုတစ်ခုကို တရုတ်ဂြိုဟ်တုဓာတ်ပုံများအရထောက်လှမ်းတွေ့
ရှိခဲ့ သည့် မတ် ၂၂ ရက်မှာပင် ရေမျောအပျက်အစီးများအားတွေ့ရှိခဲ့ရ
ခြင်းဖြစ်ကြောင်း သိရသည်။

လက်ရှိရထားသော အထောက်အထားနှင့်သဲလွန်စအသစ်များကြောင့်
မလေးရှားလေကြောင်းလိုင်း ခရီးသည်တင်ဘိုးရင်းလေယာဉ်ပျောက်ဆုံး
မှုအကြောင်းရင်းကို ဖော်ထုတ်နိုင်ရေးအတွက် လမ်းစပေါ်လာနိုင်ကြောင်း
သြစတြေးလျဝန်ကြီးချုပ်က ပြောကြားခဲ့သည်။

လေယာဉ်ရှာဖွေရေးဇုန်အတွင်းမျောနေသော အရာဝတ္ထုများကို ရှာဖွေ
ရေးလုပ်ငန်းစဉ်၌ပါဝင်သည့် အရပ်ဘက်ရှာဖွေရေးလေယာဉ်တစ်စင်းမှ ရှာဖွေရေးသမားများက မြင်တွေ့ခဲ့ခြင်းဖြစ်ကြောင်းသြစတြေးလျ ရေကြောင်းလုံခြုံရေးအာဏာပိုင်အဖွဲ့က ကြေညာချက်ထုတ်ပြန်ထားသည်။

သို့ရာတွင် ခေတ်မီရှာဖွေရေး ကိရိယာများတပ်ဆင်ထားသော သြစတြေးလျ
လေတပ်ထောက်လှမ်းရေး လေယာဉ်တစ်စင်းကို ရေမျောအရာဝတ္ထုများ
တွေ့မြင်ထားရာ ရေပြင်ဒေသသို့ စေလွှတ်ခဲ့ရာ ပင်လယ်ရေမှော်ပင်များ သာတွေ့ရသေးကြောင်း သတင်းပြန်လည်ပေးပို့ထားသည်။

စံတော်ချိန် သတင်းစာ